ပျိုသောပန်းများဖူးပွင့်နေသောသစ်ပင်
တိမ်တွေပြိုတဲ့မိုးကြောင့် ပန်းတွေပွင့်ဖူးတတ်သလို မြူတွေဝေတဲ့ ဆောင်းကြောင့်လည်း ပန်းတွေဖူးပွင့်ကြပါတယ်။ ထို့အတူ နေခြည်သွေးတဲ့ ဂိမှာန်နွေကြောင့်လည်း ပန်းတွေဖူးပွင့်တတ်စမြဲပါပဲ။ ရာသီအလီလီမှာ ပန်းတွေဖူးပွင့်တတ်တဲ့ သဘာဝတရားကြီးဟာ မပျောက်မပျက် တည်တံ့နေတာကို ကျွန်တော်တို့အားလုံး တွေ့မြင်ကြမှာပါ။ သည်လို မပျောက်မပျက်တည်တံ့နေတဲ့ သဘာဝတရားကြီးကြောင့် ပန်းတိုင်းဟာ အသီးသီးသော ပင်ယံထက်ဆီမှာ ပျိုမျစ်နုနယ်လှပနေစမြဲပါပဲ။ လှချင်တိုင်းလှနေတဲ့ ပန်းတို့ဖူးပွင့်ရာ ပင်စည်ကြီးကတော့ ပကတိအသွင်အပြင်မှာ အိုချင်လည်းအိုနေပါလိမ့်မယ်။ ပျိုချင်လည်းပျိုနေပါလိမ့်မယ်။မည်သို့ပင်ဆိုပါစေ မိခင်ပင်ယံကြီးကတော့ လှပပျိုမျစ်သောပန်းများရဲ့ လှပမှု၊ ရနံ့သင်းမှုတွေကြောင့် သူမဟာလည်း ငေးမောနမ်းရှိုက်သူတိုင်းရဲ့ နှလုံးသားမှာ ထာဝစဉ်လှပနေတတ်တာပါပဲ။ စာရေးသူကတော့ ဒီလိုသဘာဝတရားကြီးကို ပုံပမာနှိုင်းလို့ ယနေ့လူငယ်လေးတွေကို ပျိုသောပန်းတွေလို့ တင်စားချင်သလို ပျိုသောပန်းတို့ဖူးပွင့်ရာ အမိနိုင်ငံတော်ကြီးကို မိခင်သစ်ပင်ကြီးပမာ တင်စားလိုက်ချင်ပါတယ်။ ဒါ့ကြောင့် သည်ဆောင်းပါးလေးကို ပျိုသောပန်းများ ဖူးပွင့်နေသော သစ်ပင်လို့ နိဒါန်းချီလိုက်ချင်ပါတယ်။
သူတို့လေးတွေရဲ့အကြောင်းကို မြန်မာနိုင်ငံရဲ့ တိုင်းစစ်ဌာနချုပ် အသီးသီးမှာ စတင်လှုပ်ရှားနေပြီ ဆိုကတည်းက နေ့စဉ်ထုတ်သတင်းစာမှာ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ နေ့စဉ်ရုံးရောက်တိုင်း သတင်းစာထဲမှာ သူတို့လေးတွေ အကြောင်းကို ရှာကြည့်ရတာ အမောပါပဲ။ သူတို့လေးတွေ နေပြည်တော်ကို တစုတဝေးတည်း ရောက်ပြီဆိုတာနဲ့ စာရေးသူရဲ့ ဝါသနာအတိုင်း လေ့လာချင်ဇော၊ ရေးသားချင်ဇောနဲ့ သူတို့ Camp သွင်းရာနေရာကို မရောက်ရောက်အောင် သွားခဲ့ပါတယ်။ တိုက်ဆိုင်မှုဆိုသလိုပဲ စာရေးသူပြောင်းရွှေ့တာဝန် ထမ်းဆောင်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေက ခင်မင်ရာကလေးနှစ်ယောက်ပါလို့ အကြောင်းက ပိုလို့တိုက်ဆိုင် သွားပြန်ပါတယ်။ စာရေးသူလည်း သူတို့ ဃောစ သွင်းရာနေရာလည်း ရောက်ရော တက်ကြွနေတဲ့ သူတို့လေးတွေကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ စာရေးသူပြောတဲ့ သူတို့လေးတွေဆိုတာကတော့ တပ်မတော်က တိုင်းစစ်ဌာနချုပ် အချို့မှာ မွေးထုတ်ပြုစုပေးနေတဲ့ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် မျိုးဆက်သစ် မောင်မယ်လေးတွေပါပဲ။
ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် မောင်မယ်တွေရဲ့ အကြောင်းကိုလည်း အနည်းငယ် မျှဝေပေးချင်ပါသေးတယ်။ သည်မောင်မယ်တွေကို မြန်မာ့တပ်မတော် အနေနဲ့ နွေရာသီ ကျောင်းပိတ်ရက် ကာလတွေမှာ သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို အကျိုးမဲ့မဖြစ်အောင် အနာဂတ်မှာ နိုင်ငံတော်အတွက် အကျိုးဖြစ်စေမယ့် ရေကြောင်း၊ လေကြောင်းပညာရပ်ဆိုင်ရာ သင်တန်းတွေကို တက်ရောက်သင်ကြား စေခဲ့တာပါပဲ။ ဒီမောင်မယ်တွေကို ရေကြောင်းပညာနဲ့ လေကြောင်းပညာ ကျွမ်းကျင်တဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွန်းလာစေဖို့လည်း တပ်မတော်ကရည်ရွယ်ပြုစု ပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။ ရေကြောင်းနဲ့ လေကြောင်း လူငယ်သင်တန်း အသီးသီးမှာ ရက်သတ္တလေးပတ်ကြာ သင်တန်းဖွင့်လှစ်လေ့ကျင့်ပေးခဲ့ပြီးသိသင့်တဲ့ရေကြောင်းနဲ့ လေကြောင်း ပညာရပ်တွေ၊ အခြေခံစစ်ပညာဖြစ်တဲ့ စစ်ရေးပြဘာသာရပ်တွေ၊ အခြေခံရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန်မှု အခြေခံသဘောတရားတွေ၊ အသုံးချရေကြောင်းလမ်းညွှန်နဲ့ နက္ခတ္တဗေဒဆိုင်ရာတွေ၊ အခြေခံရေကူးနဲ့လှေလှော်၊ ရွက်တိုက်ဘာသာရပ်တွေအပြင် လေကြောင်းဆိုင်ရာမှာ ဆိုရင် လေယာဉ်ပျံ ပျံသန်းမှု အခြေခံသဘောတရားတွေ၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘောတရားတွေ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံတွေ၊ RC လေယာဉ်နဲ့ရဟတ်ယာဉ် မောင်းနှင်မှုဆိုတဲ့ ဘာသာရပ်အသီးသီးကို သင်ကြားပေးခဲ့တယ် ဆိုတာကို စာရေးသူလေ့လာခွင့်ရခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရေကြောင်းလေကြောင်း မောင်မယ်လူငယ်များ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ ဒီလိုအနာဂတ် လူငယ်မောင်မယ်တွေကို တခုတ်တရ တွေ့ဆုံအမှာစကား ပြောကြားတာကို သိလိုက်ရလို့လည်း စာရေးသူအနေနဲ့ လူငယ်တွေကို ချစ်မြတ်နိုးတတ်တဲ့ နိုင်ငံတော် အကြီးအကဲရဲ့ နှလုံးသားကို လေးစားတန်ဖိုးထားမိပါတယ်။ “ပညာပြည့်ဝနှလုံး လှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့်အကျိုး ဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း”၊ “ပညာပြည့်ဝနှလုံးရည်လှသူတိုင်းသည် အရာရာကို အကောင်းအဆိုး ခွဲခြားနိုင်စွမ်းရှိခြင်းကြောင့် ပညာ၏ အရေးပါမှုကို သိနားလည်ပြီး မိမိတို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ဂရုပြုနိုင်စွမ်းရှိကြကြောင်း”၊ “နိုင်ငံ၏ရေပြင်၊ဝေဟင် တန်ဖိုးကို သိနားလည်၍ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်သည့်နိုင်ငံများသည် ရေကြောင်းနှင့် လေကြောင်းပညာရပ်များကို စဉ်ဆက်မပြတ် ခေတ်နှင့်အညီ လေ့လာဖော်ထုတ် သုတေသနပြုပြီး ကာကွယ်ရေး စွမ်းအားအတွက်သာမက အမျိုးသားအကျိုးစီးပွားအတွက်ပါ မြှင့်တင်နိုင်အောင် ယှဉ်ပြိုင်ကြိုးစားလျက် ရှိကြောင်း” ၊ “ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက် ရှိနေခြင်းကြောင့် မောင်တို့မယ်တို့ သင်ယူခဲ့ရသည့် ပညာရပ်အသီးသီး၏ တန်ဖိုးကို သိရှိနားလည် တန်ဖိုးထားကြရန် လိုအပ်ကြောင်း” စတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ အမှာစကားများဟာ သူတို့တွေရဲ့ နှလုံးသားတွေဆီမှာသာမက သည်နေရာမှာရှိမနေတဲ့ ကျန်လူငယ်မောင်မယ်များအတွက်ပါ ရင်မှာစွဲထင်စေတဲ့ တန်ဖိုးရှိတဲ့စကားလုံးတွေ ဖြစ်တယ်ဆိုတာ စာရေးသူအနေနဲ့ နက်နက်ရှိုင်းရှိုင်း တွေးမိပြန်ပါတယ်။
မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူမိရင် မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ နယ်နိမိတ်တွေကို တိတိပပသိထားရပါမယ်။ ကိုယ်တွေပိုင်တဲ့ အချုပ်အခြာအာဏာ၊ နယ်နိမိတ်တွေရဲ့ တန်ဖိုးကိုနက်နက်ရှိုင်းရှိုင်း မြတ်နိုးတွယ်တာတတ်ရပါမယ်။ ဒါတွေကိုကာကွယ်ဖို့ မြေပြင်၊ ရေပြင်၊ ဝေဟင်ဆိုတဲ့ သဘာဝတရားတွေ၊ မြေပြင်၊ရေပြင်၊ဝေဟင်မှာတွယ်ငြိနေတဲ့ သဘာဝဒဏ်တွေရဲ့ အကြောင်းတွေ စတဲ့ သဘာဝတရား အသွယ်သွယ်ကို နိုင်ငံသားတိုင်း သိရှိနားလည်ရမှာဖြစ်သလို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေရဲ့ လိုအပ်မှုစွမ်းပကားကိုလည်း