မုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ပါ

မုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ပါ

မုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စား သောက်မိခြင်းမှတစ်ဆင့် ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အသွင်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားပါက အရည်ဝမ်းသွားခြင်း၊ အော့အန် ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိ လစ်ခြင်းတို့ဖြစ်ပွားနိုင်သည့်အပြင်   အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

အကယ်၍ နာရီပိုင်းအတွင်းမှာပင် ဆန်ဆေးရည် အရောင်ဝမ်းများ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်ရက်တည်းမှာပင် သုံးကြိမ်နှင့်အထက် ဝမ်းသွား ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း သို့မဟုတ် ရေအငမ်းမရသောက်ပြီးနောက် ထို ရေအတိုင်းဝမ်းသွားခြင်း၊ ရေသောက်လျှင် ရေပြန်အန် ထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပါက ဓာတ်ဆားရည် များများသောက်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသကာ ကုသမှုခံယူသင့်သည်။

မုန်တိုင်းကျရောက်ပြီးနောက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများမဖြစ်ပွားစေရန် အောက်ပါအချက်များကို လိုက်နာကျင့်သုံးကြရမည်။

 (က) သောက်သုံးရေသန့်ရရှိရေး

- FDA အသိအမှတ်ပြု  သောက်ရေသန့်ရရှိရန်  အခက်အခဲရှိပါက   ရေကိုကျိုချက်၍လည်း ကောင်း၊  ကျန်းမာရေးဌာန၏   ညွှန်ကြားချက် အတိုင်း  စနစ်တကျရေသန့်စင်ဆေးပြားခတ်၍ လည်းကောင်း၊  ကလိုရင်းဆေးကို  စနစ်တကျ ခတ်၍လည်းကောင်း အသုံးပြုပါ။

  (ခ) လက်သန့်စင်ရေး

- အစားအစာများ ကိုင်တွယ်ခြင်းမပြုမီ၊  အစား မစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောပါ။

- ကယ်ဆယ်ရေးစခန်းများတွင် လက်သန့်စင်ရန် အတွက်  ဆပ်ပြာနှင့်ရေများ အသင့်ထားရှိပေး ပါ။

 (ဂ) အစားအစာသန့်ရှင်းရေး

-  အစားအစာများကို  သန့်ရှင်းစွာချက်ပြုတ်၍ ယင်မနားစေရန်  ဖုံးအုပ်ထားပါ။ အစားအစာ များကို ပူပူနွေးနွေးစားပါ။

-   မှိုတက်နေသောအစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်။

 (ဃ) အိမ်သာသန့်ရှင်းရေး

-  သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုပါ။

-  ကလေးငယ်များ၏ မစင်ကို ယင်မနားအောင် စနစ်တကျ စွန့်ပစ်ပါ။

-  တခြားသူများသို့    ဆက်လက်မကူးစက်နိုင် အောင် ဝမ်းသွားပြီးတိုင်း သန့်စင်ခန်း(အိမ်သာ)ကို ရေနိုင်နိုင်လောင်းချပါ။

-   ဝမ်းပျက်၊ ဝမ်းလျှောရောဂါခံစားရသည့် လူနာ၏ အညစ်အကြေးများ၊    အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် လျှော်ဖွပ်ခြင်း မပြုရပါ။

ဝမ်းပျက်၊ ဝမ်းလျှောရောဂါအတွက် အိမ်တွင်းကုထုံးများ

    အောက်ပါ  အိမ်တွင်းကုထုံးများက   ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။

-ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးသည့် အနေဖြင့် ရေကျက်အေး များများသောက်ပါ။ ဆားနှင့် သကြားကို  ဆတူရောသောက်ပါ  သို့မဟုတ် သီးစုံ ဓာတ်ဆားရည်သောက်ပါ။ လက်ဖက်ရည်ကြမ်းထဲကို သကြားအနည်းငယ် ထည့်သောက်ပါ။ ချင်းပြုတ်ရည် သောက်ပါ။ အညိုရောင်ထန်းလျက်ကိုကျိုပြီး အနည် စစ်သောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။

- ဒိန်ချဉ်ထဲတွင် ပါရှိသော    လက်တစ်အက်စစ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ ဝမ်းသွားစေတတ်သော    ဗက်တီးရီးယားပိုးများကို   သေစေနိုင်သည့် အတွက် ဒိန်ချဉ်စားပါ။

 -ဝမ်းလျှောသည့် အကြိမ်ရေများသည့်အခါ သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခန်းသွားသဖြင့် သက်သက်သာသာအနားယူပါ။

