ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များတည်ဆောက်စို့

ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များတည်ဆောက်စို့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၈ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်   တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးကောင်းမွန်မှုသည် နိုင်ငံတိုင်းအတွက် အဓိကအရေးပါလှသည့် အချက်ဖြစ်ပေရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရတိုင်းက ဦးစားပေး ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်သည့်အတွက် စီးပွားရေးမှာလည်း ဈေးကွက်စီးပွားရေးကို ကျင့်သုံးလျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မြန်မာ (နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲ(စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း)နယ်စပ် စီးပွားရေးကုန်စည်ပြပွဲ) ဖွင့်ပွဲအခမ်းအနားကို မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။ မြန်မာ  (နေပြည်တော်)- တရုတ်(လင်ချန်း) ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်  လားရှိုးမြို့တွင် လည်းကောင်း၊   ဒုတိယအကြိမ်ကုန်စည်ပြပွဲကို ၂၀၂၁ ခုနှစ်တွင် လည်းကောင်း၊ တတိယအကြိမ် ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ်တွင် အွန်လိုင်းမှတစ်ဆင့် လည်းကောင်း ကျင်းပခဲ့သည်။  ယခုစတုတ္ထအကြိမ်မြောက် ကုန်စည်ပြပွဲကို    “ဖွံ့ဖြိုးမှုသစ်များ ရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့်   နေပြည်တော်တွင် မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်   နိုင်ငံ့တာဝန်အရပ်ရပ်ကို   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ထမ်းဆောင်လျက်ရှိသည့် ယနေ့ကာလတွင် တရုတ်-မြန်မာချစ်ကြည်ရေး ပိုမိုကောင်းမွန်လာခြင်း၊ ကိုဗစ်-၁၉ ရောဂါပပျောက်ရေးကို နှစ်နိုင်ငံပူးတွဲဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအရ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု၏ အခန်းကဏ္ဍသည် ယခင်ကာလများထက် ပိုမိုအရေးပါလာခြင်း စသည့် အခြေအနေကောင်းများ ရှိခြင်းတို့ကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများ အကြားတွင် တရုတ်နိုင်ငံသည် အဓိကကုန်သွယ်ဖက် နိုင်ငံအဖြစ် နှစ်စဉ်ရပ်တည်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကို ကုန်သွယ်မှုကဏ္ဍ၏ အရေးပါသည့်  မူဝါဒတစ်ရပ်အဖြစ်  ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်။    စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း)စီးပွားရေး ကုန်စည်ပြပွဲသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့ကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ခိုင်မာအားကောင်းမှု၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေလျက်ရှိသည့် ပြပွဲလည်းဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် အစိုးရအချင်းချင်းသာမက  ပုဂ္ဂလိကလုပ်ငန်းရှင်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးတွင်   မြန်မာနိုင်ငံက  အဓိကတင်ပို့လျက်ရှိသည့်  ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ပြန့်စွာ တင်ပို့နိုင်ရေးသည် အရေးကြီးသည်။ တရုတ်နိုင်ငံ အနေဖြင့် ဒေသတွင်း သဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးပါက ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဒေသများတွင် ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူစေရေးတို့ကိုလည်း နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် ရေမြေတောတောင်ချင်း ဆက်စပ်ပြီး ယူနယ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ရှေးပဝေသဏီကပင် စတင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အကြီးဆုံးသွင်းကုန် အရင်းအမြစ်နှင့် ပို့ကုန်ဈေးကွက်ရှိကြသည်။ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် ပထဝီအနေအထားအရ တစ်မူထူးခြားသည့် အားသာချက်နှင့် ခိုင်မာသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ လက်ရှိအချိန်တွင် ယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လာစေခြင်းသည် နှစ်ဦးနှစ်ဖက်တူညီသည့် မျှော်မှန်းချက်ဖြစ်သည်။ နှစ်နိုင်ငံ ပြည်သူတို့၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီသည်။

နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုကုန်စည်ပြပွဲမှာ အရေးပါလှသည့် ပြပွဲတစ်ခုဖြစ်သည်။ မြန်မာ-တရုတ်ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် ယခုကုန်စည်ပြပွဲ (Platform)ကို ထိရောက်စွာ အသုံးပြုပြီး  ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် “ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့}} ဆောင်ပုဒ်နှင့်အညီ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး လမ်းကြောင်းသစ်များ တည်ဆောက်နိုင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။     ။