ကိုယ်စီတိုင်းတာ တွက်ချက်ထားရပါ့မယ်။ ဒါမှသာ မိမိနိုင်ငံရဲ့မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက် နယ်နိမိတ်တွေကို အပြည့်အဝ ကာကွယ်နိုင်တဲ့ လူသားစွမ်းအား အရင်းအမြစ်ကောင်းတွေ မွေးဖွားလာမှာပဲဖြစ်ပါတယ်။ ပစ္စုပ္ပန်ဟာ ယနေ့မျိုးဆက် လူသားတွေရဲ့ လက်ဝယ်မှာရှိသလို တစ်နေ့ပစ္စုပ္ပန်ဖြစ်လာမယ့် အနာဂတ်ဟာ ယနေ့မျိုးဆက်သစ် လူငယ်တွေရဲ့ လက်ဝယ်အလိုလို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ယခုလို ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် မောင်မယ်တွေကို ရည်ရွယ်ချက်ကောင်းတွေနဲ့ မွေးထုတ်ပေးနေတဲ့ မြန်မာ့တပ်မတော်ကို စာရေးသူအပါအဝင် နိုင်ငံတော်အတွင်းက မိဘပြည်သူတွေအားလုံး ထာဝရကြိုဆို ကမ်းလင့်နေရမှာပဲဖြစ်ပါတယ်။ အတွေးမှားတွေဘေးကိုဖယ်လို့ အတွေးမှန်နဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်လှမ်းကြရမယ အချိန်အခါတန်ပြီဆိုတာလည်း အလျဉ်းသင့်လို့ ပြောလိုက်ချင်ပါသေးတယ်။
နိုင်ငံတစ်ခုရဲ့သမိုင်းမှာ အသက်ငယ်ရွယ်သူ လူငယ်တစ်ယောက်ကြောင့် အပြောင်းအလဲကြီး ပြောင်းလဲသွားတဲ့ ဘုရင်ကြီးတစ်ပါး အကြောင်းကိုလည်း စာရေးသူက မျှဝေပေးချင်ပါသေးတယ်။ နိုင်ငံတစ်ခုဆိုတာကတော့ အိန္ဒိယနိုင်ငံပါပဲ။
လက်ထက်ကတော့ ဘုရင်အသောကမင်း လက်ထက်ပါပဲ။ ဖခင်ဖြစ်သူ ဗိန္ဒုသာရမင်းဆီက ထီးနန်းကိုဆက်ခံပြီး ညီအစ်ကိုတော်ဖြစ်တဲ့ မင်းသား ၉၉ ယောက်ကိုသတ်ပါလေရော။ သည်ကာလမှာ အိန္ဒိယပြည်ကြီးမှာ မဟာရာဂျာဆိုတဲ့ ပဒေသရာဇာဘုရင်တွေ ၈၄၀၀၀ တောင်ရှိတယ်။
အသောကမင်းက အိန္ဒိယပြည် ပါတလိပုတ်မှာ ပဒေသရာဇ်စနစ်ကနေ ဧကရာဇ် စနစ်ကိုတည်ထောင်ဖို့ စစ်ခင်းတော့တာပါပဲ။ သတ္တိရှိတဲ့ မင်းတစ်ပါးဖြစ်တယ်ဆိုတာကတော့ တွေ့မြင်မှာဖြစ်ပါတယ်။
အသောကမင်းကြီးရဲ့ စစ်ပွဲကနေ ပါတလိပုတ်ကိုပြန်တဲ့ ခရီးလမ်းတစ်လျှောက်မှာ အနိဋ္ဌာရုံမြင်ကွင်းတွေကို တွေ့ရမြင်ရတဲ့အခါ သံဝေဂအကြီးအကျယ် ရခဲ့ပါတော့တယ်။ ဒီသံဝေဂကြောင့် အသောကမင်းတရားကြီးဟာ “တော်ပြီ ငါခုချိန်ကစပြီး လောကကို ချစ်သောမျက်စိနဲ့ပဲကြည့်တော့မယ်”ဆိုပြီး အဓိဋ္ဌာန် ချလိုက်တယ်လို့ မှတ်သားရပါတယ်။
