နေပြည်တော်၊ နိုဝင်ဘာ- ၃
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာစာကျောင်းသူဟောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား/ ကျောင်းသူဟောင်းများ ဖြစ်ကြသည့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့် ဇနီးများက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ နီလာအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်တို့ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက အဖွင့်အမှာစကား ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လှူဒါန်းသည့် လှူဒါန်းငွေကျပ် သိန်း ၃၀ ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့် ဇနီးများမှ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ ကျော်တို့အား ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တိုင်းမှူးတို့က ပေးအပ်လှူဒါန်းကြရာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တိုင်းမှူးတို့က ပါမောက္ခချုပ်နှင့် အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု Face Mask များအား ပေးအပ်ခဲ့သည်။
မြန်မာ့ပညာရေး၏ရှေ့ဆောင်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ရှေးဦးအစဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီးအား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်မြောက်မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ စာရေးဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ ပညာမင်းကြီး ဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာစာပညာရှင် ဒေါက်တာလှဘေ စသည့် တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များစွာ မွေးထုတ်ပေးနိုင်သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ ကမ္ဘာ့ လူသားအကျိုးပြု ခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။