ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့ပါသည်

 

Description: C:\Users\Administrator\Desktop\31-5-2023\315132.jpg

ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့ပါသည်

    မြန်မာနိုင်ငံသည်   ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံး နိုင်ငံဖြစ်ပေရာ  ဗုဒ္ဓသာသနာတော် တည်တံ့ထွန်းကား ပြန့်ပွားရေးမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ အဓိကတာဝန်ဖြစ်သည်။ ယနေ့အချိန်အခါတွင် သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဘာသာသာသနာတော်ကို ချီးမြှင့်စောင့်ရှောက်ပေးမည့် နိုင်ငံ့ခေါင်းဆောင် ရှိနေပါသည်။ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်တို့ကို ကျင့်ကြံပွားများ အားထုတ်ကြမည့် သံဃာတော်များလည်း ရှိနေပါသည်။ ထို့အတူ သာသနာတော်ကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိသည့်  သာသနာ့ဒါယကာ၊  ဒါယိကာမများလည်း ရှိနေပါသည်။  ထို့ကြောင့် ဗုဒ္ဓသာသနာတော်သည် မြန်မာနိုင်ငံတွင် နေလိုလလို  ထွန်းလင်းတောက်ပလျက် ရှိနေသည်။

လောကတွင်  ကောင်းကျိုးတရားကို လိုလားသူတို့၏  ပူဇော်မှုကိုခံယူထိုက်သော သူတို့ကား ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရိယသာဝက၊ ဆရာ၊ ဥပဇ္ဈာယ်ဆရာ၊ အမိ၊ အဘစသည်တို့ဖြစ်သည်။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော  ဖော်ပြပါ ပုဂ္ဂိုလ်ခုနစ်ပါးတို့အား ကျွန်ုပ်တို့သည် အစဉ်ထာဝရ ရိုသေမြတ်နိုးဆည်းကပ် ကော်ရော်ရှိခိုးပူဇော်ကြရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ပရမတ္တသဘာဝ၊ အဘိဓမ္မာသဘာဝ၊ နိယာမသဘာဝတို့ကို ထုတ်ဖော်၍လူ၊ နတ်၊ ဗြဟ္မာတို့အား သိမြင်စေသောအားဖြင့် လောက၏မျက်စိကို ဖွင့်ပေးတော်မူသောကြောင့် အတုလံအတုမရှိ ကျေးဇူးတရားအလွန်ကြီးမားသဖြင့် ပူဇော်ထူးကို ခံယူတော်မူထိုက်ပါသည်။   ပစ္စေကဗုဒ္ဓသည်  ပါရမီဖြည့်ကျင့်မှု၊ ကျင့်ကြံအားထုတ်မှုတို့ဖြင့် ဆရာမရှိ မိမိအလိုလို သစ္စာလေးပါးမြတ်တရားကို သိမြင်တော်မူ၍ ကိလေသာတို့မှ ကင်းစင်တော်မူသောကြောင့်   ပူဇော်အထူးကို ခံယူတော်မူထိုက်ပါသည်။ အရိယသာဝကသည်လည်း သမ္မာသမ္ဗုဒ္ဓထံတွင် နည်းနာခံ၍ သစ္စာလေးပါးတရားသိကာ ကိလေသာတို့မှ  ဝေးကွာသောကြောင့် ပူဇော်မှုကို ခံယူထိုက်ပါသည်။

သီလစသည်ပြည့်စုံ၍ ပိယစသောဂုဏ် (၇)ပါးတို့ဖြင့် ဝန်းရံနေသော တစ်နည်းအားဖြင့် “န လာဘ ကာမ” စသည် ဂုဏ်(၇)ပါးနှင့်ပြည့်စုံသော ဆရာသည်လည်း မိမိတပည့်သားမြေးတို့၏ စစ်မှန်သည့် အကျိုးစီးပွားကို   လိုလိုလားလား ကျင့်ကြံတတ်၊ ဆောင်ရွက်တတ်သောကြောင့် ပူဇော်မှုကို ခံယူထိုက်ပါသည်။ ဥပဇ္ဈာယ်ဆရာသည်လည်း မိမိ၏တပည့်သားမြေးတို့ အကျိုးကိုလိုလိုလားလား  မိဘကဲ့သို့ပင်  အနီးကပ် ကြည့်ရှုဆုံးမတတ်သည်ဖြစ်၍ ပူဇော်မှုကို ခံယူထိုက်ပါသည်။ အမိသည်လည်း သားသမီးတို့ကိုမြတ်နိုးတတ်၊ မေတ္တာတရား ကြီးကြီးမားမား ထားတတ်သောကြောင့်  ပူဇော်မှုကိုခံယူထိုက်ပါသည်။ အဘသည်လည်း သားသမီးတို့ကို စောင့်ရှောက်ကျွေးမွေးတတ်သောကြောင့် ပူဇော်မှုကိုခံယူထိုက်ပါသည်။