-ဝမ်းသွားခြင်းရပ်တန့်သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ နို့ထွက်ပစ္စည်းများဖြစ်သော နို့၊ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို မစား သောက်သင့်ပေ။

-ကစီဓာတ်ကြွယ်ဝသော   အစားအစာများဖြစ်ကြ သည့်  ထမင်း၊   ဆန်ပြုတ်၊  စွပ်ပြုတ်၊   ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊  ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် တို့ကို စားပေးနိုင်သည်။

-အမျှင်ဓာတ်များသော အစားအစာများက အစာ အိမ်နှင့်အူလမ်းကြောင်းကို ထိခိုက်နိုင်သဖြင့် ဝမ်းလျှောပြီးနောက် လေးရက်ခန့်ကြာသည်အထိ မစားသင့်ပေ။  (ကွေကာကလည်း   အမျှင်ဓာတ်များသော  အစား အစာဖြစ်၍ ရှောင်ကြဉ်သင့်သည်။)

 -လိမ္မော်သီးအခွံများကလည်း ဝမ်းပျက်၊ ဝမ်းလျှော ခြင်းအတွက် ကောင်းကျိုးပြုနိုင်သောကြောင့် လိမ္မော်ခွံကိုပြုတ်၍သော် လည်းကောင်း၊ ရေနွေးဆူဆူတွင်ခတ် ၍ သော် လည်းကောင်း အအေးခံသောက်သုံးသင့်သည်။

-သီးစုံပဲကုလားဟင်းချက်ရာတွင်   အသုံးပြုလေ့ရှိသော ပဲနံ့သာပင်အစေ့ကို ရေစိမ်သောက်ပါ။(ပဲနံ့သာပင်အစေ့များကို    ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်)

 -ဆီးသီးလုံးခန့် ပမာဏရှိသော နနွင်းမှုန့်ကို ရေနွေး ကြမ်းဖြင့် သုံးရက်ဆက်တိုက်သောက်ပါက ဝမ်းသွား ခြင်းကို လုံးဝပျောက်ကင်းနိုင်သည်။

-သီးသီးအမှည့်၊ သစ်ကြားသီး၊ ဂွေးသီးမှည့်၊ ကရဝေး သီး၊ ကြာဖြူ၊ ကြာညိုဝတ်ဆံ၊ မန်ကျည်းသီးစိမ်းတို့ကိုလည်း  စားပေးသင့်သည်။  ရေသဖန်းပင်အခေါက်၊ ကြေးပန်းအရွက်၊   ကြောင်လျှာမြစ်တို့ကို   ပြုတ်၍ သောက်ပါက ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာ စေသည်။

-ပရန္နဝါမြစ်၊   ကရမက်နှင့်   ဇာတိပ္ဖိုလ်သီးတို့ကို သွေး၍သောက်ပါ။ ဆန်ဆေးရည်သောက်ပါ။

-မြေအိုးတစ်လုံးထဲ  ကန်စွန်းရိုးနီ  ၁၁ ပင်ကို သင့် သလိုဖြတ်တောက်၍  အညိုရောင်ထန်းလျက်  ၁၅ ကျပ်သားထည့်ကာ ကန်စွန်းရိုးများ ရေမြုပ်သည်အထိ ထည့်ကာ နူးအိလာအောင် ပြုတ်ပေးပါ။  ထိုပြုတ်ရည်နွေးနွေးအား   ရေဆာတိုင်းသောက်ပါ။   တစ်ကြိမ်သောက်လျှင်   ရေနွေးကြမ်းပန်းကန်လုံးတစ်လုံးစာသောက်ပါ။  ဤနည်းအတိုင်း   ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သောက်ပြီးပါက သူ့အလိုလို ဝမ်းရပ်သွားပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော်  ဝမ်းပျက်၊ ဝမ်းလျှောခြင်း သည်   မိုးတွင်းကာလ တစ်ခုတည်းတွင်သာမဟုတ်ဘဲ အချိန်ကာလမရွေး၊ လူကြီးလူရွယ်လူငယ်မရွေး အခန့် မသင့်လျှင်ဖြစ်တတ်သည်။  မြန်မာနိုင်ငံရှိ  အသက် ငါးနှစ်အောက် ကလေးငယ်များတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းများပြားပြီး    အထူးသဖြင့်  မုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ရောဂါလည်းဖြစ်သဖြင့် အထက်တွင်ဖော်ပြထားသော အချက်အလက်များအတိုင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်အောင်   ကြိုတင်ကာကွယ်နိုင်ပါကြောင်း  ရေးသား လိုက်ရပါသည်။                   

ပေါက်ပေါက်