ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့
ပညာရေးဝန်ကြီးဌာနသည် မေလ ၂၃ ရက်မှ ၃၁ ရက်အတွင်း ကာလကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားသည်။ ဇွန်လ ၁ ရက်မှစ၍ အခြေခံပညာကျောင်းများ အပြင် တက္ကသိုလ်များလည်း ဖွင့်တော့မည်ဖြစ်သည်။ ကျောင်းသားမိဘအားလုံး မိမိရင်သွေးငယ်များကို ကျောင်းအပ်နှံရေးအတွက် အလုပ်ရှုပ်လျက်ရှိကြသည်။ ပညာရေး ဝန်ထမ်းများလည်း မွမ်းမံသင်တန်းများ တက်ရောက်ခြင်း၊ ကျောင်းလက်ခံရေး အတွက် ကြိုတင်ပြင်ဆင်ခြင်း စသည့်တာဝန်များဖြင့် ပင်ပန်းလျက်ရှိကြသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး အတွက် ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ထားရှိသည်။
ပညာသည်သာအခရာ
စင်စစ်အားဖြင့်ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းသည် လူတစ်ဦး၏ ဘဝတိုးတက်ရေးအတွက်များစွာ အခရာကျလျက်ရှိသည်။ ပညာတတ်လူငယ်များ များပြားသောတိုင်းပြည်သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ ရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံ၌လည်း ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းနေခွင့်ရရှိရေး လုပ်ငန်းများကို စီမံချက်ချ၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ ပြည်သူများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ များစွာလိုအပ်ပေသည်။
စည်းရုံးသိမ်းသွင်းရန်လို
စင်စစ်အားဖြင့် နှစ်စဉ်မေလသည် ကျောင်းသား မိဘများအတွက် ခက်ခဲပင်ပန်းသော ကာလပင်ဖြစ်သည်။ ကလေးများကျောင်းအပ်နှံရေး အတွက် ပြဋ္ဌာန်းစာအုပ်၊ လေ့ကျင့်ခန်းစာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ လွယ်အိတ်၊ ထီး၊ ဖိနပ်၊ ဦးထုပ်၊ မိုးကာ၊ ထမင်းဘူး၊ ကျောင်းဝတ်စုံ စသည့် လိုအပ်သော ပစ္စည်းများကို ကြိုတင်ဝယ်ယူရခြင်း၊ ပြင်ဆင်ရခြင်းများ ပြုလုပ်ကြရသည်။
အထူးသဖြင့် အောက်ခြေလူတန်းစား မိသားစုများတွင် ကျောင်းနေအရွယ် ကလေးများကို အချိန်မီ ကျောင်းအပ်နှံနိုင်ခြင်း မရှိကြချေ။ တချို့သောမိဘများသည် လတ်တလောကြုံတွေ့နေရသည့် မိသားစုစားဝတ်နေရေး အခက်အခဲအရ ရင်သွေးငယ်များကို ကျောင်းအပ်နှံလေ့မရှိဘဲ အလုပ်လုပ်ခိုင်းလေ့ ရှိကြသည်။
ထို့ကြောင့် ထိုမိသားစုများကို တွေ့ဆုံဆွေးနွေး၍ ကလေးငယ်များအား ကျောင်းအပ်နှံရေးအတွက် ပညာပေးစည်းရုံးသိမ်းသွင်း ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
သိရှိလိုက်နာရမည့်အချက်များ
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များကိုလည်း ထုတ်ပြန်ထားပါသည်။ ထိုထဲတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်း မပြုရ၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုရ အပါအဝင်အချက် ၁၂ ချက်ကို လည်းကောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များပါ အတန်းစဉ်အလိုက် ထောက်ပံ့မှုများကို လည်းကောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားကြောင်းလည်း တွေ့ရှိရပါသည်။
ပညာရည်မြင့်မားရန်လို
အမှန်တော့ ပါတီစုံဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် လျှောက်လှမ်းရာတွင် နိုင်ငံသူနိုင်ငံသားတို့၏ ပညာရည်မြင့်မားနေရန် လိုအပ်သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ အသက် ၅ နှစ်အထက် ကျောင်းမနေဖူးသူ ဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အသက် ၂၅ နှစ်အထက် လူဦးရေ ၁၂ ဒသမ ၈ သန်းမှာ မူလတန်းအောင် ပညာအရည်အချင်းသာ ရှိနေသည်။ ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားများ ပညာရည်မြင့်မားရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ခန်းအတွင်း ရောက်ရှိနေရန် လိုအပ်သည်။ အစိုးရအဆက်ဆက်သည် ပညာရေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြင့်မားရေး စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အမျိုးသား ပညာရည်မြင့်မားရေးနှစ် ၃၀ နှစ်ရှည်စီမံကိန်းကိုလည်း ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။
