မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းတွေဆင်ကြစို့

မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းတွေဆင်ကြစို့

    ဂိမှာန်နွေရာသီကာလလေးတွေ တရွေ့ရွေ့ကုန်လွန်လာခဲ့ပါပြီ။ မကြာမီ ဝသန်မိုးစက် လေးတွေလည်း ဖျန်းပက်တော့မယ့် အချိန်ကာလလေးတွေကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။    ဝသန်မိုးစက်လေးတွေ ဖျန်းပက်လို့  ပင်ယံထက် အသီးသီးမှာ ရွက်နုလေးတွေလည်း ပုရစ်ဖူးလေးများလို လှိုင်လှိုင်ဖူးပွင့်လာတော့မှာပါပဲ။ ပင်ယံအသီးသီးမှာ ဖူးပွင့်လာမယ့်  ရွက်နုလေးများလို  ကျောင်းနေအရွယ် အနာဂတ်လူငယ် မျိုးဆက်သစ်လေးများဟာလည်း ကျောင်းစာသင်ခန်း အသီးသီးကို ဝင်ရောက်ရတော့မယ့်  အချိန်လည်းဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း  ကျောင်းခန်းဝင်ပြီး  ပညာနို့ရည်သောက်စို့ကြမှသာ နိုင်ငံတော်ရဲ့ အနာဂတ်မှာလည်း မိုးဦးကျ   ဖူးပွင့်တတ်တဲ့ ရွက်နုလေးများလို ပျိုမျစ်နုနယ်တဲ့  ပညာပြည့်ဝနှလုံးလှသည့် လူငယ်လေးတွေ   ဖူးပွင့်လာကြမှာပဲ မဟုတ်ပါလား။ ဒါ့ကြောင့် စာရေးသူက ဆောင်းပါးလေးကို  “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းတွေဆင်ကြစို့”လို့ အမည်တပ်လိုက်ပါရစေဗျာ။

ကျောင်းဖွင့်ချိန်နီးပြီဆိုတာနဲ့  ဈေးအသီးသီးမှာလည်း ကျောင်းသားမိဘတိုင်းဟာ  ကျောင်းဝတ်စုံတွေရောင်းတဲ့ ဆိုင်တွေ၊ ကျောင်းသုံးဗလာစာအုပ်တွေ ရောင်းတဲ့ဆိုင်တွေဆီ ဦးတည်နေကြပါပြီ။  စာရေးသူတို့ ငယ်စဉ်ကျောင်းသားအရွယ်တုန်းကလည်း     သည်အတိုင်းပါပဲ။    နှစ်ဟောင်းက ကျောင်းသုံးပစ္စည်းလေးတွေ ဘယ်လိုပဲကောင်းနေပါစေ သစ်လွင်တဲ့ ကျောင်းသုံးပစ္စည်းလေးတွေ၊ ကျောင်းဝတ်စုံ သစ်လေးတွေကို    တဆာဆာနဲ့ ပူဆာတတ်ခဲ့တာပါပဲ။ ယနေ့လူငယ်လေးတွေလည်း သည်အတိုင်းပါပဲလေ။ ကျောင်းအပ်နှံရေးဆိုတဲ့ ယနေ့စကားလုံးထက် စာရေးသူတို့ ငယ်စဉ်မှာ သိခဲ့ရတာက ကျောင်းအပ်ရမယ့်နေ့ပါပဲ။ ကျောင်းအပ်နောက်ကျ  ရင် သူငယ်ချင်းတွေနဲ့ခွဲရမှာ စိုးလို့ ထမင်းဟင်းချက်နေတဲ့ အမေ့ကို  ပူဆာလိုက် မအားသေးလို့   အမေကအော်လိုက်နဲ့ပေါ့ဗျာ။ နောက်ဆုံးတော့လည်း အမေဖြစ်သူက သားသမီးဆန္ဒကို ဦးစားပေးတတ်သူမို့ ကျောင်းလိုက် အပ်ပေးရတာပါပဲဗျာ။ သည်ဆောင်းပါးလေးကို  ရေးနေရင်း     စာရေးသူလည်း  ငယ်စဉ်ကျောင်းသား ဘဝလေးကို  တမ်းတမိခြင်းသာ ဖြစ်ပါတယ်။

