ပန်းကလေးများ အချိန်မီဖူးပွင့်ကြပါစေ
(ကျောင်းအပ်နှံရေးသီတင်းပတ် ဂုဏ်ပြုဆောင်းပါး)
ကျွန်တော်တို့ အခြေခံပညာကျောင်းများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ စွမ်းရည်မြှင့် သင်တန်းများကို နွေရာသီတွင် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းစနစ်သစ် Grade-9 နှင့် အခြေခံပညာအထက်တန်း စနစ်သစ် Grade-12 တို့ကို တိုးချဲ့ဖွင့်လှစ် သင်ကြားနိုင်တော့မည်ဖြစ်၍ အခြေခံပညာရေး အဆင့် Grade-12 ကို အပြည့်အဝစတင်လည်ပတ်နိုင်တော့မည်ဖြစ်သည်။ အဆင့်ဆင့်သော အခြေခံပညာ ကျောင်းများတွင်လည်း
လိုအပ်သော အဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ပြင် နှစ်စဉ်လိုအပ်မည့် ကျောင်းသုံး စာရေးခုံထိုင်ခုံများ၊ စာအုပ်စာတမ်းများ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေ (School Improvement Funds)များ၊ ကျောင်းကျန်းမာရေး အစီအစဉ်များ ဆောင်ရွက်ထားပြီဖြစ်သည်။
စနစ်သစ်အခြေခံ ပညာရေးကို ဆရာဗဟိုပြု သင်ကြားနည်း(Teacher Centred Approach))ဖြင့် လုံးဝမသင်ကြားတော့ဘဲ ကလေးများ ကိုယ်တိုင် အပြန်အလှန် ဆွေးနွေးသင်ယူနိုင်မည့် ကလေးဗဟိုပြု သင်ကြားနည်း (Child Centred Approach) ဖြင့် သင်ကြားမည်ဖြစ်သည်။သင်ခန်းစာများကို အတွေးအခေါ်ပိုင်း၊ အတတ်ပညာပိုင်း ဦးစားပေးစနစ်ဖြင့် ဆွေးနွေးသင်ကြား စစ်ဆေးသွားမည်ဖြစ်သည်။ အနာဂတ်လူငယ်များ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးနှင့် အလုပ်ခွင်အတွက် ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) နှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) လိုအပ်ပါသည်။သင်ယူမှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို C-၅ လုံး (5 C's) ဟု သတ်မှတ်ထားပါသည်။ ယင်း C-၅လုံးမှာ ပူးပေါင်းဆောင်ရွက်ခြင်း/အုပ်စုဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း (Collaboration/ Group Work)၊ ဆက်သွယ်ပြောဆိုခြင်း (Communication)၊ လေးနက်စွာဆန်းစစ် ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း(Critical Thinking and Problem Solving))၊ တီထွင်ဖန်တီးခြင်း (Creativity and Inovation)၊ နိုင်ငံသားကောင်း စိတ်ဓာတ်ရှိခြင်း (Citizenship) တို့ဖြစ်သည်။ ထို C-၅ လုံး ကျွမ်းကျင်မှုများ ရရှိအောင် သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များကို အုပ်စုဖြင့် လုပ်ငန်းပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်တတ်ပြီး အတွေးအခေါ်များ မျှဝေခြင်းနှင့် အဖြေရအောင် အတူရှာဖွေတတ်သည့် ကျွမ်းကျင်မှုများ၊ အချင်းချင်းနှုတ်အားဖြင့် ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်း၊ နားထောင်ခြင်း စသည့်ကျွမ်းကျင်မှုများ၊ ပြဿနာများ၏ အဖြေများကို ရှာဖွေနိုင်ခြင်းနှင့် အမှားပြင်ဆင်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ အတွေးအခေါ် အယူအဆသစ်များ ရှာဖွေခြင်းနှင့် ပြဿနာများကို ဖြေရှင်းတတ်ရန် ဘောင်ခတ်ထားသည့် အခြေအနေမှ ပြင်ပသို့ ထွက်၍ တွေးခေါ်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ ကျောင်းလူမှု အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်း၊ တရားမျှတခြင်းနှင့် ပဋိပက္ခဖြေရှင်းမည့် စိတ်ဓာတ်ရှိခြင်း ကျွမ်းကျင်မှုများ ရရှိမည်ဖြစ်သည်။
