တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) တို့မှ သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြို့သို့ ရောက်ရှိလေ့လာ

တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) တို့မှ သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြို့သို့ ရောက်ရှိလေ့လာ

 နေပြည်တော်၊ မေ - ၂၂   

     ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချုပ်သူနည်ပြများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ် သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိကြပြီး သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ ပြုပြင်ရေး ဆောင်ရွက်နေမှုများ၊ Shiplift System ဖြင့် ရေယာဉ်များလွန်းတင်/လွန်းချ စနစ်များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ တွင်ခုံ၊ ဖောက်ခုံ၊ ရေဘော်ခုံများသို့ လှည့်လည် ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

       ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ ရောက်ရှိကြပြီး သီရိမဟာဇေယျကျော်ထင် ခန်းမ၌ တာဝန်ရှိသူတစ်ဦးက ရေတပ်လေ့ကျင့်ရေးဌာနချုပ်၏ လေ့ကျင့်ရေး တာဝန်များကို ရှင်းလင်းပြောကြားပြီး သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တပ်မတော်(ရေ) သမိုင်းမှတ်တမ်းအား ပြသခဲ့သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများသည် ရေတပ် လေ့ကျင့်ရေး ဌာနချုပ်ရှိ ရေကြောင်းပြခန်း၊ တပ်မတော်(ရေ) ဗဟိုစာကြည့်တိုက်၊ စိတ်ဓာတ် မြှင့်တင်ရေးခန်းမ၊ နက္ခတ်တာရာပြခန်း၊ Department of Maritime Operation-DMO အဆောက်အဦရှိ Ship Handling Simulator(A) နှင့် Engine Room Simulator ၊ ဥတ္တရဆောင်ရှိ စာသင်ခန်းများ၊ RAS & Towing Training၊ Mechanical and Electrical Trainer ၊ Welding Simulator ၊ Damage Control Simulator-Zamani နှင့် သမိုင်းဝင် စစ်ရေယာဉ်(မေယု)ပေါ်သို့ သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများက လှည့်လည်ရှင်းလင်း ပြသကြသည်။

    ထို့နောက်နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အောင်ဇေယျ)နှင့် စစ်ရေယာဉ်(ကျန်စစ်သား) တို့ဖြင့် ရန်ကုန်မြစ်တွင်းမှ ပင်လယ်ဝသို့ ခရီးတိုလိုက်ပါ စီးနင်းခြင်း လေ့လာရေးခရီး သွား ရောက်ကြသည်။ အဆိုပါ လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်း သူများသည် စစ်ရေယာဉ်များရှိ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ရေကြောင်း သွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အခြားသိသင့် သိထိုက်သည်များကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

    အလားတူ တပ်မတော်(လေ)မှ အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချူပ်သူ နည်းပြများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာသို့ ဆက်လက် သွားရောက်လေ့လာသည်။

    ထိုသို့လေ့လာရေးခရီး လာရောက်ကြသော သင်တန်းသား၊ သင်တန်းသူများ အား နျူကလီးနည်းပညာ သတင်းအချက်အလက် စင်တာမှ တာဝန်ရှိသူများက ပြခန်း မဆောင်တွင် ပြသထားသော နျူကလီးယား နည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို အမျိုး အစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်း ပါဝင်ပစ္စည်းများနှင့် အလုပ်လုပ် ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာပြီး သဘာဝ ပတ်ဝန်းကျင်ရှိ အရာဝတ္တုပစ္စည်းများတွင် ပါရှိသည့် ဓာတ်ရောင်ခြည် ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံ အကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်း စနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်း ကျင်ရှိ အရာဝတ္တု ပစ္စည်းများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေး သည့်စက်၊ နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင် ပစ္စည်းများနှင့် အဆင့်ဆင့် တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့် ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် Wind turbine နမူနာပုံစံငယ် တို့အား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

    ထို့နောက် ဗွီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့် သီချင်း MTV၊ အဏုမြူစွမ်းအင် ဦးစီးဌာန၏ ဂုဏ်ပြုသီချင်း MTV၊ အသေးစား လျှပ်စစ်ဓာတ်အား ထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ တည်ဆောက်မှု အတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗွီဒီယိုပြ ကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံ အကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြား ထားသည့်ပြကွက်များ၊ နျူကလီးယား နည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင် ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ ကျကျ အသုံပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။