ကလေးသူငယ်များကို ပြုစုပျိုးထောင်ကြရာဝယ်
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၂၈ ဒသမ ၆ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်အောက် ကလေးအရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ကလေးဘဝမှာ အကောင်းဆုံး ပြုစုပျိုးထောင်ခဲ့မှ အသက်အရွယ်ကြီးရင့်လို့ နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့အခါ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာနိုင်ပါမယ်။ ကလေးပြုစုရေးအတွက် လုံလောက်တဲ့အချိန်ရရှိအောင် ၂၀၁၉ခုနှစ်မှာ ကလေးအဖြစ် သတ်မှတ်တဲ့ အသက်အရွယ်ကို ၁၈ နှစ်အထိ နိုင်ငံတော်က ပြောင်းလဲပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။
ကလေးဆိုတာ နိုင်ငံတော်အတွက် အဖိုးတန်တဲ့ လူသားစွမ်းအား အရင်းအမြစ်ဖြစ်ပါတယ်။ ဒီအရင်းအမြစ်တွေကို စနစ်တကျပြုစုပျိုးထောင်ရေးက အလွန်အရေးကြီးပါတယ်။ ကလေးသူငယ်ပြုစုရေးဟာ နိုင်ငံတော်တစ်ခုထဲမှာသာ တာဝန်ရှိတာမဟုတ်ဘဲ မိဘအပါအဝင် ကလေးပြုစုရေးနဲ့ ဆက်စပ်သမျှလူတွေ အားလုံးမှာ တာဝန်ရှိတာဖြစ်ပါတယ်။
ဒါ့ကြောင့် ကလေးတွေနဲ့ထိတွေ့ဆက်ဆံကြရတဲ့သူတွေက အထူးသတိထားပြီး ပြုစုစောင့်ရှောက်ကြဖို့လိုပါတယ်။
ကလေးတွေကို ကျောင်းမှာအရိုက်မခံရစေချင်ရင် အိမ်မှာလည်းမရိုက်ပါနဲ့။ ကျောင်းမှာစည်းကမ်းနဲ့ နေတတ်အောင် အိမ်မှာလည်း စည်းကမ်းရှိဖို့ အလေ့အကျင့်လုပ်ပါ။ ကျောင်းမှာ ဆရာ၊ ဆရာမ ပြောစကားကို နားထောင်စေချင်ရင် အိမ်မှာကတည်းက ပြောစကားနားထောင်တတ်အောင် လေ့ကျင့်ပေးပါ။ ဖုန်းတွေပေါတဲ့ခေတ်၊ နည်းပညာတိုးတက်ပြီး ကြည့်စရာပေါများတဲ့ခေတ်မှာ အချင်းချင်းစကားပြောတဲ့ အကျင့်နည်းသွားပါတယ်။ မိဘတွေကလည်း အလုပ်ပြီးရင် ဖုန်းကိုယ်စီနဲ့ဆိုတော့ မိသားစုထဲမှာ စကားမပြောကြသလို ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ပြောတဲ့စကား ကို နားထောင်တတ်အောင်ဆိုတာ သီးသန့်လေ့ကျင့်ပေးရမယ့် အကြောင်းအရာ ဖြစ်လာခဲ့ပါပြီ။