သည်လိုပြောင်းလဲခဲ့တာဟာ မင်းသား ၉၉ ယောက်ထဲက မင်းသားသုမဏနဲ့ ကြင်ယာတော် သုမဏဒေဝီက မွေးဖွားလာတဲ့ သားတော် အသက်ငယ်ရွယ်သူ ကိုရင်လေးနိဂြောဓကြောင့်ပါပဲ။ အသောကမင်းကြီးရဲ့ စစ်ကြောင့် သုမဏဒေဝီဟာ ကိုယ်ဝန်နဲ့ ပါတလိပုတ်နဲ့ဝေးရာ ရွာငယ်လေးတစ်ရွာကို ထွက်ပြေးတိမ်းရှောင်ရပါတယ်။ ရွာလေးကတော့ စဏ္ဍာလတွေနေတဲ့ ရွာလေးလို့ ဆိုပါတယ်။ မင်းသမီးကြီးဟာ ကိုယ်ဝန်ကြီးနဲ့ ရွာလယ်ဇရပ်မှာနေပြီး အစားအစာကို တောင်းစားရပါတယ်။ ဒီဇရပ်ပေါ်မှာပဲ မင်းသားလေးကို မွေးပါတယ်။ ကလေးရဲ့ ငိုသံ၊ လှုပ်ရှားမှုတွေကြောင့် ရွာအနီးတောကျောင်းမှာ သီတင်းသုံးနေတဲ့ ဝရုဏမထေရ်ဆိုတဲ့ ရဟန္တာတစ်ပါးက သိတော်မူသွားပါတယ်။ ရဟန္တာကြီးက ဆွမ်းခံထွက်တိုင်း ဇရပ်အရှေ့မှာ အသွားအပြန် မေတ္တာပို့လေ့ရှိတယ်။ လူမှန်းသိတတ်စ အရွယ်လောက်စပြီး ရဟန္တာဟာ ကလေးလေးကို ဆွမ်းခံရလာတဲ့ ငှက်ပျောသီးလေးကျွေး၊ သစ်သီးလေးကျွေးပြီး နမောတဿကနေ စသင်ပါတယ်။ ပြီးတော့မှ မင်းသမီးကြီးဆီက ကလေးကို ကျောင်းထားဖို့ အလှူခံပါတယ်။ မိဖုရားကြီး ခွင့်ပြုချက်ရတော့မှ ကျောင်းကိုခေါ်သွားပြီး စာပေတွေသင်ပေးတယ်။ ပိဋကသုံးပုံ သင်ပေးတယ်။ ပြီးမှ ကိုရင်ဝတ်ပေးဖို့ ဆံချစဉ်မှာပဲ သင့်တော်တဲ့ ကမ္မဋ္ဌာန်းတစ်ခုကို ချပေးပါတယ်။
ကိုရင်လေးဟာ ခေါင်းပေါ်ကဆံစလည်းကုန် ကိလေသာလည်းကုန်ပြီး အသက် ခုနစ်နှစ်နဲ့ ရဟန္တာတစ်ပါးဖြစ်ခဲ့ပါတော့တယ်။
ခုနစ်နှစ်အရွယ် ကိုရင်နိဂြောဓရဲ့ ဆွမ်းခံတဲ့လမ်းမှာ ဘုရင်အသောကနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကိုရင်နိဂြောဓလေးရဲ့ အပ္ပမာဒ တရားတော်ကြောင့် စဏ္ဍာသောကဘဝကနေ ဓမ္မာသောက မင်းဘဝကို တည့်တည့်ကြီး ဆိုက်ရောက်ခဲ့တာပါပဲ။ ဒီဇာတ်တော်မှာ စာရေးသူပြောချင်တာက ကိုရင်နိဂြောဓကို မွေးထုတ်ပေးခဲ့တဲ့ ရဟန္တာကြီးပါပဲ။ လမ်းဘေးဇရပ်မှာနေနေရတဲ့ ကလေးတစ်ယောက်ကို လူတိုင်းမရောက်နိုင်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ အနှိုင်းမဲ့မြင့်မြတ်တဲ့ နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်။ ဒါဟာ ရဟန္တာကြီးရဲ့အမျိုးကို ထိန်းသိမ်းစောင့်ရှောက်တဲ့ မွန်မြတ်တဲ့၊ အနှိုင်းဆမဲ့တဲ့ ပြုစုပျိုးထောင်ခြင်းတစ်မျိုးပါပဲ။ ဒီဇာတ်တော်ကို ပမာနှိုင်းယှဉ်ရင်း အခုလိုရေကြောင်းလေကြောင်း