၂၀၂၃ ခုနှစ် တူကီယဲ (ယခင်တူရကီ) သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ

၂၀၂၃ ခုနှစ် တူကီယဲ (ယခင်တူရကီ) သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ

နိဒါန်း

    တူရကီသမ္မတနိုင်ငံကို တူကီယဲသမ္မတ နိုင်ငံအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကုန်အမှတ်တံဆိပ်ရေးသား ဖော်ပြမှုများ၌ စတင်ပြောင်းလဲ အသုံးပြုခဲ့သည်။ ၂၀၂၂ ခုနှစ် မေလတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ၎င်းတို့နိုင်ငံ အမည်အား တူကီယဲ    သမ္မတနိုင်ငံဟု  ပြောင်းလဲအသုံး ပြုပေးပါရန်  တရားဝင် အကြောင်းကြားမှုဖြင့် ပြောင်းလဲခေါ်ဝေါ် အသုံးပြုလျက်ရှိသည်။

တူကီယဲနိုင်ငံတွင်  ၂၀၁၇   ခုနှစ်၌ ပြည်လုံးကျွတ်  ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ပါလီမန်စနစ်မှ   သမ္မတစနစ်သို့ ပြောင်းလဲခဲ့ကာ   ဝန်ကြီးချုပ်ရာထူးကိုလည်း ဖျက်သိမ်း၍ လွှတ်တော်ရွေးကောက်ပွဲများနှင့်အတူ   သမ္မတရွေးကောက်ပွဲကို ကျင်းပရန် သတ်မှတ်ခဲ့သည်။

၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို  မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ၆၄ သန်းကျော်အနက် လာရောက် မဲပေးသူ ၅၄ သန်းကျော်ရှိသည့် အတွက် မဲပေးသူရာခိုင်နှုန်း ၈၆.၉၈ ရာခိုင်နှုန်းရှိသည်။

သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း သုံး ဦးရှိပြီး ပထမအဆင့်  ယှဉ်ပြိုင်ချိန်တွင် ကိုယ်စားလှယ်လောင်း တစ်ဦးမျှ ခိုင်လုံမဲ ၅၀ ရာခိုင်နှုန်းကျော်  ရရှိခြင်း မရှိသည့်အတွက် ခိုင်လုံမဲအရေအတွက် အများဆုံးရရှိသည့် လက်ရှိသမ္မတ Erdogan နှင့် ၎င်း၏ အဓိကပြိုင်ဘက် Kemal KilicDaroglu တို့သည် လာမည့် မေလ ၂၈ ရက်နေ့တွင်  ဒုတိယအကျော့ ရွေးကောက်ပွဲကို   ဝင်ရောက်ယှဉ်ပြိုင် သွားရတော့မည် ဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၂၆ ပါတီရှိပြီး နိုင်ငံရေးပါတီ ခုနစ်ပါတီမှ ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။ တူကီယဲနိုင်ငံရှိ   နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင်  နိုင်ငံရေး ခံယူချက်တူညီသည့် ပါတီများ အချင်းချင်းစုစည်း၍ Alliance ဖွဲ့စည်း ဆောင်ရွက်ကြသည်ကိုလည်း တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ်   ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ အနက် Alliance အဖွဲ့အစည်း ငါးဖွဲ့ တွေ့ရှိရပြီး Alliance အဖွဲ့အစည်းတစ်ခုလျှင် အနည်းဆုံးပါတီ လေးပါတီမှ အများဆုံး ခုနစ်ပါတီအထိ ပါဝင်ကြသည်။

ရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့် မဲဆန္ဒနယ် ၈၇ နယ်တွင် ကိုယ်စားလှယ်လောင်း ၆၀၀ ဦးအား အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ရာ လက်ရှိသမ္မတ Erdogan ၏ Justice and Development Partyမှ  ကိုယ်စားလှယ် ၂၆၈ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။    ၎င်း၏ Allianceပါတီများဖြစ်သော Nationalist Movement Party မှ ၅၀ နေရာဖြင့်  စတုတ္ထနေရာမှ လည်းကောင်း၊ New Welfare Party  မှ  ငါးနေရာဖြင့်  ဆဋ္ဌမနေရာမှ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

Nation Alliance ညွန့်ပေါင်းအဖွဲ့အစည်းတွင် ပါဝင်သည့် ပါတီ ခြောက်ပါတီအနက် သမ္မတလောင်း Kemal Kilicdaroglu ၏ Republican People's Party မှ ကိုယ်စားလှယ် ၁၆၉ ဦးဖြင့် ဒုတိယနေရာတွင် လည်းကောင်း၊    Good Party မှ ကိုယ်စားလှယ် ၄၃ ဦးဖြင့် ပဉ္စမနေရာတွင်လည်းကောင်း    အသီးသီး အနိုင်ရရှိခဲ့သည်။

