ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်း ပေးအပ်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်း ပေးအပ်

နေပြည်တော်၊ မေ - ၂၂

            တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့တွင်လည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊  ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အမှာစကားများ ပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး နှင့် ၎င်းမိသားစုဝင် ၂ ဦးတို့က ၎င်းတို့နှင့်အတူပါရှိလာသော KA-22 ၁ လက်၊ ဘီအေ-၉၁ လက်ပစ်ဗုံး ၁ လုံး၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁ လုံးနှင့် ခဲယမ်းများကို အပ်နှံကြရာ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် ၁ ဦးနှင့် ၎င်းမိသားစုဝင် ၂ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

    PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း ပါရှိလာသူ များကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။