ပုပ္ပားတောင်ကလပ်သို့ ပြည်တွင်း ဘုရားဖူးများ ပြန်လည် တက်ရောက်ခွင့်ပြု

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင် ကလပ်သို့ ပြည်တွင်းဘုရားဖူးများ လာရောက်ခွင့်ကို ကျန်းမာရေးဌာန၏ သတ်မှတ်စည်းကမ်းများနှင့်အညီ ဇူလိုင် ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပုပ္ပားတောင်ကလပ်ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ COVID-19 ကူးစက်ရောဂါကြောင့် မတ် ၃၁ ရက်မှစတင်၍ ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာသူများသည် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ၇၂ နာရီအတွင်း ထုတ်ပေးသော  ကျန်းမာရေး ကောင်းကြောင်း ထောက်ခံချက်ပြနိုင်မှသာလျှင် တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သဖြင့် ဘုရားဖူးခရီးသည်တစ်ဦးမှ လာရောက်ခြင်း မရှိတော့ကြောင်း၊ ယခုအခါ ဘုရားဖူး လာရောက်သူများအား ယခုကာလ  သတ်မှတ်စည်းကမ်းများနှင့်အညီ ဝင်ခွင့်ပြုထားကြောင်း ပုပ္ပားတောင်ကလပ် ဘုရားဂေါပကအဖွဲ့မှ စာရင်းစစ်မှူး  ဦးကျော်ဝင်းဆွေ ကပြောသည်။ ''ပုပ္ပားတောင်ကလပ်ကို လာတဲ့ ဘုရားဖူးဧည့်သည်တွေ အတွက် ပြန်လည်ခွင့်ပြုလိုက်ပါပြီ။ လာရောက်ကြတဲ့ ဘုရားဖူးတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့အညီ သွားလာကြဖို့   စည်းကမ်း ထုတ်ထားပါတယ်။ လာရောက်တဲ့ဧည့်သည်တွေရဲ့ တစ်ဦးချင်းစီ နေရပ်လိပ်စာတွေကို မှတ်တမ်းယူထားပါတယ်။ လက်ဆေးဖို့နေရာတွေကအစ စီစဉ်ထားတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ ပုပ္ပားတောင်ကလပ်သို့ ပြည်တွင်းဘုရားဖူး ဧည့်သည်များ လာရောက်ပြီဖြစ်ရာ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်ဆေးသန့်စင်စေခြင်းနှင့်အတူ ကျန်းမာရေး စစ်ဆေးမှုများပါ ဂေါပကအဖွဲ့က စစ်ဆေးဆောင်ရွက်ပေးကာ စစ်ဆေးပြီးသူများကိုသာ တောင်ပေါ်အထိ ဘုရားဖူးတက်ရောက် ခွင့်ပြုထားကြောင်း သိရသည်။