Labour and Freedom Alliance တွင်ပါဝင်သည့် ပါတီ ခုနစ်ပါတီအနက် Party of Greens and the Left Future ပါတီမှ ကိုယ်စားလှယ် ၆၁ ဦးဖြင့် တတိယနေရာတွင် လည်းကောင်း၊ Workers Party of Turkey မှ ကိုယ်စားလှယ် လေးဦးဖြင့် သတ္တမနေရာတွင် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ  ၂၆  ပါတီနှင့်   တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံရေးပါတီ ၂၆ ပါတီအနက် ၁၅ ပါတီသည် Alliance အဖွဲ့အစည်းငါးခု အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကျန်ပါတီ ၁၁ ပါတီသည် Alliance ဖွဲ့စည်းခြင်းမရှိဘဲ   သီးခြားစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သမ္မတလောင်းအမည်စာရင်း တင်သွင်းရာတွင်    နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌     နိုင်ငံရေးပါတီ အစုအဖွဲ့များ၊ နိုင်ငံရေး ပါတီများသည် ခိုင်လုံမဲ စုစုပေါင်း၏ ၅ ရာခိုင်နှုန်း ရရှိလျှင်သော် လည်းကောင်း၊   အနည်းဆုံးမဲဆန္ဒရှင် တစ်သိန်း၏    အဆိုပြုချက်ဖြင့်သော်လည်းကောင်း   အမည်စာရင်း  တင်သွင်းနိုင်သည်။

သမ္မတရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်း လေးဦးရှိသော်လည်း   မေလ   ၁၁  ရက်နေ့တွင် Muharrem ince နုတ်ထွက်သွားသည့် အတွက် ကျင်းပချိန်တွင် ကိုယ်စားလှယ်လောင်း သုံးဦးသာ ကျန်ရှိသည်။

အသက် ၆၉ နှစ်အရွယ်ရှိ သမ္မတလောင်း (လက်ရှိသမ္မတ) Erdogan သည် တူကီယဲနိုင်ငံအား နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့သူတစ်ဦးဖြစ်ပြီး     ၂၀၂၃ ရွေးကောက်ပွဲတွင်   ထပ်မံအနိုင်ရရှိ၍ ခေတ်သစ် တူကီယဲနိုင်ငံတွင် အရှည်ကြာဆုံးသော နိုင်ငံအုပ်စိုးသူအဖြစ် မှတ်တမ်းဝင်ရန် မျှော်လင့်နေသူဖြစ်ကာ Justice and Development Party (AKP)ပါတီတည်ထောင်ခဲ့သည့် ပါတီခေါင်းဆောင်လည်း ဖြစ်သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် သမ္မတအဖြစ် လွှတ်တော်မှခန့်အပ်ခြင်း ခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင်လည်း ရွေးကောက်ပွဲမှတစ်ဆင့် ဆန္ဒမဲ ၅၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် သမ္မတ တင်မြှောက်ခံခဲ့ရသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ဆန္ဒမဲ ၄၉ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည့်အတွက်    ဒုတိယအကျော့ ရွေးကောက်ပွဲတွင်    ထပ်မံဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

အသက် ၇၄ နှစ်အရွယ်ရှိ သမ္မတလောင်း Kemal သည် ပါတီခြောက်ပါတီ ပါဝင်သော Nation Alliance မှ တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းဖြစ်ကာ အဓိက အတိုက်အခံပါတီ ခေါင်းဆောင်အနေဖြင့် ၁၃ နှစ်ကြာ ရပ်တည်လာသူလည်း ဖြစ်သည်။ ၎င်းသည် ခေတ်သစ်တူကီယဲနိုင်ငံ၏ ဖခင်ကြီးဖြစ်သော   Mustafa Kemal Ataturk တည်ထောင်ခဲ့သည့် Republican Peoples Party (CHP)၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၄  ဒသမ ၈၉ ရာခိုင်နှုန်း ရရှိခဲ့သည့်အတွက်    ဒုတိယအကျော့ ရွေးကောက်ပွဲ၌ သမ္မတ Erdogan နှင့်ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

