မာန်အောင်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ၊ ထိခိုက်ပျက်စီး စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

မာန်အောင်  မေ  ၂၁

မာန်အောင်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ၊ ထိခိုက်ပျက်စီး စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည်   ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည်များအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးနှင့်အဖွဲ့ဝင်များ၊  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များတက်ရောက်ကြပြီး  မုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကျောင်းဖွင့်အမီ အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည်   တာဝန်ရှိသူများ လိုက်ပါလျက်မာန်အောင်မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခအုန်းမော် အခြေခံပညာ အလယ်တန်းကျောင်း၊ ကင်းတဲ အခြေခံပညာမူလတန်းကျောင်း၊ အထက်ပြင် အခြေခံပညာမူလတန်းကျောင်း၊ မီးလောင်ထောင့် အခြေခံ ပညာမူလတန်းကျောင်း၊ ငတက်ပြင် အခြေခံပညာမူလတန်းကျောင်း၊ မူလွန်ဇိုင်ပင်ကျောင်းတို့သို့ သွားရောက်၍ ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းဖွင့်အမီ ကျောင်းများကို အမြန်ဆုံးပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်အဖွဲ့သည် ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒအား သွားရောက်ဖူးမြော်ပြီး ဆန်နှင့်ဆီလှူဒါန်းခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်းစုစုပေါင်း ၄၃ ကျောင်းရှိ ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)