နေပြည်တော်၊ နိုဝင်ဘာ - ၃
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို တပ်မတော်မှ ရဟတ်ယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ကူညီပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အတွက် မတူပီမြို့မှ ပေးပို့သည့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သော ကြိုတင်မဲလက်မှတ်စာအိတ် ၅၀၀ အိတ်၊ မင်ဘူး ၃၀ ဘူး၊ ဆန္ဒမဲ လက်မှတ်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရန် လိုအပ်သည့် ပစ္စည်းများကို အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ မတူပီတပ်နယ်မှ တပ်မတော်သားများက ရဟတ်ယာဉ်ပေါ်သို့ တင်ဆောင်၍ ကူညီပို့ဆောင်ပေးပြီး ပလက်ဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဦးစီးအရာရှိ ဦးအောင်မျိုးဟိန်းထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသ၌ နယ်မြေလုံခြုံရေး တာဝန်များထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။