စိုးမင်းနိုင်နှင့် နိုင်ဇေယျာထွန်းတို့ကို ရန်ကုန်ယူနိုက်တက် ယူ-၁၉ အသင်း လက်ထောက်နည်းပြနှင့် ဂိုးနည်းပြ အဖြစ်ခန့်အပ်

ရန်ကုန်၊ အားကစား

ရန်ကုန်ယူနိုက်တက်အသင်းသည် အသက် ၁၉ နှစ်အောက် လူငယ်အသင်းအတွက် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း စိုးမင်းနိုင်နှင့် ဂိုးသမားဟောင်း နိုင်ဇေယျာထွန်းတို့ကို နှစ်နှစ်စာချုပ်စီဖြင့် လက်ထောက် နည်းပြနှင့် ဂိုးနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

ယင်းကစားသမားနှစ်ဦးသည် ယခုနှစ် ဘောလုံးရာသီကုန်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက် ယူ-၁၉ အသင်း၏ နည်းပြအဖွဲ့ဝင်များအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြစ်သည်။

“စိုးမင်းနိုင်က ယူ-၁၉ အသင်းရဲ့ လက်ထောက်နည်းပြ၊ နိုင်ဇေယျာထွန်းက ယူ-၁၉ အသင်းရဲ့ ဂိုးနည်းပြအဖြစ် ဆောင်ရွက်မှာပါ။ လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုမယ်။ တစ်ဦးကို နှစ်နှစ်စီ စာချုပ်ချုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၃၄ နှစ်အရွယ် နိုင်ဇေယျာထွန်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်၊ နေပြည်တော်၊ မနောမြေ၊ ဇွဲကပင်နှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့၌ ကစားခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်တွင် ကစားသမားဘဝမှ အနားယူခဲ့ခြင်း ဖြစ်သည်။

စိုးမင်းနိုင်သည် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယခုနှစ် အောက်တိုဘာလကုန်တွင် စာချုပ် သက်တမ်းကုန်ဆုံးခဲ့ကာ  ကစားသမားဘဝမှ  အနားယူပြီးနောက် ယူ-၁၉ လူငယ်အသင်း၏ လက်ထောက် နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး စိုးမင်းနိုင်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မကွေးအသင်း၌ ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်  ရန်ကုန်ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ စိုးမင်းနိုင်သည် ကစား သမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ  ၃၀  ရက်ကယှဉ်ပြိုင်သော  ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE အသင်းတို့ပွဲစဉ်(၂၀)တွင် လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး  သွင်းယူပေး ခဲ့သည်။                            

ကိုရဲ