မဲဆန္ဒရှင်စာရင်း

    မဲစာရင်းပြုစုရာတွင် အမြဲတမ်းနေရပ် လိပ်စာပေါ်တွင်မူတည်၍   ပြုစုထုတ်ပြန်ခြင်းဖြစ်ပြီး    မဲဆန္ဒရှင်များ အနေဖြင့် မတ်လ ၂၀ ရက်မှ ဧပြီလ ၂ ရက်အတွင်း လာရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များအား ပြင်ဆင်ခွင့်ရရှိခဲ့သည်။

မဲပေးပိုင်ခွင့်ရှိသူ

    ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၄ သန်းရှိပြီး ပထမအကြိမ် မဲပေးမည့်သူ ၆ သန်းကျော်နှင့် ဧပြီ ၂၇ ရက်မှ မေလ ၉ ရက်အတွင်း ကြိုတင်မဲပေးရမည့် ကြိုတင်မဲပေးခွင့်ရှိသူ ၃.၄ သန်းကျော်ရှိသည်။

မဲရုံအရေအတွက်

    နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၁၉၀ç၇၃၆ ကျော်ရှိသည်။

မဲရုံဖွင့်ချိန်နှင့်ပိတ်ချိန်

    မဲရုံများကို ဒေသစံတော်ချိန် နံနက် ၈ နာရီတွင်ဖွင့်လှစ်၍ ညနေ ၅ နာရီတွင် ပိတ်သိမ်းသည်။

ရွေးကောက်ပွဲဝင်ဆောင်ပုဒ်

    သမ္မတလောင်း Erdogan ၏ APKု ပါတီ မဲဆွယ်စည်းရုံးသည့် ရွေးကောက်ပွဲဝင် ဆောင်ပုဒ် (Campaign Slogan) မှာ ''Right time, right man' ဖြစ်သည်။

သမ္မတလောင်း Kemal ၏ CHP ပါတီ မဲဆွယ်စည်းရုံးသည့်  ရွေးကောက်ပွဲဝင် ဆောင်ပုဒ်မှာ ''Promise you, spring will come again'' ဖြစ်သည်။

တူကီယဲနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေး အကျပ်အတည်းများနှင့် ဖေဖော်ဝါရီလတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်၏ ပျက်စီးဆုံးရှုံးမှုမြင်ကွင်းများ၊ အခက်အခဲ၊ ပြဿနာများကို ပုံဖော်ကြည့်ပါက CHP ပါတီ၏ Sloganသည် နိုင်ငံ့ပကတိ အခြေအနေနှင့် ပိုမိုကိုက်ညီလျက်ရှိကြောင်း   နိုင်ငံရေး လေ့လာသူများက ဝေဖန်ထောက်ပြကြသည်။

ဥပဒေပြုအဖွဲ့အစည်း

    တူကီယဲနိုင်ငံတွင် ဥပဒေပြုလွှတ်တော် ဖြစ်သည့် Grand National Assembly (TBMM)ကို ပြည်သူများမှ  ရွေးချယ် တင်မြှောက်သည့် ကိုယ်စားလှယ် ၆၀၀ ဦးဖြင့် ဖွဲ့စည်းထားသည်။  ကိုယ်စားလှယ်များ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။

မဲဆန္ဒနယ်

    တူယီကဲနိုင်ငံကို ခရိုင် ၈၁ ခရိုင်ဖြင့် ဖွဲ့စည်းထားပြီး ခရိုင်တစ်ခုချင်းစီ အလိုက် မဲဆန္ဒနယ်များ ထပ်မံပိုင်းခြားသတ်မှတ်ရာ မဲဆန္ဒနယ် ၈၇ နယ်ရှိသည်။ မဲဆန္ဒနယ် တစ်ခုချင်းစီအလိုက် ရရှိမည့်ကိုယ်စားလှယ် အရေအတွက်ကို  ယင်းမဲဆန္ဒနယ်တွင် နေထိုင်လျက်ရှိသည့်လူဦးရေအပေါ်တွင် မူတည်၍ တွက်ချက် သတ်မှတ်ပေးသည်။

ရွေးကောက်ပွဲစနစ်

    တူကီယဲနိုင်ငံတွင် ၂၀၁၈ ခုနှစ် မတိုင်မီအထိ ပါလီမန်စနစ် ကျင့်သုံးခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် သမ္မတစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။ ထို့အတွက်ကြောင့် ၂၀၁၈ ခုနှစ်မှစတင်၍ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ငါးနှစ်လျှင် တစ်ကြိမ် တစ်ပြိုင်နက် ကျင်းပဆောင်ရွက်သည်။