ပညာရည်မြင့်မားရေးဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်   အဓိက အခြေခံအဆောက်အဦပါ။ နိုင်ငံအတွင်းက ပြည်ထောင်စုဖွား တိုင်းရင်းသား လူသားအရင်းအမြစ်တွေရဲ့ မြင့်မားတဲ့ ပညာရည်နဲ့ ဒီနိုင်ငံကို ကာကွယ်စောင့်ရှောက်ရမယ်၊ ဒီနိုင်ငံကို  ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရမှာပဲဖြစ်ပါတယ်။ မြင့်မားတဲ့ ပညာရည်ကြောင့် ကိုယ်စီမှာမွေးဖွားလာ မယ့် မျိုးချစ်စိတ်ဓာတ်တွေ၊ ဝံသာနုရက္ခိတ တရားတွေ၊ ဘာသာတရား အသိတွေနဲ့ ကိုယ့်လူမျိုး၊  အမျိုးဘာသာသာသနာကို အသက်ထက်ဆုံး စောင့်ရှောက် ကာကွယ်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ပညာရည်မြင့်မားရေးရဲ့ အခြေခံဟာ ခေါင်းလောင်းသံ တညံညံပေးတတ်တဲ့ စာသင်ကျောင်းပဲ ဖြစ်ပါတယ်။  ခေါင်းလောင်းသံနဲ့အတူ ကျောင်းနေအရွယ်  ကလေးတိုင်းဟာ စာသင်ချိန် စာသင်ခန်းထဲမှာရောက်နေဖို့ အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

ကျောင်းဆိုတာ အတတ်ပညာသာမက အသိပညာကိုပါ ထုဆစ်ပုံဖော် သင်ကြားပေးတဲ့    ဒုတိယမိဘရင်ခွင်တစ်ခုပါပဲ။ မိဘဆိုတဲ့ ပထမရင်ခွင်ကနေ ကျော်လွန်လာကြတဲ့ ကလေးငယ်တိုင်းအတွက် လူနဲ့လူ့ပတ်ဝန်းကျင် ဆိုတဲ့ လောကအကြောင်း တရားတွေကို  စတင်သင်ကြားပေးတာ စာသင်ကျောင်းပါပဲ။ သူငယ်ချင်းနဲ့ အပေါင်းအသင်းဆိုတဲ့ အဖွဲ့စနစ်ကနေ တို့ကျောင်း ဆိုတဲ့စိတ်၊ တို့ကျောင်းတော်ဆိုတဲ့စိတ်ကနေ တို့နိုင်ငံ၊ တို့လူမျိုးဆိုတဲ့ အသိ၊ခံယူချက်တွေဆီ အသီးသီး ကိုင်းကူးဆက်ပေးတာလည်း စာသင်ကျောင်းပါပဲ။ လောကနီတိတရားတွေ   စတင်ဖြန့်ဝေရာ နေရာကလည်း စာသင်ကျောင်းပါပဲ။ နေ့စဉ်ဘဝနေ့ရက် များစွာအတွက် အချိန်ကိုက် နေတတ်ထိုင်တတ်အောင် ဘဝအချိန်ဇယားတွေရဲ့ သဘာဝကို စတင်ချပြပေး နိုင်တာကလည်း   စာသင်ကျောင်းပါပဲ။ ကလေးဘဝကနေ လူငယ်ဘဝ၊ လူငယ်ဘဝကနေ လူကြီးဘဝ၊ လူကြီးဘဝကနေ နိုင်ငံ့ခေါင်းဆောင် ဘဝအထိ အခြေခံကောင်းတွေ ပါလာအောင် ဆောင်ကြဉ်းပေးတာလည်း စာသင်ကျောင်းပါပဲ။ ဒါကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ချိန်မှာ   စာသင်ခန်းထဲရောက်နေဖို့ တာဝန်ရှိသူတိုင်းမှာ တာဝန်ရှိကြောင်း ထပ်မံနှိုးဆော်လိုပါတယ်။

 နိုင်ငံတစ်နိုင်ငံမှာ   လူသားအရင်းအမြစ်တွေရဲ့ ပညာရည်နိမ့်ကျနေသမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု၊ အသိပညာ တိုးတက်မှု၊ အတွေးအခေါ်ဆန်းသစ် တွေးခေါ်မှုတွေဟာလည်း  နောက်ကျကျန်ရစ်နေမှာကို ကျွန်တော်တို့အစဉ် သတိပြုကြရပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသက် ၂၅ နှစ်  အထက် လူဦးရေမှာ ၁၉ သန်းခန့်ဟာ အခြေခံပညာ အားနည်းတယ်လို့ နိုင်ငံ့ အကြီးအကဲရဲ့ မိန့်ခွန်းတစ်ခုမှာ မှတ်သားလိုက်ရပါတယ်။ ယခင်တပ်မတော် အစိုးရ လက်ထက်မှာကတည်းက အထူးဖွံ့ဖြိုးရေး ဇုန် ၂၄ ဇုန်မှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ သည်ဇုန်တွေမှာ တက္ကသိုလ်၊ကောလိပ်တွေနဲ့ ဆေးရုံတွေကို အသီးသီး တည်ဆောက်ပေး ခဲ့တယ်။ ဒါကိုထောက်ရှုမယ်ဆိုရင် အစိုးရတစ်ရပ်ရဲ့ နိုင်ငံသား လူသားအရင်းအမြစ် ကောင်းတွေ    ပေါ်ထွက်စေဖို့ ပညာရေးကို အားပေးမြှင့်တင်တဲ့ အပြင် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့  သက်ရှည်ကျန်းမာရေးကို တန်ဖိုးထားတယ်ဆိုတဲ့ပြယုဂ်ကို မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။