အခြေခံပညာကျောင်းများ အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနက စီမံဆောင်ရွက်မှုများ အဆင်သင့်ပြုလုပ်ထားပြီဖြစ်သည်။ ထိုသို့ စီမံဆောင်ရွက်မှုများတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးစီမံချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မေလ ၂၃ ရက်မှ မေလ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ဆောင် ရွက်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရည် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် များစွာမူတည်သည်။ ပညာမြင့်မှ လူမျိုးတင့်မည်မှာ အမှန်ပင်ဖြစ်သည်။ထို့ကြောင့် ပညာမြင့်ရန် ပညာရေး၏ နိဒါန်းအစဖြစ်သော အခြေခံပညာရေးမှစ၍ စနစ်တကျ မြှင့်တင်ဆောင်ရွက်နေပါသည်။ကျွန်ုပ်တို့နိုင်ငံ၏ မျိုးဆက်တစ်ခုလုံး ပညာရည်မြင့်မားမှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံလူ့ဘောင်ကို ဖော်ဆောင်နိုင်ပေမည်။တစ်မျိုးသားလုံး ပညာရည်မြင့်မားအောင် ဆောင်ရွက်ရာ၌ အခြေခံပညာရေးသည် ပဓာနကျသည်။ အခြေခံပညာရေးသည် ပညာရေး အဆောက်အအုံကြီး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အခြေခံပညာရေး အုတ်မြစ် ခိုင်မာတောင့်တင်းမှသာ တစ်သက်တာပညာရေး အဆောက်အအုံကြီး တိုးတက်ကောင်းမွန်နိုင်ပေသည်။ အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ အခြေခံပညာရေး ပြည့်ဝကောင်းမွန်အောင် နိုင်ငံတော်အစိုးရ၊ ပညာရေး ဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာရေးကို တိုးတက်အောင်မြင်အောင် ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပေမည်။
တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ ဆိုသကဲ့သို့ အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ကြမည်ဆိုလျှင် အခြေခံပညာကဏ္ဍ ပညာရေးရည်မှန်းချက်များ အောင်မြင် တိုးတက်လာမည်ဖြစ်သည်။
ပညာနှင့်ပတ်သက်၍ မြန်မာအဘိဓာန်၌ ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်၊ အတတ်ဟူ၍ ပညာကိုဖွင့်ဆိုထားပါသည်။စာသည် ပညာမဟုတ်သော်လည်း စာတတ်မှသာ ပညာရပ်များကို လေ့လာသင်ယူနိုင်သည်။ အသိပညာ၊ အတတ်ပညာများကို လိုသလို လေ့လာနိုင်သည်။ ထိုသို့လေ့လာသင်ယူနိုင်မှ အသိပညာ၊ အတတ်ပညာများ မြင့်မားတိုးတက် လာမည်။ အသိပညာ မြင့်မားသည်နှင့် အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည်။ မှန်ကန်သော အတွေးအခေါ်နှင့် မှန်ကန်သော လုပ်ရပ်ကို လုပ်ကိုင်နိုင်သည်။ ထို့ကြောင့် အခြေခံပညာရေးတွင် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်များ(စာပေများ)သည် ကျောင်းသား၊ ကျောင်းသူတိုင်း မဖြစ်မနေ သင်ယူရမည့် ဘဝလိုအပ်ချက်များဖြစ်သည်။ပညာတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များသည် ပညာမတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များနှင့် မတူနိုင်ပေ။ ပညာတတ်သူသည် အကြောင်းကိစ္စတစ်ခုကို တွေ့ကြုံရင်ဆိုင်ရသည့်အခါ အခြေအမြစ်ကျကျ လေ့လာ၍ စဉ်းစားတွေးခေါ်သည်။ ၎င်းမှ ရရှိသည့် အချက်အလက် အတွေးအခေါ်များအပေါ် မူတည်၍ အမှန်အမှားခွဲခြမ်း စိတ်ဖြာသည်။ အမှန်အမှားခွဲခြားပြီးနောက် အမှားကိုပယ်ပြီး အမှန်လမ်းစဉ်အတိုင်း လျှောက်လှမ်း၍ မှန်သောအလုပ်များကို လုပ်ကိုင်သည်။ ထို့ကြောင့် ထိုသူ၏ ဘဝသည် တိုးတက်မြင့်မားလာသည်။ ပညာမတတ်သူသည် အကြောင်းကိစ္စမှန်သမျှကို ဂဃနဏ မစဉ်းစားမတွေးခေါ်နိုင်။ ထိုသို့ မတွေးခေါ်နိုင်သဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် အရာရာကို စဉ်းစားတွေးတောဆင်ခြင်မှု မလုပ်တော့ဘဲ ဆင်ကန်းတောတိုး ပြုမူလုပ်ကိုင်သည်။ ဟုတ်လေနိုးနိုး မှန်လေနိုးဖြင့် မှန်းဆရမ်းရော် လုပ်ကိုင်၍ အလွဲလွဲအမှားမှား တို့ဖြစ်ကာ အောင်မြင်တိုးတက်သော ဘဝကို မရချေ။