နည်းပညာတွေ တိုးတက်ခေတ်မီလာတာနဲ့အတူ ဖုန်းတွေကအဆင့်မြင့်လာပြီး ဖုန်းတစ်လုံးနဲ့ အရာရာလုပ်နိုင်တဲ့ ခေတ်ကြီးမှာ လူငယ်တွေ စကားလက်ဆုံဝိုင်းဖွဲ့ပြောဖို့ စိတ်မပါတော့ပါဘူး။ သူငယ်ချင်း အချင်းချင်းတောင် ဂိမ်းကစားတော့မှတွေ့ပြီး ဂိမ်းထဲရောက်မှ စကားပြောကြတဲ့အထိ ဖြစ်နေကြပါတယ်။ စကားပြောကြတဲ့ အလေ့အကျင့်မရှိတော့ ပြောတဲ့စကားကို နားထောင်မပေးတတ်ဘူး။ နားထောင်ပြီးရင်လည်း ဘာပြောလိုက်တယ်ဆိုတာနဲ့ ဘာလုပ်ပေးရမလဲဆိုတာကို မသိပြန်ဘူး။ နားမထောင်တတ်တဲ့အတွက် မဖြစ်မနေ စကားပြောရတော့မယ် ဆိုရင်လည်း ထိရောက်အောင် မပြောတတ်တော့ပါဘူး။ ကလေးတစ်ယောက်တလေ မဟုတ်ဘဲ ကလေးတော်တော်များများ ဖြစ်နေတာတွေ့ရပါတယ်။
တယ်လီဖုန်းတွေမပေါ်ခင်က လက်ဖက်ရည်ဆိုင်မှာ လူငယ်ချင်းတွေ့ဆုံပြီး ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေကို ကိုယ်မြင်တဲ့ရှုထောင့်ကနေ ဆွေးနွေးကြပြီး အမှားအမှန် သုံးသပ်ဝေဖန်ကြပါတယ်။
ဖတ်ခဲ့တဲ့စာတွေထဲက မှတ်သားစရာတွေ ဝေမျှကြပါတယ်။ လူမှုဆက်ဆံရေး ပညာကို အဲ့ဒီလက်ဖက်ရည်ဆိုင် စကားဝိုင်းတွေက သင်ယူခဲ့ရပါတယ်။ အများငေးလောက်အောင် စကားပြောကောင်းသူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နားလည်းထောင်ခဲ့တယ်။ ကိုယ်တိုင်လည်း ပြောတတ်အောင် လေ့ကျင့်ခဲ့ကြပါတယ်။
လက်ဖက်ရည်ဆိုင်မှာ စကားဝိုင်းဖွဲ့တဲ့ခေတ်နဲ့ တယ်လီဖုန်းခေတ်၊ ခေတ်နှစ်ခေတ်ကို နှိုင်းယှဉ်ကြည့်ပြီး ဘာ့ကြောင့် ပြောစကားကို နားမထောင်တတ်အောင် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်မိပါတယ်။ အချိန်တော်တော်ယူပြီးတဲ့နောက်မှာတော့ ဖြစ်လာရတဲ့အကြောင်းကို မှန်းဆနိုင်ခဲ့ပါတယ်။ တစ်နေကုန် အလုပ်ပင်ပန်းလို့ နားချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိဘတွေက ကလေးတွေကို အရေးတယူ စကားမပြောကြလို့၊ နားအေးရင်ပြီးရော ကလေးကိုဖုန်းပေးထားကြလို့ပါပဲ။
လူကြီးကလည်း ဖုန်းနဲ့ငြိမ်သက်နေပြီး ကလေးကလည်း ဖုန်းနဲ့ငြိမ်နေပါတယ်။
အိမ်မှာ ဝိုင်ဖိုင်ပါတပ်လိုက်ပါတယ်။ ဒီတော့ ကလေးရဲ့ တစ်နေ့တာအတွေ့အကြုံနဲ့ ခံစားချက်တွေ ပြောခွင့်မရှိတော့ဘူး။ ကလေးကလည်း ဖုန်းသုံးနေရလို့ မပြောပြချင်တော့ဘူး။ ကလေးရဲ့ နေ့စဉ် အခက်အခဲတွေလည်း မသိရတော့ဘူး။ နေ့စဉ်ပြုမိမှားတဲ့ အရာတွေအပေါ် ဆုံးမစကားတွေ မပြောဖြစ်တော့ဘူး။ ကလေးက အရွယ်မတိုင်ခင် မဖြစ်သင့်တာတွေဖြစ်ကြမှ၊ ဒါမှမဟုတ် ရောဂါတစ်ခုခုဖြစ်ကြမှ အမလေးတကြပါတယ်။