ပညာရေးညီလာခံ(၂၀၂၃)
ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်သည့်ဝန်ကြီးဌာန ၁၁ ခုတို့သည် တိုင်းပြည်အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာရေး၊ အနာဂတ်ပညာရေး နယ်ပယ်ကဏ္ဍများ အချိန်နှင့်တစ်ပြေးညီ တိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ “မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)”ကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါညီလာခံတွင် စာတမ်းများဖတ်ကြားခြင်း၊ ဆွေးနွေးပွဲ ကျင်းပခြင်းများ ဆောင်ရွက်ပြီး ပညာရေး ကဏ္ဍအတွက် ပကတိလိုအပ်ချက်များနှင့်အဖြေများ ရှာဖွေလျက်ရှိသည်။
လက်တွေ့ကျကျ အကောင်အထည်ဖော်သင့်
စင်စစ်အားဖြင့် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လျက် အမျိုးသားရေး အသွင်ဖြင့် အကောင်အထည် ဖော်လျက်ရှိသည်။
အလားတူ မြန်မာနိုင်ငံတွင်လည်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခမဲ့ ပညာရေးအစီအစဉ်ကို အထက်တန်းအဆင့် အထိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုနှုန်း မြင့်တက် လာရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။ ကျောင်းနေမှုနှုန်းမြင့်မား လာသည်နှင့်အမျှ “ရေမြင့် ကြာတင့်” ကလေးငယ်များ ပညာတတ်မြောက်မှုနှုန်းလည်း သိသာထင်ရှားစွာ မြင့်တက်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။
ထို့ပြင် ကျောင်းသားလူငယ်များ ထိရောက် အောင်မြင်စွာ စာပေလေ့လာ သင်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများ ဖန်တီးပေးရန်လည်း လိုအပ်ပေသည်။ စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများ အပြင် အထောက်အကူပြု ကျောင်းစာကြည့်တိုက်များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ အထူးသဖြင့် စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှုရှိသည့် နေရာများတွင်သာ ရှိသင့်သည်။ ထိုသို့တိတ်ဆိတ်ငြိမ်သက်သည့် နေရာမျိုး၌ ကျောင်းသားလူငယ်များ အနှောင့်အယှက်ကင်းစွာ ပညာသင်ကြားနိုင်သဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းရေးတွင် များစွာအထောက်အကူ ပြုပေသည်။
ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့
ထို့ကြောင့် မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး စီမံကိန်းများကို အောင်မြင်မှု ရရှိအောင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အဆင့်ဆင့်သော တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ချုပ်ရေး အဖွဲ့များနှင့် ကျောင်းသားမိဘများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။ ထိုသို့ မိဘ၊ ဆရာ၊ ကျောင်းသား၊ ပြည်သူ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားမှသာလျှင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေခွင့်ရရှိစေနိုင်မည်ဖြစ်သည်။
ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။ ထို့ကြောင့်ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးတို့အတွက် “အခမဲ့ပညာရေး အစီအစဉ်”ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးအားလုံးကို ကျောင်းနေခွင့် ရရှိရေးအတွက် ဆရာ၊ မိဘ၊ ရပ်မိရပ်ဖများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပေါင်းစည်းမှု အင်အားများ များစွာလိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ခန်းအတွင်းသို့ အချိန်မီဝင်ရောက်နိုင်ပြီး အတန်းပညာကို ဆုံးခန်းတိုင်သည်အထိ သင်ယူခွင့်ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းသွားကြပါစို့ဟု တိုက်တွန်း အကြံပြု သွားလိုပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)