ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေ - ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လေဘေးသင့် ပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုများအား သွားရောက် ကြည့်ရှုပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် သည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ထောင်စု(၈၂)စု အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အမိုးသွပ်များကို ထောက်ပံပေးအပ်ခဲ့သည်။

ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်မှာကြားခဲ့ကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

        အလားတူ ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ဇော်မင်းအေး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများ၊ စာကြည့်တိုက်များ၊ သာသနိက အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အလှူငွေများပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မြေပုံမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့် သာသနိကအဆောက်အဦများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အလှူငွေများ လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံရှိ လေဘေးသင့်ဒေသများမှ ဆေးကုသရန် ရောက်ရှိနေသော လူနာများအာ သွားရောက် ကြည့်ရှုအားပေးစကားပြေားကြားပြီး အာဟာရဒါနအဖြစ် ကြက်ဥနှင့်  ခေါက်ဆွဲ ခြောက်များ လှူဒါန်းခဲ့သည်။

        အလားတူ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော် သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဦးဥတ္တမပန်းခြံနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ မြို့နယ်ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု များကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူတစ်ဦးက သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဇေယျသုခပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဒေသခံပြည်သူများအား နယ်လှည့်ဆေး ကုသရေးအဖွဲ့၏ ဆေးကုသပေးမှုအခြေအနေမျာအား ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့သည်။

ထို့အတူ မြောက်ဦးခရိုင်၊ မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်မိုးလေဝသစခန်း၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်အားကစားခန်းမနှင့် ဘောလုံးပွဲကြည့်စင်များ ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

        အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုသည် တာဝန်ရှိသူများနှင့်အတူ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။