သက်ရှိထင်ရှားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါမြတ်ဗုဒ္ဓမှ အစခုနစ်ပါးတို့အား ရိုသေမြတ်နိုး ရှိခိုးပူဇော်ခြင်းဖြင့် ရရှိသည့်အကျိုးများကို မည်သည့်ပညာရှင်မျှ ပိုင်းခြား၍မပြနိုင်၊ များသောအကျိုးရှိသည်ဟု ဆိုနိုင်ပါသည်။ ရှိခိုးခြင်းသည် ဂုဏ်တော်ကိုထုတ်ဖော်မြွက်ဆိုခြင်း၊ စိတ်ဖြင့်အောက်မေ့ ဆင်ခြင်ခြင်းတို့ ပါဝင်သည်။ ဤသို့ဆိုလျှင်လွန်လေပြီးသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ်မြတ်ကြီးသည် သာသနာ့အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်ခဲ့၍လည်းကောင်း၊  လိုက်နာအပ်သော အဆုံးအမတို့ဖြင့် လောက၏ မျက်စိကို  ဖွင့်ပေးသောကြောင့် လည်းကောင်း ပူဇော်မှုကို  ခံယူထိုက်သော ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်သည်။

ဆရာတော်ကြီးထေရုပ္ပတ္တိအကျဉ်းကို ဖော်ပြရလျှင် ဗန်းမော်ဆရာတော်ကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် တနင်္လာနေ့တွင် မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် ရဘဲကျေးရွာ၌ ခမည်းတော်ဦးဘိုးသစ်၊ မယ်တော်ဒေါ်အေးသိုက်တို့မှ ဖွားမြင်တော်မူခဲ့ပါသည်။  ၁၃၀၄ ခုနှစ်ဝါဆိုလဆန်း ၈ ရက် တနင်္လာနေ့တွင် တောင်သာမြို့နယ်   ဆင်မင်းကျေးရွာ ဆင်မင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

၁၃၁၀  ပြည့်နှစ် တပို့တွဲလဆန်း ၁၀ ရက် တနင်္လာနေ့တွင် တောင်သာမြို့နယ် ရဘဲကျေးရွာ ရဘဲကျောင်းတိုက် ဗဒ္ဓသိမ်၌ ကံမြဲကံဦးကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ(ဦးပွား)ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ဆရာတော်ကြီးသည် ပရိယတ္တိစာပေများကိုသင်ယူဆည်းပူးခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် “ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ B.A (မန်းတက္ကသိုလ်)၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့”၊ ၁၃၁၈ ခုနှစ်တွင်”ပါဠိသိရောမဏိ” ဘွဲ့၊ ၁၃၇၈ ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့မှ ဆက်ကပ်သော ဂုဏ်ထူးဆောင်ဓမ္မပါရဂူ (D.litt) ဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ်သော Doctor of Letters (D.Litt) ဘွဲ့၊ ၂၀၁၆ ခုနှစ်တွင် ကိုရီးယားနိုင်ငံ Sehan University မှ ဆက်ကပ်သော ဘာသာရေး အတွေးအခေါ် ဘာသာရပ် ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့တို့ကိုရရှိတော်မူခဲ့ပါသည်။

ဆရာတော်ကြီးသည်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ စသည့် သံဃာ့အဖွဲ့အစည်း  ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင် ၆၆ ပါးအဖွဲ့၌ ပါဝင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း   လှည့်လည်ဟောပြောပြီး သာသနာပြု တာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ် ၂၀၁၀ ပြည့်နှစ် မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် လည်းကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။