လက်ရှိ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီလက်ထက်မှာလည်း အတိတ်က ဖြစ်ရပ်တွေအပေါ်  သင်ခန်းစာယူရင်း အတိတ်ကကောင်းမွန်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို   အတွေ့အကြုံကောင်းတွေ အဖြစ် မှတ်ယူရင်းနဲ့  နိုင်ငံတော်ရဲ့ ပညာရည် မြင့်မားရေးကို ဦးတည်ချက်များ ချမှတ်ပြီး   ကြိုးစားဆောင်ရွက်နေပြီပဲဖြစ်ပါတယ်။  

နိုင်ငံတော်အစိုးရရဲ့ ပညာရေး ရည်မှန်းချက်ဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိရေးနှင့် အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့် KG+9 အထိ မသင်မနေရပညာရေး စနစ်တို့အပြင် အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာရေး တို့ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးစားဆောင်ရွက် သွားကြရမှာပဲဖြစ်ပါတယ်။

“လူနေမှုစနစ် မြှင့်တင်နိုင်ဖို့ဆိုလို့ရှိရင် စီးပွားရေးကောင်းအောင်  လုပ်ရမယ်၊ စီးပွားရေးကောင်းဖို့ ဆိုရင်  အတန်းပညာ၊ အတတ်ပညာတွေ ရှိအောင်   လုပ်ပေးရမယ်၊ ဒီလိုသွားရမယ်။ ဒါ့ကြောင့် ကျွန်တော်တို့က    အတန်းပညာနဲ့ ပတ်သက်ရင် အနည်းဆုံးတော့ KG+9 ကို သွားဖို့လိုတယ်။  KG+9   ဖြစ်လာပြီဆိုလို့ရှိရင် Vocational  Training အနိမ့်ဆုံးသွားလို့ရပြီ၊   ဒါ့ကြောင့် စက်မှုစိုက်ပျိုး မွေးမြူရေးကျောင်းလေးတွေ ခရိုင်အလိုက် ဖွင့်ပေးမယ်၊ အဲ့ဒီကနေပြီးတော့ ပထမဦးဆုံး ကျောင်း ၅၀ ပေါ့၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေ   ပညာတတ်ဖို့လိုတာပဲ၊ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ပေးရဲပါတယ်၊ ပေးလည်းပေးနိုင်ပါတယ်၊   ပေးလည်းပေးရဲပါတယ်၊ ကျောင်း  ၅၀ ကနေပြီးတော့ ခရိုင်အားလုံး၊ ခရိုင်ကနေပြီးတော့  အဓိကကျတဲ့မြို့နယ်တွေပါ ကျောင်းတွေ တိုးချဲ့ပြီးဖွင့်လာပြီးတော့မှ  သူ့ရဲ့အခြေခံ လုပ်နိုင်တဲ့ ဟာတွေကို ကျွန်တော်တို့သွားကြရမယ်” ဆိုတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)မှာ  ပြောကြားခဲ့တာကို မှတ်သားပြီး    မျှဝေပေးလိုက်ပါတယ်။

ဆိုခဲစေမြဲစေဆိုတဲ့အတိုင်း ယခုပညာသင်နှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ခရိုင် ၅၀ က အခြေခံပညာကျောင်းတွေမှာ စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းတွေအဖြစ်   သင်ကြားပေးတော့မှာပဲ  ဖြစ်ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေနဲ့  နိုင်ငံပိုင်ရုပ်သံ မီဒီယာတွေမှာလည်း အသိပေး နှိုးဆော်ခဲ့ပြီးလည်းဖြစ်ပါတယ်။ သည်နှစ်မှာ ဖွင့်လှစ်သင်ကြားမယ့် စက်မှုစိုက်ပျိုး မွေးမြူရေး ကျောင်းတွေဆီ  သူတို့ကလေးတွေကို ကျောင်းပြောင်းဖို့ စီစဉ်နေကြတာကိုလည်း မျက်ဝါးထင်ထင် တွေ့ခဲ့ရပါတယ်။  ဆက်လက်ပြီး ကျန်သည့်ခရိုင်များမှာလည်း ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် တိုးချဲ့ဆောင်ရွက် သွားမှာဖြစ်ပါတယ်။  နိုင်ငံတော် အစိုးရအနေနဲ့ ပညာရေးကို အစဉ်တစိုက် အားပေးမြှင့်တင်နေချိန်မှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေ၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့ကလည်း နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းဆောင်ရွက်ကြဖို့   အသိပေး တိုက်တွန်းလိုပါတယ်။