မိဘတို့သည် သားသမီးတို့ကို မွေးဖွားပေးရုံ၊ ကျွေးမွေးစောင့်ရှောက်ပေးရုံနှင့် တာဝန်မကျေပါ။ မိမိ၏ သားသမီးကို လိမ္မာယဉ်ကျေးအောင်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံအောင် လမ်းညွှန်သင်ကြား ပေးနိုင်ရမည်။ တစ်နည်းအားဖြင့် အသိပညာ၊ အတတ်ပညာ အရည်အသွေးမြင့်မားပြီး အောင်မြင်သောဘဝကို တည်ဆောက်နိုင်သူဖြစ်အောင် သင်ယူလေ့ကျင့်စေရမည်။
ထိုသို့ သင်ယူလေ့ကျင့်နိုင်ရန် အခြေခံကျသော ပညာရေးသည် အလွန်အရေးပါသည်။ ပညာမတတ်လျှင် အတွေးအခေါ်၊ အလုပ်အကိုင် စနစ်ကျ မှန်ကန်မှုမရှိနိုင်။
ထို့ကြောင့် ပညာရယူနိုင်မှု၏ နည်းလမ်းအခြေခံဟု ဆိုနိုင်သော အခြေခံပညာရေးကို သင်ယူတတ်မြောက်နိုင်အောင် မိမိ၏ သားသမီးကို အချိန်မီကျောင်းပို့နိုင်ရေးသည် မိဘတိုင်း လုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ အခြေခံပညာ ကျောင်းများသို့ အပ်နှံသင်ကြားနိုင်ရေး အတွက် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်အစိုးရက များစွာကူညီ ထောက်ပံ့ပေးလျက် ရှိသည်။ အခြေခံပညာ ကဏ္ဍ၏ ပညာရေးအဆောက်အအုံလိုအပ်ချက်များ၊ စာအုပ်စာတမ်းနှင့် စာရေးကိရိယာများ၊ ကျောင်းအလိုက် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ပထမအကြိမ်၊ ဒုတိယအကြိမ် ဟူ၍ ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ် ခွဲခြားသတ်မှတ်ပေးအပ် ထောက်ပံ့လျက်ရှိရာ ဆင်းရဲချမ်းသာ လူတန်းစားမရွေး အခြေခံပညာကို သင်ယူနိုင်ပေသည်။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအားလုံး အခမဲ့ပညာရေး စနစ်ဖြင့် သင်ကြားပေးနိုင်ရန် စီမံထားခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူတိုင်း မပူမပင် မကြောင့်မကြ တက်ရောက်သင်ယူနိုင်ပါသည်။ ထို့ကြောင့် အုပ်ထိန်းသူမိဘတို့၏တာဝန်မှာ မိမိ၏သားသမီးကို အချိန်မီ ကျောင်းအပ်နှံ၍ ပညာသင်ကြားစေရန်သာ ရှိပေသည်။
မကြာမီကာလတွင် ဝသန်ကာလ မိုးဦးကျအချိန်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။မုတ်သုံမိုးများလည်းအေးချမ်းအောင် ဆွတ်ဖျန်းရွာသွန်း တော့မည်ဖြစ်သည်။မိုးရေဆွတ်ဖျန်းမှုကြောင့် သစ်ပင်ပန်းမာလာတို့သည် ရွက်နုရွက်သစ်များ အစီအရီ ထွက်လာကြတော့မည်ဖြစ်သည်။ မကြာမီ အရောင်အသွေးစုံသော၊ ရနံ့သင်းသော ပန်းကလေးများအဖြစ် ဖူးပွင့်လာကြတော့မည် ဖြစ်သည်။ ထို့အတူအနာဂတ်၏ လောကအလှကို ဆင်ယင်ပေးမည့် ပန်းကလေးများဖြစ်သည့် ကျွန်ုပ်တို့၏ ရင်သွေးငယ်တို့သည်လည်း သြဇာနို့ရည်ဖြစ်သော ပညာရည်နို့များ သောက်စို့ခွင့်ရကာ အလှဆုံး ပန်းကလေးများအဖြစ် ရှင်သန်ဖူးပွင့်လာကြပေတော့မည်ဖြစ်ရာ အဖျက်အမှောင့် ပိုးမွှားများ ကင်းရှင်းစွာဖြင့် ရှင်သန်ဖူးပွင့်လာနိုင်စေရန် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် မိဘဆရာပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းအားဖြည့်ကူညီ၍ လှုပ်ရှားဆောင်ရွက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုက်ရပေသည်။ ။
ကိုးကား
၁။ ပညာရေးဌာန ညွှန်ကြားချက်များ။
၂။ စနစ်သစ်ပညာရေး လမ်းညွှန်များ။
၃။ ကျောင်းအပ်နှံရေး စီမံချက်များ။
ညွန့်ဝင်း(နတ်တလင်း)