သဘာဝစွမ်းအင်ဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် လျှပ်စစ်ဓာတ်အား
ကမ္ဘာကြီးဟာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ တစ်စတစ်စ ဖြစ်ပေါ်တိုးပွား များပြားလာတာကြောင့် ရာသီဥတုဖောက်ပြန် အပူဓာတ် လွန်ကဲမှုတွေဖြစ်လာနေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း တိုးပွားစေကာ လူနဲ့သဘာဝ ပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုများ လာနေပြီဖြစ်ပါတယ်။
လူသားများရဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များပြားလာတာကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ထုတ်လုပ်မှုဖြစ်ပေါ်စေတဲ့ အင်ဂျင်အတွင်း လောင်ကျွမ်းပေါက်ကွဲ စွမ်းအားသုံး(ICE)
ယာဉ်များအတွက် နိုင်ငံခြားမှ ဝယ်ယူဖြည့်တင်းပေးနေရတဲ့ နိုင်ငံခြားငွေများ ဆုံးရှုံးမှုကိုလည်း ထိန်းသိမ်းကာကွယ်နိုင်ဖို့ အဲ့ဒီ(ICE) ယာဉ်များကို အစားထိုး အသုံးပြုနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး လျှပ်စစ်ယာဉ်များကို အစားထိုး အသုံးပြုနိုင်ကြဖို့ သုတေသနပညာရှင်များက တီထွင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အထွေထွေသယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ICEယာဉ်များသုံးရန် တွင်းထွက်လောင်စာဆီများ ဝယ်ယူပေးနေရတဲ့ ဈေးနှုန်းမှာလည်း တစ်စတစ်စကြီး ကြီးမြင့်လာတဲ့ ဝန်ထုပ်ဝန်ပိုး လျော့နည်းပပျောက်ရေး၊ သိပ္ပံနည်းပညာသုတေသန ပညာရှင်များရဲ့တီထွင်ဖော်ဆောင် ပေးလာနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များဖြစ်ပေါ်စေတဲ့ တွင်းထွက်လောင်စာဆီများ သုံး အတွင်းပေါက်ကွဲစွမ်းအား ဖော်ဆောင်ပေးတဲ့ (ICE)ယာဉ်များနေရာများတွင် လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV)များနဲ့အစားထိုး အသုံးပြုခွင့်ရနိုင်လာရန် ၁၉၆၀-၁၉၇၀ ပြည့်နှစ်ကတည်းက သုတေသနပြု ကြိုးပမ်းခဲ့ကြပြီး ၁၉၇၁ ပတ်ဝန်းကျင်လောက်မှာ လူသိများကျော်ကြားကာ သုံးစွဲသူပွားများ လာခဲ့ပါတယ်။
တွင်းထွက်လောင်စာဆီ စွမ်းအားသုံး(ICE)ယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံး(EV) ယာဉ်များကို အစားထိုးအသုံးပြု ကျော်လွှားနိုင်နေပြီဖြစ်သလို သုတေသနပညာရှင်များရဲ့ အဆင့်အဆင့် ထပ်ဆင့်တီထွင် အသုံးချလာနိုင်အောင် ဖော်ဆောင်ပေးမှုကြောင့် လျှပ်စစ်စွမ်းအင်ကို နေရောင်ခြည်စွမ်းအား၊ လေအား၊ ရေစွမ်းအား ယခင်ကသဘာဝပုံမှန် ရေစီးအားသန်ရေကြောရှိတဲ့ နေရာများမှာသာ ရေအားဖြင့် လျှပ်စစ်စွမ်းအင် ထုတ်ယူ အသုံးပြုနိုင်ခဲ့ကြပေမယ့် သုတေသနပညာရှင်များရဲ့ တီထွင်ဖန်တီးပေးနိုင်စွမ်းမှုကြောင့် သဘာဝမြေအနေအထား