ရန်ကုန်၊ အားကစား
လာမည့်ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကနူး/ကယက် အားကစားနည်းအတွက် တရုတ်နိုင်ငံသား နည်းပြတစ်ဦးကို ခန့်အပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗီယက်နမ်ဆီးဂိမ်း ကျင်းပရေးကော်မတီမှ ထုတ်ပြန်သည့် အားကစားနည်းများတွင် မြန်မာလှေလှော်အဖွဲ့ အားသာသည့် ရိုးရာလှေပြိုင်ပွဲမပါဝင်သော်လည်း ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ အမျိုးအစားများ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာလှေလှော်အဖွဲ့အနေဖြင့် ဆီးဂိမ်းယှဉ်ပြိုင်ရန် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။
“လာမယ့်ဆီးဂိမ်းမှာ ရိုးရာလှေပြိုင်ပွဲ မပါပေမယ့် ကနူး/ကယက်နဲ့ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတို့ ပါဝင်ပါမယ်။ ဒါကြောင့် ဆီးဂိမ်းအတွက် ကြိုတင်လေ့ ကျင့်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကနူး/ကယက်အားကစားနည်းအတွက် တရုတ်နိုင်ငံသားနည်းပြတစ်ဦး ခေါ်ယူဖို့စီစဉ်ထားပြီး အပြည်ပြည် ဆိုင်ရာလှေပြိုင်ပွဲကိုတော့ ပြည်တွင်းနည်းပြနဲ့ပဲ လေ့ကျင့်ပါမယ်။ လက်ရှိမှာ COVID-19 ရောဂါ အခြေအနေ ကြောင့် ပြည်ပနည်းပြ ခေါ်ယူရတာ အခက်အခဲရှိပေမယ့် အဆင်ပြေအောင် ကြိုးစားပါမယ်” ဟု ၎င်းကပြော သည်။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းတွင်လည်း ကနူး/ကယက် အားကစားနည်း အတွက် တရုတ်နိုင်ငံသားနည်းပြတစ်ဦး ခေါ်ယူခဲ့ဖူးပြီး လာမည့်ဆီးဂိမ်းအတွက်လည်း ထပ်မံခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် လက်ရှိတွင် ဆီးဂိမ်းအတွက် ကစားသမားများ စုစည်းလေ့ကျင့်နိုင်ခြင်း မရှိသေးသော်လည်း ယခုနှစ် နှစ်ကုန်ပိုင်းတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