တစ်စေ့မှတစ်ပင် တစ်ပင်မှတစ်စုဖြစ်ဖို့ ဝိုင်းဝန်းညီညာ သစ်ပင်စိုက်စို့

တစ်စေ့မှတစ်ပင် တစ်ပင်မှတစ်စုဖြစ်ဖို့ ဝိုင်းဝန်းညီညာ သစ်ပင်စိုက်စို့

    မိုးဦးကျလေပြီ။ မိုးနှင့်အတူ နှုတ်ဖျားတွင် ရွတ်ဆိုမိသည်ကား    

          “သစ်တောနဲ့သစ်ပင်

          ချစ်ခင်တဲ့လူမျိုး     

          သစ်ပင်ကိုနှစ်စဉ်စိုက်

          ရွှေတိုက်ကိုစိုး”

ဟူသည့် စာချိုးလေးပင်။ ထိုစာချိုးလေးအား မြန်မာနိုင်ငံတစ်ဝန်း ကားလမ်း၊ ရထားလမ်းဘေးရှိ တစ်အုပ်တစ်မစိုက်ခင်းများနှင့် သဘာဝသစ်တော ဧရိယာများတွင် ဆိုင်းဘုတ်များအဖြစ် စိုက်ထူထားသည်ကို  လွန်ခဲ့သော နှစ်များစွာမှသည်  ယနေ့ထက်တိုင် တွေ့မြင်နေရဆဲဖြစ်သည်။

သစ်တောကြီးများစွာကိုမဆိုနှင့်။ မိမိတို့အိမ်ခြံမြေအတွင်း စိုက်ထားသော အုန်းပင်၊ သရက်၊  ပိန္နဲ၊ မာလကာ၊ ဒန့်သလွန်  အစရှိသောနှစ်ရှည်ပင်များကြောင့် မိသားစုများ ရာသီစာစားရသလို မီးဖိုချောင်စရိတ်လေးများပါ ဖာထေးခွင့်ရရှိစေသည်။ အိမ်ခြံမြေအတွင်း အရိပ်အာဝါသကို ပေးစွမ်းရုံမက တစ်ဖက်တစ်လမ်းကပါ အပိုဝင်ငွေအတွက် အထောက်အကူပြုနေသော အပင်များဖြစ်ပါ၏။ အိမ်တစ်အိမ်မှသည် ရွာတစ်ရွာလုံး စိုက်ကြပျိုးကြမည်၊ ရွာတစ်ရွာမှ မြို့တစ်မြို့၊ ထိုမှနောက်ဆုံး တစ်တိုင်းပြည်လုံး သစ်တောသစ်ပင်များကို တက်ညီလက်ညီ စိုက်ပျိုးကြမည်ဆိုပါလျှင် စားရေရိက္ခာအတွက် ပူပင်ရမည်မဟုတ်ပါချေ။ ထို့ကြောင့် သစ်တောသစ်ပင်များ ပိုင်ဆိုင်မှုအပေါ် ရွှေတိုက်ကြီးရရှိသည်နှင့်   ပမာပြုခဲ့ခြင်းဖြစ်ပေသည်။

နွေမိုးဆောင်း  ဥတုသုံးလီကို  ညီညွတ်မျှတစွာ ပိုင်ဆိုင်ပြီး ရာသီမပြတ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်သော၊ ထွန်ယက်စိုက်ပျိုးရန် မြေဆီမြေလွှာ ကောင်းမွန်သော၊ကမ္ဘာ့ပထဝီအနေအထားအရ ပင်လယ်ကမ်းရိုးတန်းများ ပိုင်ဆိုင်မှုနှင့် အချက်အချာကျသော အမိမြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းသာမိသည်။

ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက်   မြစ်ချောင်းအင်းအိုင်များ ရှိကြသည်မို့ ရေအတွက်ပူစရာမလိုပေ။ နွေရာသီ ရေရှားပါးသည်ဆိုသော်လည်း  အခြားရေရှားပါးသည့် နိုင်ငံများထက်စာလျှင် များစွာသာလွန်နေသေးသည်။ မြေပိုင်ဆိုင်မှုနှင့် တွက်ပါကလည်း ကိုယ့်နိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်များသည် အခြားကမ္ဘာ့နိုင်ငံများထက်ပင် အရွယ်အစားကြီးမားလျက်ရှိ၏။ လူဦးရေနှင့် မြေအနေအထား အချိုးအစားလွန်စွာ ကွာဟနေသေး၏။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန်အခွင့်အလမ်းများပိုရှိနေလေသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့လာခြင်းအားဖြင့် တစ်ဖက်တွင် အကျိုးပြုသလို တစ်ဖက်မှာလည်း ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။ ထိုပြဿနာသည်ကား  မြန်မာနိုင်ငံတွင်သာမက  ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေရသော ပုစ္ဆာပင်ဖြစ်လေသည်။ နေ့စဉ်တိုးပွားလျက်ရှိသော ကမ္ဘာ့လူဦးရေ၏ စားသောက်နေထိုင်မှု အစုစုတို့အတွက် ပြဿနာများကိုဖြေရှင်းရာတွင် အစာအာဟာရအတွက်  စိုက်ပျိုးမြေစားကျက်မြေများ ဖော်ထုတ်ရန် သစ်တောများ ခုတ်ထွင်ရှင်းလင်းရခြင်းနှင့် နေရာထိုင်ခင်းအတွက် အဆောက်အအုံများပြုလုပ်ရန် သစ်ပင်များ ခုတ်လှဲရခြင်းတို့သည် ပြုန်းတီးခြင်း၏ အခြေခံများဖြစ်ကြသည်။ ထို့ပြင် တောသူတောင်သားများ၏ တောင်ယာအသစ်ဖော်ထုတ်ခြင်းနှင့်  မြို့ပြစီမံကိန်းသစ်များဖော်ထုတ်ခြင်းတို့ကြောင့်လည်း သစ်တောများ ပြုန်းတီးရပြန်သည်။ မသိနားမလည်သဖြင့် တစ်နိုင်တစ်ပိုင် ခုတ်လှဲခြင်းမှသည် စီးပွားဖြစ် တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် သစ်တောကြီးများ တစ်စတစ်စ လျော့နည်းလာရသည်။  ပိုဆိုးသည်ကား တောမီးလောင်ခြင်းပင်ဖြစ်၏။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် မိုးနည်းရပ်ဝန်းဒေသဖြစ်၏။  မိုးခေါင်ခြင်းပြဿနာ ပြေလည်စေရန် သစ်ပင်များစိုက်ဖို့ကြိုးပမ်းခဲ့ကြသည်။ စိုက်သည့်အပင်နှင့်ခုတ်သည့် အပင်အရေအတွက် မျှချေမကိုက်သဖြင့် ရေက ရှားပြီးရင်းရှားလာရသည်။ သစ်ပင်များမရှိလျှင်  မိုးခေါင်မည်၊  မိုးခေါင်လျှင်ရေရှားမည်၊

ရေရှားပါးလျှင် စိုက်ပျိုးမွေးမြူရန် ခက်မည်၊ စိုက်ပျိုးမွေးမြူရေး မရှိလျှင် စားသောက်ဖို့ အဆင်မပြေတော့ပေ။ နောက်ဆုံး ကျန်းမာရေး ပြဿနာများနှင့်ကြုံတွေ့ရပေမည်။ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းမှ တစ်ပါး ရှောင်လွှဲမရသည့် လေပြင်းမုန်တိုင်း၊ ရေကြီးမှု၊ ငလျင်၊ မြေပြိုမှုများကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရသည့် သာဓကများ ကမ္ဘာမှာရော မြန်မာမှာပါ ကြုံတွေ့ရလျက်ရှိသည်။  ပြင်းထန်သည့် သဘာဝဘေးဒဏ်များသည် လူသားတို့ကာလရှည်မသိ ကျိုးကျွန်ပြုစွာ လျစ်လျူရှုခဲ့မှုများကြောင့် ဖြစ်သည်ကို သုတေသီများက ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့်သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို မထိခိုက်စေသော ကမ္ဘာသစ်ကြီးဆီ ကူးပြောင်းနိုင်စေရန် ဝိုင်းဝန်းအဖြေရှာနေကြသည်။ မြန်မာနိုင်ငံတွင်မူ ရှိပြီးသား သစ်တောကြီးများကို ထိန်းသိမ်းခြင်းနှင့် သစ်ပင်များ ထပ်မံစိုက်ပျိုးခြင်း နည်းလမ်းများဖြင့် ကုစားလျက်ရှိနေပေသည်။ထိုသို့စိုက်ပျိုးရာတွင် နှစ်ရှည်သီးပင်စားပင်များသာမက  အရိပ်ရလေကာပင်များ၊  ကျွန်း၊   ပျဉ်းကတိုး၊ တမလန်းကဲ့သို့ ရတနာတန်းဝင်ပင်များကိုပါ စိုက်ပျိုးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များအလိုက် ဒေသနှင့် ကိုက်ညီမှုရှိသည့် နှစ်ရှည်ပင်များကိုပါ စီးပွားဖြစ်မှသည်  သဘာဝဘေးဒဏ် ကာကွယ်ခြင်းများအထိ  မျှော်မှန်းကာ တိုးချဲ့စိုက်ပျိုးကြမည်ဆိုပါလျှင် အကျိုးနှစ်ခု တစ်ပြိုင်တည်းဖြစ်ထွန်းစေမည်ဖြစ်သည်။ အသီးအရွက်များ စားသုံး၍မရသည့်   သစ်တစ်ပင်ဖြစ်သည့်တိုင် နွေရာသီ ပူအိုက်သည့်အချိန်တွင်  အရိပ်ခိုခွင့်တော့ အနည်းဆုံးရသေးသည်ကို သတိပြုမိလျှင် သစ်တစ်ပင် သစ်တောတစ်တော၏ တန်ဖိုးကို ကောင်းစွာရှုမြင်နိုင်ကြမည်ဖြစ်သည်။