အခြေအနေပေါ်မူတည်ပြီး မိမိတို့ပညာရှင်များ ဖန်တီးတည်ဆောက် ရယူနိုင်တဲ့ လူဖန်တီးနိုင်သော အစဉ်မပြတ်ရေစီးအား စွမ်းအင်(Continuous Artificial Hydro Power)တို့သညလူသားများအတွက် ရေရှည် စဉ်ဆက်အထူး အကျိုးပြုနိုင်မည်ကိုလည်း အလေးထား အသုံးချနိုင်အောင် နည်းပညာအသစ်များကိုကြိုးပမ်း အကောင်ထည်ဖော်နိုင်ကြရပါမည်။
EV ယာဉ်များနေရာဒေသ အနှံ့မှာ ဘက်ထရီများ အားနည်းသွားသည့်အခါ အခက်အခဲမရှိ အားပြန်ဖြည့်နိုင်မယ့် လျှပ်စစ်စွမ်းအင်ဖြည့်တဲ့ စနစ်(Rechar-ging Stations)များကို လက်ရှိအင်အား အပြည့်အ၀ မဖြန့်ဖြူးပေးနိုင်သေးတဲ့ မဟာဓာတ်အားလိုင်း စွမ်းအားမလျော့စေအောင် အစဉ်စွမ်းအားဖြည့် ပေးနိုင်မည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့ နေရောင်ခြည်စွမ်းအားသုံး လျှပ်စစ်ကားများအား ဖြည့်သွင်းစနစ် (EV Recharging Stations) များဖြင့် ဖြည့်တင်းပေးနိုင်အောင် သုတေသန ပညာရှင်များက တီထွင်ပေးနိုင်တာဟာလည်း လျှပ်စစ်မီးပြတ်သည့်အခါနှင့် လျှပ်စစ်မီးမရောက်သေးသည့် နေရာဒေသများအတွက် အထူးအကျိုးရှိစေပါမည်။
လျှပ်စစ်စွမ်းအင်သုံး EV ယာဉ်များဟာ လူနဲ့ကုန်ပစ္စည်း အထွေထွေအစုံစုံ သယ်ယူပို့ဆောင်ရေးမှာ ယခင်အလေးထား အသုံးပြုရင်း ကာဗွန်ဒိုင်အောက်ဆိုက် များစွာဖြစ်ပေါ်စေနိုင်တဲ့ ICE ပေါက်ကွဲအင်ဂျင်စနစ် (လေးလံရှုပ်ထွေး အစိတ်ပိုင်းများစွာကြောင့် ပြုပြင်ထိန်းသိမ်းနေမှု ကုန်ကျစရိတ် မကြာခဏဖြစ်စေပြီး လေးလံအသံကျယ်ဖြစ်ပေါ် တတ်စေပါတယ်)ကို EV များဖြင့် အစားထိုးကြရပါမည်။
ICE ယာဉ်များလည်ပတ်စွမ်းအား ဖြစ်စေဖို့လိုအပ်တဲ့ အစိတ်အပိုင်းများစွာနဲ့ ရွေ့လျားစွမ်းအင်ကို ဖန်တီးပေးရမှု အထွေထွေပြုပြင် ထိန်းသိမ်းမှုကုန်ကျစရိတ် လျော့နည်းစေပြီး ငြိမ့်ညောင်းပေါ့ပါးအသံ မထွက်လွယ်ကူစွာ လှုပ်ရှားသွားလာ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ EV ယာဉ်ကို များစွာ သုံးစွဲနေကြပြီဖြစ်ပါတယ်။
လတ်တလောမိမိတို့ နိုင်ငံအနေနဲ့ EV ယာဉ်များ အစပြုသုံးကြရာမှာ အရေအတွက်နည်းခြင်း၊ အများပြည်သူများ သွားလာလွယ်ကူ စရိတ်သက်သာစေရေး၊ အဓိကနိုင်ငံခြားငွေကို သုံး၍ လက်ရှိ ICE ယာဉ်များလိုအပ်တဲ့ လောင်စာဆီများ ဝယ်ယူဖြည့်တင်း ပေးသွင်းနေရမှုတို့ အလျင်အမြန် လျော့ကျပျောက်ကွယ်ရေး၊ လူသားများကျန်းမာရေး ထိခိုက်မှုလျှော့ချပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရေး တို့အတွက် အကြံပြုချင်ပါတယ်။
