ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မေ - ၂၈

    တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာ ရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

    ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လှူဒါန်းသည့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ ရေသန့်ကဒ်များ၊ ကော်ပုံး(အကြီး/အသေး)များ၊ ဆေးကုသရေးဆိုင်ရာ ပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

    အလားတူ သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ငါးသေတ္တာဗူးများ၊ ဆပ်ပြာခဲ၊ ဆပ်ပြာတောင့်၊ ဆပ်ပြာမှုန့် များ၊ အဝတ်အထည်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မိုးကာလိတ်များနှင့် စားသောက်ဖွယ်ရာများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ပို့ဆောင်နေမှုများကို   တာဝန်ရှိသူများက လာရောက်အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့် ငွေများပေးအပ်ကြသည်။

    အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။