ရန်ကုန် ဇူလိုင် ၂
အစိုးရ ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ(NCA-SEAOs)၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ စတင်ကျင်းပသည်။ အစည်းအဝေးတွင် အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင်များဖြစ်သည့် ဦးလှမောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO များဘက်မှ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ နည်းပညာ အထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။ COVID-19 ကပ်ရောဂါဖြစ်နေသောကြောင့် အစည်းအဝေး မတက်ရောက်နိုင်သော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် Online Video Conference မှ တစ်ဆင့် တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)မှာ ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ ရယူနိုင်ရန် နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ်များသည် စုစုပေါင်း (၄)ကြိမ် ညှိနှိုင်းခဲ့ကြပြီး ယခုအစည်းအဝေးသည် (၅)ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ NCA အကောင် အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စ၊ ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်း စဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများကို ဆွေးနွေးခဲ့ကြရာ သဘောတူညီချက် အတော်တော်များများရရှိထားပြီးဖြစ်ကြောင်း၊ NCA ၏အဓိကလုပ်ငန်းစဉ် ကဏ္ဍကြီးနှစ်ခုဖြစ်သော နိုင်ငံရေးဆွေးနွေးမှုအပိုင်းနှင့် တပ်ပိုင်းဆိုင်ရာတို့ကို ဟန်ချက်ညီ အကောင်အထည်ဖော်ရန် လိုအပ်သည်မှာ အားလုံး အသိပင်ဖြစ်ကြောင်း၊ တစ်ဖက်တွင် နိုင်ငံရေး သဘောတူညီချက်များ ရယူနေပြီး တစ်ဖက်တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်သော ၂ဝ၂ဝ အလွန်တွင် ဘယ်နည်းဘယ်ပုံ ဆွေးနွေးမည်၊ ဘယ်သူများနှင့် ဆွေးနွေးမည် ဆိုသည်ကို ဇွန် ၂၂ ရက်တွင်ပြုလုပ်သော အစိုးရနှင့် NCA-S EAOတို့၏ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခိုင်မာရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယင်းအစည်းအဝေးကြောင့် (၁)နှစ်၁ဝ လကျော် မကျင်းပနိုင်ခဲ့သော JMC-Uအစည်းအဝေးများကို ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပနိုင်မည် ဖြစ်သောကြောင့် အပစ်ရပ်ခိုင်မာရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ NCA-S EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက Video Conference မှတစ်ဆင့် ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသည် ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးတွင် ချန်ထားခဲ့သော ဆက်လက်ညှိနှိုင်းရန် အချက်များကို ယနေ့ အစည်းအဝေးတွင် သဘောတူညီချက် ရရှိအောင် ကြိုးပမ်းဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ မူအားဖြင့် သဘောတူညီမှု ရရှိထားသော အချက်များကို အပြီးသတ် သဘောတူညီမှုရရှိရန် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို လာမည့်သြဂုတ်လတွင် ကျင်းပရန် သဘောတူညီထားပြီးဖြစ်သောကြောင့် လျာထားသည့်အတိုင်း အချိန်မီ ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲတွင် (၈)ကြိမ်မြောက်JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက်အဆိုပြုချက်များ ညှိနှိုင်းဆွေးနွေးခြင်း၊ အပိုင်း(၁) NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ အပိုင်း(၂) ၂ဝ၂ဝ အလွန်အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း(၃) အခြေခံမူ သဘောတူညီချက်များနှင့် အထွေထွေဆွေးနွေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ယင်းတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ၊ COVID-19 ကပ်ရောဂါကာလ အခြေအနေအောက်တွင် ကျင်းပရနိုင်ဖွယ်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေးဆိုင်ရာ အခင်းအကျင်းများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေး၊ JICM အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စများကို ပြီးခဲ့သည့် အစည်းအဝေးတွင် မူအားဖြင့် သဘောတူညီထားပြီး ယင်းအချက်များကို ယခု အစည်းအဝေးတွင် အသေးစိတ် အချက်အလက်များအဖြစ် ဆွေးနွေးခြင်း တို့ကို ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။