ဒါတွေက ဖြစ်နေကျမထူးဆန်းတော့ဘူး ဆိုပေမယ့် လူမှုဆက်ဆံရေး ပညာသင်ရမယ့် အချိန်မှာ မသင်လိုက်ရတဲ့အတွက် ကလေးဘဝတစ်ခုလုံး နစ်နာရပါတယ်။ ဒါ့ကြောင့် နောက်ထပ် မွေးဖွားလာတဲ့ ကလေးတွေကို သူများပြောစကားကို နားထောင်တတ်တဲ့၊ ကိုယ်ကပြောတဲ့အခါလည်း စကားကိုလိုရင်းရောက်အောင် ထိထိမိမိပြောတတ်တဲ့ ကလေးတွေဖြစ်လာစေဖို့ နည်းလမ်းရှာပြီး တည့်မတ်ဖို့ ကြိုးစားကြရပါတော့မယ်။
ဒီအခါမှာ ကျွန်မတို့ငယ်စဉ်က လူကြီးမိဘတွေပုံပြင်ပြောပြပြီး ဝိုင်းနားထောင်ခဲ့ရတာ အမှတ်ရမိပါတယ်။ နေ့စဉ် အဘိုး၊ အဘွား၊ အဖေ၊ အမေနဲ့ ဦးကြီး၊ ဒေါ်ကြီးတွေက အကြောင်းတိုက်ဆိုင်တိုင်း ပုံတိုပတ်စတွေနဲ့ ဆုံးမလေ့ရှိပါတယ်။ သိမှတ်စရာပုံပြင်တွေကို ညဘက်လသာသာမှာ လူကြီးတွေက အချိန်ယူပြီး ပြောပြကြတယ်။
နားထောင်ခဲ့ရတဲ့ ပုံပြင်တွေက အမျိုးမျိုးပါပဲ။ ဗုဒ္ဓဝင်၊ ငါးရာ့ငါးဆယ်၊ ဓမ္မပဒတွေထဲက ဘုရားဟောဇာတ်တော်တွေကို ကလေးတွေ နားလည်လွယ်အောင်ပြောပြကြပါတယ်။ ကျွန်မငယ်ငယ်က အဘိုးပြောပြခဲ့တဲ့ ပုံပြင်ထဲက “ထင်းခုတ်သမားသားအဖ မိုးချုပ်လို့ မြို့ပြင်မှာ အိပ်ရတဲ့အခါ ဘီလူးကြီးက စားဖို့ ကလေးကိုလာဆွဲတယ်တဲ့။ မိဘတွေက သရဏဂုံသုံးပါးကို နှုတ်တက်ရွရွ ရွတ်ဖတ်တတ်အောင် သင်ထားတဲ့အတွက် အိပ်နေတဲ့ကလေးက ရောင်ရမ်းပြီး သရဏဂုံကိုရွတ်တဲ့အခါ ဘီလူး မစားနိုင်တော့ဘူး”လို့ မှတ်သားရတဲ့အတွက် သရဏဂုံကို အမြဲထုံမွမ်းနေအောင် ရွတ်ဖတ်ခဲ့ပါတယ်။ အရွယ်ရောက်လာတော့ ဗုဒ္ဓဝင်တွေကို ပိုသိအောင်လေ့လာပြီး ဘုရားတရားကို ကြည်ညိုတဲ့သူဖြစ်လာပါတယ်။
နားထောင်ခဲ့ရတဲ့အထဲမှာ ရှေးမြန်မာ ရာဇဝင်ထဲက မှတ်သားစရာအကြောင်း အရာတွေပါသလို၊ လိမ္မာအောင် ဆုံးမဖို့ ဖန်တီးထားတဲ့ပုံပြင်တွေလည်း ပါပါယ်။ မြန်မာသူရဲကောင်းတွေအကြောင်း နားထောင်ရရင် အားတက်ဝမ်းမြောက်ရပါတယ်။
မြန်မာ့ထီးနန်းဆုံးရှုံးရတဲ့ အကြောင်းတွေ ကြားရတဲ့အခါ မခံချိမခံသာ ဖြစ်ရပါတယ်။
ရွှေယုန်နဲ့ရွှေကျား သက်ငယ်ရိတ်သွားတဲ့ ပုံပြင်ကို နားထောင်ရတဲ့အခါ ညစ်ပတ်တဲ့ စိတ်ထားရှိတဲ့ ရွှေယုန်ကိုမုန်းပြီး ရွှေယုန်ညစ်ပတ်သမျှခံရတဲ့ ရွှေကျားကြီးကို အားမလိုအားမရဖြစ်မိတယ်။ ရသအမျိုးမျိုးရစေတဲ့ ပုံပြင်တွေက ကျွန်မတို့ကြီးပြင်းလာတဲ့အခါ ဘဝနေနည်းကို အထောက်အပံ့ပြုခဲ့ပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာလည်း ကလေးတွေကို အကျိုးရှိစေတဲ့ပုံပြင်တွေ ပြောပြကြရမှာဖြစ်ပါတယ်။
ကလေးတွေကို ပုံပြင်ပြောပြခြင်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘဝအောင်မြင်ဖို့ ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။
ရိုးသားခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းနဲ့ ကြင်နာတတ်ခြင်းစတဲ့ မွန်မြတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ကလေးရဲ့ရင်ထဲရောက်အောင် ပုံပြင်ပြောပြီး ထည့်သွင်းပေးလိုက်နိုင်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပြောပြတဲ့အတွက် ကလေးတို့ရဲ့နားထောင်စွမ်းရည်နဲ့ အာရုံစူးစိုက်မှုတို့ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဇာတ်လမ်းအဖြစ်အပျက်တွေကို မြင်ယောင်ကြည့်ရင်း သူတို့ရဲ့စိတ်ကူးဉာဏ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း လှုံ့ဆော်ပေးပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ပိုပြီးသိရှိနားလည်မြတ်နိုးတတ်အောင် ပုံပြင်တွေကအထောက်အကူပြုပါလိမ့်မယ်။ မြန်မာတို့ရဲ့ မြတ်နိုးစရာ ဓလေ့ထုံးတမ်း အစဉ်အလာတွေကိုလည်း ပုံပြင်ပြောရင်း မိတ်ဆက်ပေးစေချင်ပါတယ်။ ကလေးတို့ဘဝဟာ ကာလရှည်သင်ယူခြင်းနဲ့ သွားနေရပေမယ့် မြန်မာမှုအစဉ်အလာတွေကို သီးသန့်သင်ကြားပြသပေးတဲ့နေရာ မရှိသလောက်ပါပဲ။ လူကြီးမိဘတွေကလည်း ပုံပြင်တွေပြောပြရင်း၊ ပုံပြင်ပြောပြဖို့ လေ့လာကြရင်း မြန်မာ့ယဉ်ကျေးမှုရဲ့ အနှစ်သာရတွေကို စဉ်ဆက်မပြတ်သင်ကြားပေးဖို့ အထူးပင် လိုအပ်လှပါကြောင်း တင်ပြအပ်ပါတယ်။
အခုနှစ်နွေရာသီမှာ မြန်မာနိုင်ငံအနှံ့ “ယဉ်ကျေးလိမ္မာသင်တန်း”တွေ ဖွင့်လှစ်တာတွေကို တွေ့မြင်ရပါတယ်။ ဗုဒ္ဓဝင်ပုံပြင်တွေပြောပြပြီး ဆရာ၊ ဆရာမတွေက ယဉ်ကျေးလိမ္မာဖို့ သင်ကြားနေကြတာ တွေ့ရပါတယ်။ အလွန်ပဲဝမ်းမြောက်ဝမ်းသာ ကြိုဆိုရပါတယ်။ ဒီနေ့ခေတ်ဟာ ပညာခေတ်ဖြစ်လို့ ပညာတတ်ဖို့ အရေးကြီးပါတယ်။ ပညာသာမက နှလုံးသားထဲမှာ ယဉ်ကျေးလိမ္မာမှုတွေရှိနေမှ လူကောင်းလူတော်တွေ ဖြစ်လာကြပါမယ်။ သင်တန်း တက်ရောက်ကြတဲ့ ကလေးငယ်များနဲ့ အားကြိုးမာန်တက် သင်ကြားပေးကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို လေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။ ကျေးလက်က ကလေးတွေက လယ်ယာလုပ်ငန်းနဲ့မစိမ်းပေမယ့် မြို့ပြက ကလေးတွေအနေနဲ့ လယ်ယာလုပ်ငန်းစဉ်ကို မသိကြပါဘူး။ ပုံပြင်ထဲမှာ ထည့်ပြောပြရင် ကလေးတွေအတွက် ဗဟုသုတလည်းရပြီး နိုင်ငံကိုချစ်တဲ့စိတ် လယ်ယာမြေကိုတန်ဖိုးထားတဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