သမ္မတရွေးကောက်ပွဲတွင် နှစ်ကျော့ပြိုင် စနစ်ကျင့်သုံးသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ အနက် ကနဦး (ပထမအကျော့) ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတွင်   မည်သည့်ကိုယ်စားလှယ်လောင်းမျှ ၅၀ ရာခိုင်နှုန်းအထက် ခိုင်လုံမဲ မရရှိခဲ့လျှင် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးအား ရွေးချယ်၍  ဒုတိယအကျော့  ပြန်လည်ယှဉ်ပြိုင်ရသည့် စနစ်ဖြစ်သည်။

တူကီယဲနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲများကို မဲဆန္ဒနယ်အားလုံးတွင် တစ်ပြိုင်တည်း၊ တစ်ရက်တည်း ကျင်းပဆောင်ရွက်ပြီး လွတ်လပ်၍ တရားမျှတသော လျှို့ဝှက် ဆန္ဒမဲပေးခြင်းစနစ်ကို   ကျင့်သုံးသည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် ပါတီ သို့မဟုတ်  နိုင်ငံရေး အဖွဲ့အစည်းတစ်ခု (Alliance)  ကိုသာ ရွေးချယ်ရခြင်းဖြစ်ပြီး ယင်းပါတီ သို့မဟုတ် Alliance  အတွင်းရှိ ၎င်းတို့နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို   သီးသန့်ရွေးချယ် မဲပေးခွင့်မရှိသည့် Closed List PR  စနစ်အား ကျင့်သုံးခြင်း ဖြစ်သည်။

Alliance ဖွဲ့စည်းထားသည့် ပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းရာတွင်   ၎င်းတို့အဖွဲ့အစည်း အတွင်းရှိ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်း ကိုယ်စားလှယ်လောင်းစာရင်း (Common Candidate Lists)ကို တင်သွင်းရခြင်းဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲတွင် အနည်းဆုံး ရရှိရမည့်   ခိုင်လုံမဲအရေအတွက် (Threshold)ကို ၇ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ဥပဒေပြင်ဆင်ပြောင်းလဲမှုများ

၂၀၁၈ ခုနှစ်ရွေးကောက်ပွဲတွင် Thres-hold ကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီလတွင် သတ်မှတ်ချက်ကို ၇ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

ထို့ပြင် Alliance ဖွဲ့စည်းထားသည့် ပါတီများအကြား  ကိုယ်စားလှယ်နေရာ ခွဲဝေသတ်မှတ်ပုံကိုလည်း ပြောင်းလဲခဲ့သည်။ မူလက ကိုယ်စားလှယ်နေရာ ခွဲဝေရာတွင်  Alliance ပါတီများရရှိသည့် စုစုပေါင်း မဲအရေအတွက်ပေါ်တွင် မူတည်တွက်ချက်ခြင်း ဖြစ်သည်။ ပြောင်းလဲလိုက်သည့် ဥပဒေသစ်တွင်   ကိုယ်စားလှယ်နေရာကို ပါတီတစ်ခုချင်းစီ အလိုက်ရရှိသည့် ဆန္ဒမဲ အရေအတွက်ပေါ်တွင်ပါ မူတည် တွက်ချက်နိုင်ခြင်းဖြစ်သည်။

နိဂုံး

တူကီယဲနိုင်ငံတွင် ရွေးကောက်ပွဲများကို   ကြီးကြပ်ဆောင်ရွက်ပေးရသည့် ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့အစည်းမှာ ဗဟိုရွေးကောက်ပွဲ ကျင်းပရေးကောင်စီ (Supreme Election Council) ဖြစ်ပြီး Website  လိပ်စာမှာ့ https://www.ysk.gov.tr/en/supreme-election-council/1841ဖြစ်သည်။       ရွေးကောက်ပွဲများ ကျင်းပရာတွင်  Turkey's Constitution of 1982 with Amendments through 2017နှင့် Tukey' Law on Parliamentary Elections တို့နှင့်အညီ ကျင်းပဆောင်ရွက် ခြင်းဖြစ်သည်။   မေလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကျော့ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ Erdogan က ထပ်မံအနိုင်ရရှိ၍ သမိုင်းမော်ကွန်း ရေးထိုးနိုင်မည်လား   သို့တည်းမဟုတ် သမ္မတလောင်း Kemalက အနိုင်ရရှိ၍ သမိုင်းသစ် စတင်နိုင်မည်လားဆိုသည်ကို ရင်သပ်ရှုမောဖွယ် စောင့်ကြည့်သွားရတော့မည်ဖြစ်ပေသည်။  ။

မယ်ငီး