စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၂

    စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေး အဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၆၂၁ ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၅ ဦး၊ ခွဲစိတ်ရောဂါ ၈၁ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၈၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၁၄၈ ဦးနှင့် သွားရောဂါ ၅၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၈ ဦး၊ သွားနှုတ်/ဖာ/ဆေးထည့် လူနာ ၅၂ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ Ultrasound ရိုက်လူနာ ၈၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၄ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၉၁ ဦးတို့ကို ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်း များဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား အပူဒဏ် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်း များ ဆောင်ရွက်ပေးသည်။

    ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် လိုအပ်သူ ဒေသခံပြည်သူ ၅၃၄ ဦးတို့ကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီး Mask များ ပေးဝေခဲ့သည်။ ၎င်းအပြင် ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြရာ ဆေးကုသရန် လာရောက်သူ စေတနာရှင် ပြည်သူများက ဆေးကုသရေးအဖွဲ့များအား စားသောက်ဖွယ်ရာများ ပြန်လည် လှူဒါန်းကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက  လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။