လူငယ်တွေအပါအဝင် လူငယ်တွေရဲ့ ဘဝမဏ္ဍိုင်ကို မှန်ကန်တည့်မတ်အောင် မြေတောင်မြှောက်ပြုစုပေးခြင်းဟာ မြန်မာ့တပ်မတော်ရဲ့ အမျိုးကို ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ မွန်မြတ်တဲ့စိတ်ထားကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး လက်ခုပ်တီးပြီး ကြိုဆိုကြရပါမယ်။
ယနေ့အချိန်အခါကမှ လူငယ်တွေရဲ့ ဘဝမဏ္ဍိုင်ကို တည့်မတ်မှန်ကန်အောင် စနစ်တကျရေရှည် မပြုစုမပျိုးထောင်ပေးဘူးဆိုရင် ကြုံလာမယ့် အနာဂတ်ရဲ့ ပစ္စုပ္ပန်ဆိုးကျိုးတွေကို လူကြီးလူငယ်မရွေး မလွဲမသွေ ခံစားကြရမှာပါပဲ။ မှန်းဆနိုင်ပါတယ်။ လူငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင်တွေ၊ အခြေခံအမျိုးသားရေး စိတ်ဓာတ်တွေ၊ အသိဉာဏ်အတွေးအခေါ်တွေ ယိုင်နဲ့တိမ်ကောစေခဲ့လို့ ၂၀၂၁ ခုနှစ်ရဲ့ နိုင်ငံ့အချိုးအကွေ့တစ်ခုမှာ PDF အကြမ်းဖက် လူငယ်တွေ ဖြစ်ပေါ်လာခဲ့တာကို သင်ခန်းစာယူတတ်ရပါမယ်။ ဒီကာလအစမှာ အုံကြွလာတဲ့ အကြမ်းဖက်လူငယ်တွေကို အိမ်ထဲကိုယ်စီကနေ မတားမြစ်နိုင်ခဲ့တဲ့ မိတ်ဆွေတို့ လူကြီးတွေလည်း အပြစ်မကင်းဘူးဆိုတာ ခေတ်သစ်သမိုင်းက ညွှန်းဆိုပြနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လူငယ်မျိုးဆက်သစ်ကောင်းတွေ ပြည်ထောင်စုကြီးမှာ ပေါ်ထွန်းလာဖို့ မည်သို့သော လုပ်ရပ်မျိုးကိုမဆို စာရေးသူတို့ အားပေးကူညီဝန်းရံကြဖို့လိုအပ်လာပြီကို မီးမောင်းထိုးလို့ မျှဝေပေးချင်ပါတယ်။
တိမ်တွေပြိုတဲ့မိုးကြောင့် ဆိုဆို၊ မြူတွေဝေတဲ့ဆောင်းကြောင့်ဖြစ်ဖြစ်၊ နေခြည်သွေးတဲ့ နွေကြောင့်ဖြစ်ဖြစ် ပင်ယံထက်တိုင်းပန်းတွေပွင့်ဖို့သာ အဓိကကျပါတယ်။ ဒါကြောင့် ပျိုမျစ်တဲ့ ပန်းလေးတွေနဲ့တူတဲ့ နိုင်ငံတော်အတွင်းက ပြည်ထောင်စုဖွား တိုင်းရင်းသားလူငယ်မျိုးဆက်သစ်လေးတွေကို ကျွန်တော်တို့ လူကြီးတွေက တစ်ချိန်မှာ အားထားရမယ့် နိုင်ငံ့သားကောင်းလေးတွေဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြုစုပျိုးထောင်ကြရအောင်လားဗျာ။ အမိနိုင်ငံရဲ့ ပျိုမျစ်တဲ့ လူငယ်မျိုးဆက်သစ်ကောင်းတွေ ပေါ်ထွန်းနေသမျှ အမိမြန်မာနိုင်ငံကြီးဆိုတဲ့ ဒီပင်ယံကြီးကလည်း သူတို့အလှနဲ့တင့်တယ်နေမှာကို မှန်းဆပုံဖော်ကြည့်ကြပါလားဗျာ။ ။
ကျော်တေဇ(ဉက္ကလာ)