စိုက်ပျိုးရေးကိုအခြေခံလုပ်ကိုင်တဲ့ နိုင်ငံသားတစ်ယောက်ကို စိုက်ပျိုးရေးအကြောင်း မိတ်ဆက်ပေးဖို့ ငွေကုန်ကြေးကျမများဘဲ ပုံပြင်တွေက အကောင်းဆုံးကူညီပေးနိုင်ပါလိမ့်မယ်။
စာနာမှုဆိုတာ လူတိုင်းမှာရှိသင့်တဲ့ အရာဖြစ်ပါတယ်။ ပုံပြင်တွေကို နားထောင်ပြီး ကလေးတို့ရဲ့ စာနာနားလည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ချင်းစာတရားရှိတဲ့ သူဟာလည်း လူဆိုးဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ကိုယ်ချင်းစာတရားရှိတဲ့သူဖြစ်အောင် ပုံပြင်ပြောပြီးလေ့ကျင့်ပေးလို့ရပါတယ်။ ပုံပြင်ကို သမားရိုးကျ ပြောတာမျိုးမဟုတ်ဘဲ အသံအနိမ့်အမြင့် အတက်အကျနဲ့ ကလေးစိတ်ဝင်စားအောင် ပြောပြဖို့လိုပါမယ်။ ကလေးက မရှင်းလင်းလို့ မေးခွန်းမေးလာရင်လည်း ဓမ္မဓိဋ္ဌာန်ကျကျဖြေပေးရပါမယ်။
ပုံပြင်ဆိုတာ ကလေးကို ဝေါဟာရကြွယ်ဝလာအောင်လည်း အထောက်အကူ ပြုပါတယ်။ စကားလုံးအသစ်တွေကို စိတ်ဝင်တစားနဲ့ လိုက်ပြီးပြောဆိုတဲ့အခါ ကလေးရဲ့ စကားပြောစွမ်းရည်လည်း တိုးတက်လာနိုင်ပါတယ်။ ခံစားချက်တွေကို ရှင်းလင်းတိကျအောင်ပြောဆိုတတ်ပြီး သူ့ရဲ့လိုအပ်ချက်တွေကိုလည်း ပြောပြတောင်းဆို တတ်လာပါလိမ့်မယ်။ တခြားသူတွေနဲ့လည်း ပြောဆိုဆက်ဆံတတ်တဲ့ စွမ်းရည်တိုးတက် လာနိုင်ပါတယ်။
ဇာတ်လမ်းကို စိတ်ဝင်တစား မှတ်သားတဲ့အတွက် မှတ်ဉာဏ်စွမ်းရည်ကိုလည်း ဖွံ့ဖြိုးစေနိုင်ပါတယ်။ မှတ်သားတတ်တဲ့အကျင့်ရလာတဲ့အတွက် ကျောင်းစာတွေသင်ယူရာမှာ အထောက်အကူပြုပါတယ်။ ပုံပြင်ဇာတ်လမ်းတွေကနေ ဆင်ခြင်သုံးသပ်တတ်တဲ့အကျင့်ရလာတဲ့အတွက် ကျောင်းသင်ခန်းစာတွေကို အလွတ်ကျက်တာမျိုးမဟုတ်ဘဲ ဆက်စပ်စဉ်းစားတတ်လာမှာလည်း ဖြစ်ပါတယ်။
ပုံပြင်ပြောပြတဲ့နည်းဟာ ကလေးနဲ့လူကြီးမိဘတွေကြား အကောင်းဆုံးနှောင်ဖွဲ့တဲ့ နည်းလည်းဖြစ်ပါတယ်။ ပုံပြင်ပြောပြတဲ့သူကို ပိုပြီးသံယောဇဉ်ရှိပါတယ်။ ရင်းနှီးမှုရှိတဲ့အတွက် ကလေးရဲ့ယုံကြည်မှုကိုလည်း ရရှိနိုင်ပါတယ်။ ကလေးရဲ့ အခြေအနေကိုကြည့်ပြီး အကောင်းဆုံး ထိန်းကျောင်းခွင့်ကိုရမှာဖြစ်လို့ လမ်းမှားရောက်တဲ့ ကလေးမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။