အနီးစပ်ဆုံး ဥပမာအနေဖြင့် ရန်ကုန်-မန္တလေး ကားလမ်း   လမ်းဟောင်းတွင်  ဘေးဘယ်ညာတစ်လျှောက် ကုက္ကိုပင်ကြီးများ အုံ့ဆိုင်းဝန်းရံထားသဖြင့် ခရီးသွားရသည်မှာ သက်သာမှုကိုဖြစ်ပေါ်စေသည်။ လူသာလျှင်မက ယာဉ်များပါ သက်သာကြ၏။ သစ်ပင်များ၏ ကျေးဇူးပင်ဖြစ်သည်။ ကျွန်တော့်ဖခင်သည် ရမည်းသင်းဇာတိဖြစ်၏။ ရမည်းသင်း၊  ပျော်ဘွယ်၊ ရွှေဒါး၊ တပ်ကုန်းဒေသတို့တွင် မန်ကျည်းပင်များ အလွန်ပေါများ၏။ ထိုမန်ကျည်းကို အကြမ်းထည်မှသည် အချောထိပြုလုပ်ကာ အဖေတို့စီးပွားရှာခဲ့ကြသည်။ ယနေ့ထက်တိုင် ထိုဒေသများတွင် သက်တမ်းရှည် မန်ကျည်းပင်များကို တွေ့မြင်နေရပါသေးသည်။ သို့သော် အနည်းစုမျှသာ ဖြစ်ပါတော့၏။

လွန်ခဲ့သော ၁၀ နှစ်ခန့်ကပင် မီးသွေးလောင်စာဘဝရောက်သွားရသည့်   မန်ကျည်းငုတ်တိုများကိုသာ အများဆုံးမြင်ရပါတော့သည်။   ထိုမြင်ကွင်းသည်  ရမည်းသင်း၊ ပျော်ဘွယ်ဘက်တွင်သာ မဟုတ်တော့ဘဲ မီးသွေးပွဲစားများ ကျင်လည်ရာ ဒေသတစ်လျှောက် ပြုန်းတီးမှုများ   လက်ဆင့်ကမ်းခဲ့ကြခြင်းဖြစ်၏။

လွန်ခဲ့သော ၁၀ စုနှစ်ခန့်မှစ၍ ကျွန်တော့်ဇာတိရွာလေးမှာပင်   ထိုနည်းအတိုင်း ဖြစ်နေခဲ့ပြီဖြစ်ပါသည်။         

   အုန်းပင်၊ ထန်းပင်တို့မှ အသီးအရည်များသည် လူသားတို့အတွက် နည်းလမ်းမျိုးစုံဖြင့် အကျိုးပြုသည့် အားလျော်စွာ အုန်းခက်၊ ထန်းလက်များသည်လည်း အမိုးအကာ  အဆောက်အအုံသုံး ပစ္စည်းမှသည် တံမြက်စည်းအထိ အသုံးဝင်လှ၏။ အပင်ကြီးတစ်ပင်လုံးအားဖြင့်လည်း လေမိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်သဖြင့် အကာအကွယ်ကောင်းများပင်   ဖြစ်ကြလေသည်။

ထိုနည်းတူစွာ မန်ကျည်းပင်များသည်လည်း အရွက်၊ အခေါက်၊ အသီး၊ အစေ့မကျန် တစ်ပင်လုံး အသုံးဝင်သည့်အပင်ဖြစ်၏။  ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်သော ဆေးဘက်ဝင် အပင်ဖြစ်ပေသည်။ ကျွန်တော်သတိပြုမိသလောက် အချို့ခုတ်လှဲခြင်း ခံရသော  အပင်ကြီးများအား  ရှေးဘိုးဘွားများက စိုက်ခဲ့ကြခြင်းဖြစ်၏။ သူတို့ကိုယ်တိုင် အကျိုးမခံစားခဲ့ကြရသည့်တိုင်   အသီးအရွက်များအား နှောင်းလူတို့စားသုံးခွင့်ရကြသည်။ သို့သော် ကျေးဇူးတရားကို ဥပေက္ခာပြုလျက် နှစ်စဉ်တိုင်းအကျိုးပြုနေသည့် အပင်ကြီးများအား  လတ်တလော ငွေရလွယ်မှု နောက်လိုက်ကာ ပွဲစားများ လက်အပ်လိုက်ကြသည်။