အလယ်တန်းအဆင့် KG+9   အထိ မသင်မနေရ ပညာရေးစနစ်ဟာ နိုင်ငံတော်အစိုးရရဲ့  ပညာရေး ရည်မှန်းချက်ပဲဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပဲဖြစ်ပါတယ်။ တစ်ရက်က  သတင်းစာဖတ်ရင်း  ပညာရေး မှတ်တမ်းတစ်ခုကို မှတ်မှတ်သားသား  ဖတ်မိလိုက်ပါသေးတယ်။   ဒါကတော့ ၁၉၉၉-၂၀၁၄ ခုနှစ်ထိ ပြည်ထောင်စုတစ်ခုလုံးမှာ ကျောင်းစတက်ခဲ့တဲ့ အရေအတွက်ပါပဲ။ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပြည်ထောင်စုတစ်ခုလုံးရဲ့ ကျောင်းစတက်ခဲ့တဲ့  လူငယ်ပေါင်း ၁၉ ၄၄၁၇၁၁ ဦး ရှိခဲ့ပါတယ်။ သည်အထဲကမှ အလယ်တန်းအဆင့် ၅ တန်း တက်ရောက်နိုင်ခဲ့သူ  ၁၁၁၃၇၃၁၈  ဦးသာ ရှိခဲ့ပြီး အထက်တန်းထိ တက်ရောက်နိုင်ခဲ့သူဟာ  ၇၇၈၇၄၁၂ ဦးသာရှိပါတယ်။  စာရေးသူတို့နိုင်ငံရဲ့ ပညာရေးကို  အားလုံးမှန်းဆနိုင်မှာပါ။ ဒါကြောင့် စာရေးသူတို့ နိုင်ငံအတွက်   ပညာရည်မြင့်မားရေး အရေးကြီးနေပုံကိုသိမြင်ပြီး   အိမ်တိုင်းမှာ ကျောင်းသားမိဘကိုယ်စီက မိမိကလေးကို စာသင်ခန်းထဲ ရောက်အောင် မဖြစ်မနေပို့ဆောင်ဖို့ တာဝန်ရှိကြောင်း တိုက်တွန်းလိုပါတယ်။

 “စာရေးသူတို့နိုင်ငံရဲ့ တစ်နံတစ်လျားမှာ သည်လိုစာသင်ချိန် စာသင်ခန်းထဲ ရောက်မနေနိုင်တဲ့ ကလေးတွေ ဘယ်လောက်များ ရှိနေဦးမှာလဲ၊  သည်လိုစာသင်ချိန် စာသင်ကျောင်းကို   ရောက်မနေတတ်တဲ့ ကလေးတွေကို   ဘယ်လိုပုံစံနဲ့ စာသင်ခန်းထဲကို ကျွန်တော်တို့ပို့ဖို့လိုမလဲ၊  သည်လိုအခြေအနေတွေကို    မသိကျိုးကျွန်မပြုကြရင် ကောင်းမယ်၊  ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းဖွင့်ချိန်ကျောင်းခန်း အသီးသီးရောက်အောင်  တာဝန်ရှိသူအားလုံးက တစ်လက်အားကနေ  တစ်တပ်တစ်အားထိ  ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုလာပြီ”ဆိုတာကို အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းသို့မရောက်လာတဲ့ကလေးသူငယ်အချို့ကို   တွေ့ရတဲ့အခါ စာရေးသူစိတ်ထဲ ထိုသို့သော အတွေးစတွေ အများကြီး ကျန်ခဲ့ပါတယ်။

မကြာမီစတင်တော့မယ့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတော် အသီးသီးဆီကို ရောက်အောင် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါ။  လက်ရှိ ပညာသင်နှစ်မှသည် နောင်ပညာသင်နှစ်များစွာတိုင် မောင်တို့မယ်တို့ ကျောင်းခန်းကိုယ်စီဝင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ အမိမြေကြီးအတွက် အပြုံးပန်းတွေ ဆင်နိုင်အောင် မိဘ၊ ဆရာ၊ ကျောင်းသားတို့     လက်တွဲညီညီနဲ့ ကြိုးစားကြဖို့  တိုက်တွန်း လိုက်ရပါတော့တယ်။  ။

ကျော်တေဇ(ဉက္ကလာ)