ပုံပြင်နားထောင်နေကျ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ပုံပြင်နဲ့မတင်းတိမ်တော့ဘဲ ပိုသိချင်တဲ့အကြောင်းတွေကို စာအုပ်စာပေတွေမှာ ရှာဖွေဖတ်ရှုကြရင်း စာဖတ်နာတဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။ စာဖတ်ပြီး တွေးတောဆင်ခြင်တတ်လာရင် ပိုပြီးတန်ဖိုးရှိတဲ့သူတွေ ဖြစ်လာကြမှာပါ။ ပုံပြင်ပြောပြလို့ ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ ကလေးတွေအတွက် အလွန်ပဲများပြားပါယ်။ ကလေးပြုစုရေးနဲ့ ဆက်စပ်သူတွေအနေနဲ့ ကလေးတွေကို ပုံပြင်ပြောပြဖို့ အချိန်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနရဲ့ မူလတန်းကြိုကျောင်းတွေမှာ ပုံပြင်ပြောတဲ့အချိန် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလည်း ပုံပြင်ပြောပြိုင်ပွဲတွေနဲ့ အွန်လိုင်းပုံပြင်ပြောတဲ့ အစီအစဉ်တွေ လုပ်ဆောင်နေတာကိုလည်းတွေ့လို့ နှစ်ထောင်းအားရဖြစ်ရပါတယ်။
ပုံပြင်ပြောပြတဲ့အခါ ကလေးရဲ့စိတ်ကိုထွေပြားစေတဲ့ ပုံပြင်တွေ၊ စိုးရိမ်ကြောက်လန့်စေတဲ့ သရဲတစ္ဆေပုံပြင်တွေ၊ အယူအဆလွဲမှားစေတဲ့ပုံပြင်တွေ၊ ဘာသာရေးအယူအဆ လွဲစေတဲ့ပုံပြင်တွေနဲ့ လူလူချင်းစာနာထောက်ထားမှုကင်းမဲ့စေတဲ့ ပုံပြင်တွေကိုတော့ မပြောစေချင်ပါဘူး။ နုနယ်တဲ့အရွယ်မှာ ဘာသာတရား ကိုင်းရှိုင်းမှုကို အထောက်အကူဖြစ်စေတဲ့၊ နိုင်ငံနဲ့လူမျိုးကို ချစ်ခင်စေတဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အရေးထားစေတဲ့၊ စာနာစိတ်ကိုဖြစ်ပေါ်စေတဲ့၊ ရဲစွမ်းသတ္တိဖြစ်စေတဲ့ ပုံပြင်မျိုးကိုသာ ပြောသင့်ပါတယ်လို့ အကြံပြုပါရစေ။
ငွေကုန်ကြေးကျမများဘဲ ကလေးကိုပြုစုပျိုးထောင်နိုင်တဲ့နည်းကတော့ ပုံပြင်ပြောပြတဲ့နည်းဖြစ်ပါတယ်။ ခြေတစ်လှမ်းတည်းနဲ့ ခရီးမရောက်နိုင်ပေမယ့် နေ့စဉ်လှမ်းတဲ့ခြေလှမ်းပေါင်းများစွာကတော့ ရီးတစ်ခုကိုအောင်မြင်ပေါက်မြောက်အောင် ရောက်နိုင်ပါလိမ့်မယ်။
ဒီလိုပဲပုံပြင်ပြောတာဟာ တစ်ရက်တည်းနဲ့ အကျိုးထူးမယ့်လုပ်ငန်းတော့မဟုတ်ပါဘူး။
ရေရှည်မှာတော့ ကလေးဘဝဖွံ့ဖြိုးရေးသာမက ကလေးတစ်ဦးချင်းစီကနေ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထိ အကျိုးသက်ရောက်မှု ရှိလာနိုင်တဲ့အတွက် ကလေးများနဲ့ဆက်နွှယ်နေတဲ့သူများအားလုံးကို အချိန်ပေးပြီး ပုံပြင်ပြောပြပေးကြပါလို့ အထူးပဲမေတ္တာရပ်ခံပန်ကြားလိုက်ရပါတယ်။ ။
သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)