ရသည့်ငွေနှင့်ဆုံးရှုံးသွားသည့် အရာများကို မမျှော်တွေးနိုင်သူများကြောင့်  ၂၀၀၈ ခုနှစ်နောက်ပိုင်း သဘာဝဘေးဒဏ် ဆိုးများကို ပိုမိုခံစားခဲ့ရခြင်းပင် ဖြစ်ပေသည်။    

   ကျေးလက်တောရွာ လူတန်းစားအသီးသီးမှသည် သူဌေးသူကြွယ်အားလုံးအထိ သစ်တောသစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြပေသည်။ မလွှဲရှောင်သာ၍ ခုတ်ထွင်ရမည်ဆိုပါက မည်သို့ထပ်မံ အစားထိုး စိုက်ပျိုးမည့်နည်းကိုပါ ကြိုတင်စဉ်းစားသင့်သည်။ သစ်ပင်စိုက်ခြင်းသည် မိမိတို့နှင့်မဆိုင် သက်ကြီးလူကြီးများ   တာဝန်ရှိလူပုဂ္ဂိုလ်များ၏ တာဝန်ဟုခံယူခြင်းသည်   မှားယွင်းသော အတွေးအခေါ်ပင်ဖြစ်သည်။ တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သားငါး ဂေဟစနစ်များ မပျက်စီးရေး၊ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်စေရေးတို့ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အလို့ငှာ သစ်ပင်စိုက်ပျိုး ပွဲတော်များကို ကျင်းပလျက်ရှိသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ထို့ပြင် မိုးရာသီရောက်တိုင်း နိုင်ငံတော် အစိုးရ၏ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနအသီးသီး၏ သစ်ပင်စိုက်ပျိုးပွဲတော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များအလိုက် သစ်ပင်စိုက်ပျိုးပွဲတော်များကိုလည်း ကျင်းပလျက်ရှိကြသည်။

သဘာဝတရားက ပေးအပ်ထားသည့် အဖိုးတန် မိုးရေကိုထိရောက်စွာ အသုံးချကာ သစ်တောသစ်ပင်များ ပြုစုပျိုးထောင်ခြင်းသည် တိုင်းပြည်အတွက် ရွှေအိုးရတနာကို အခမဲ့ရရှိခြင်းပင်ဖြစ်၏။ မိမိတို့နိုင်ငံတွင် မိုးဖြိုင်ဖြိုင်ရွာသလောက်  အရှေ့အလယ်ပိုင်းနှင့်အာဖရိကနိုင်ငံများ မိုးခေါင်ကြသည်။ သဘာဝက သူတို့ထက်သာလွန်စွာ မိမိတို့ကိုအခွင့်အရေးများ ပေးထားကြသည်။ ထိုအခွင့်အရေးများကို ထိမိစွာ အသုံးချဖို့လိုသည်။ သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထား ရမှန်းသိစေရန် ကလေးသူငယ်များကို မူလတန်းအရွယ် ကတည်းက အသိပညာ ပေးထားရပေမည်။

လူတိုင်း လူတိုင်း သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားဖို့ အရေးကြီးသည်။ သို့မှသာ သစ်တောသစ်ပင်များ တစ်စတစ်စပြုန်းတီးခြင်းမှ ကင်းဝေးကာ စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး   နှောင်းလူတို့အတွက် ရွှေတိုက်ကြီးကို အုတ်မြစ်ချပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ယုံကြည်မှုနှင့်အတူ -

          “တစ်စေ့မှ တစ်ပင် 

          တစ်ပင်မှ တစ်စု

          တစ်စုမှ တစ်တော

          တစ်တောမှ တစ်ရွာ

          ပျိုးထောင်ပါက

          ဘယ်မှာတို့များ သစ် ထင်းရှားလိမ့်”။  ။

ဟူသည့်  သစ်တောဦးစီးဌာနမှ  စာစုလေးတစ်ခုကို  သတိရမိလိုက်ပါတော့သည်။     ။

နွေကံ့ကော်(မြို့လှ)