လတ်တလောကာလ EV ယာဉ်စတင် သုံးစွဲနေနိုင်မှုကို တစ်စတစ်စတိုး သုံးစွဲလာနိုင်ရေး များလာစေပြီး တိုင်းပြည်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပြည်ပမှနိုင်ငံခြားငွေနဲ့ ICE အင်ဂျင်အတွက် တွင်းထွက်ဆီ ဝယ်ယူတင်သွင်း နေရမှုလျော့ကျစေအောင် EV ယာဉ်များ မြန်မာပြည်တွင်း အသုံးများစေနိုင်ဖို့ ငွေကြေးသင့်မြတ်စွာ သုံးနိုင်တဲ့ အများစု လူတန်းစားပြည်သူများ အတွက် အကျိုးဖြစ်စေအောင် အများပြည်သူ ဝယ်ယူအသုံးပြုနိုင်မယ့် ငွေကျပ်သိန်းသုံးရာခန့် တန်ဖိုးရှိ EV Mini Van{ထိုင်ခုံလေးခုံပါ၊ တံခါးသုံးပေါက်ပါ ဗင်ကား (နောက်ဘက် ပစ္စည်းတင်အပေါက်အပါအဝင်)}ကားများ ဦးစားပေး တင်သွင်းဖြန့်ဖြူး ရောင်းချပေးပြီး အရေအတွက် အလျင်မြန်တိုးပွား အများပြည်သူများ ဝမ်းပန်းတသာ သုံးနိုင်ကြရေးအတွက် အစိုးရနဲ့ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများနဲ့ပင်စင်စားများကိုလည်း အဆိုင်းဖြင့်ငွေပေးချေ ဝယ်ယူခွင့် စနစ်ကို ဘဏ်အဖွဲ့အစည်း၊ အုပ်စုဖွဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့ အစုအဖွဲ့များနဲ့ ချိတ်ဆက်စီမံပေးနိုင်အောင်လည်း ဖော်ဆောင်ပေးနိုင်လျှင် ပြည်သူများအနေဖြင့် ဝမ်းသာမိမှာဖြစ်ပါတယ်။
ဒါမှ ICE ယာဉ်များအစား EV များစွာကို အစားထိုး အသုံးချနိုင်ကာ တွင်းထွက်လောင်စာဆီ နိုင်ငံခြားက တင်သွင်းနေရမှုများ လျော့နည်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထွက်ပေါ်မှု ထိန်းသိမ်းကာကွယ်စေနိုင်ရေး စတဲ့ရည်မှန်းချက်များကို ထိရောက်စွာ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအားသုံး EV Recharging Stations များကြောင့် လျှပ်စစ်စွမ်းအား မလုံလောက်မှု ကိုနေရာဒေသ လုပ်ငန်းတိုင်း လျှပ်စစ်စွမ်းအင်ရစေအောင် နေရောင်ခြည်စွမ်းအားနဲ့ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်ကာ EV ယာဉ်များ အားသွင်းစနစ်အတွက်သာမက ပြည်သူများ အထွေထွေ လိုအပ်မှုများ အတွက်ကိုလည်း ဖော်ဆောင်ရယူနိုင်ကြမှာဖြစ်ပါတယ်။
လူဦးရေတစ်စတစ်စ တိုးတက်လာပြီး အထွေထွေ စီးပွားရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စက်မှု ဇုန်များ၊ အစိုးရစက်ရုံများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ မဖြည့်ဆည်းပေးနိုင်မှု အခက်အခဲကိုလည်း အပြည့်အဝရရှိနိုင်ကြရေး အစိုးရ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ ဆက်စပ်ပြည်သူများ အားလုံးစုပေါင်း ညီညာ ဖော်ဆောင်ယူနိုင်ကြတဲ့ သဘာဝမှ ပေးအပ်နေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အစိုးရနဲ့ပြည်သူ လက်တွဲညီစွာ အသုံးချနိုင်အောင် စီမံဖော်ဆောင် ကျော်လွှားနိုင်ကြသည်ကို အသိရှိရှိဖြင့် ကြိုတင်ပြင်ဆင် အကောင် အထည်ဖော်ကြရအောင်။ ။
သိပ္ပံနည်းပညာ အင်ဂျင်နီယာ(ထွန်း)