ထိုသို့ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတလဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ ပရဟိတာဝဟဂုဏ်၊  သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့်ပြည့်စုံတော် မူသောကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့်  ၂၀၁၁  ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု”    ဘွဲ့တံဆိပ် တော်တို့ကို  ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆရာတော်ကြီးသည် သာသနာတော် အကျိုးသယ်ပိုး ဆောင်ရွက်တော်မူလျက် ရှိစဉ် သက်တော်(၉၄)နှစ် သိက္ခာတော်(၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန်လဆန်း ၇ ရက် (၂၀၂၃ ခုနှစ် မေလ ၂၅ ရက်)(ကြာသပတေးနေ့)ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မေလ ၂၆ ရက် မွန်းလွဲပိုင်းတွင်  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား  ဖူးမြော်ကြည်ညိုပါသည်။

ယင်းနောက်   နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်  ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအား  ဖူးမြော်ကြည်ညိုပြီး ဗန်းမော်ဆရာတော် ဘုရားကြီး၏     အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကျင်းပပြုလုပ်မည့် အခြေအနေများကို  လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြမည့် ရန်ကုန်မြို့မှကြွရောက်လာသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ    အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုဆိုသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သန်လျင်မင်းကျောင်း ဆရာတော်ကြီးအား “ဆရာတော်ဘုရားကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် ၂၀၁၀ ပြည့်နှစ်မှစ၍   ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၃ နှစ် နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ယခုကဲ့သို့ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ်ပါကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်ချိန်တွင်လည်း သာသနာ့အကျိုးကို စွမ်းစွမ်းတမံဖြင့် ထမ်းဆောင်ခဲ့ပါကြောင်း၊  ဆရာတော်ဘုရားကြီး၏   အန္တိမအဂ္ဂိဈာပန   ပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ် ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍   သာသနာ့ဦးသျှောင် တာဝန်များကို ထမ်းဆောင်ခဲ့သည့်   ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက်  ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် များစွာကြေကွဲဝမ်းနည်း မိပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများ အဆင်ပြေစေရေးအတွက်လည်း စနစ်တကျ စီစဉ်သွားမည်ဖြစ်ပါကြောင်း”ဖြင့် တင်ပြလျှောက်ထားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အခြေခံဥပဒေနှင့်အညီ  ပေါ်ပေါက်လာသည့် အစိုးရတစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးလျက်ရှိပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၁ တွင် “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာ သနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။” ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော   ဘာသာသာသနာများကို   တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်” ဟူ၍ပြဋ္ဌာန်းထားပါသည်။

ဗုဒ္ဓမြတ်စွာသည် လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့၏  ချမ်းသာကြောင်းဖြစ်သော တရားများကို ကိုယ်တော်တိုင် ရှာဖွေကျင့်သုံးပြီး ဝေနေယျသတ္တဝါ အများ၏အကျိုးငှာ ဟောကြားတော်မူခဲ့ပါသည်။ ထိုဟောကြားအပ်သော တရားတော်များကို ယနေ့တိုင်  တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်သူတို့မှာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များဖြစ်ပါသည်။

သံဃာတော်တို့၏ ဂုဏ်ကျေးဇူးကြောင့်သာလျှင် သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးတွေ့မြင်ရသလို ကြည်နူးစိတ်ဖြင့် တရားဓမ္မများကို နာကြားနေရခြင်း ဖြစ်သည်။ သံဃာတော်အရှင်သူမြတ်တို့သည် မြန်မာနိုင်ငံကို တိုင်းတစ်ပါး ဘာသာခြားတို့ အုပ်စိုးခဲ့စဉ်ကပင်  မိမိတို့၏ ဘာသာသာသနာကို    မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်မှာ အံ့ဖွယ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  တစ်ချိန်သောအခါက သံဃာဂိုဏ်းများသည်  မိမိတို့၏ဂိုဏ်းအလိုက် သာသနာအကျိုး   သယ်ပိုးလျက် ရှိနေရာမှ မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ် နယုန်လ(ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ) တွင် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိခဲ့ပါသည်။  ထို့ကြောင့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ   သံဃာ့အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ထိုအစည်းအဝေးကြီး၏ အကျိုးဆက်အနေဖြင့် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးကို အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဖွဲ့စည်းနိုင်ခဲ့၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ရာတွင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်”ဟူသော မူကိုလည်း ချမှတ်နိုင်ခဲ့ပါသည်။

ထိုသို့  ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သြဝါဒါစရိယ အဖွဲ့၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊  တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်/ရပ်/ကျေးသံဃနာယက အဖွဲ့များ၊  နိုင်ငံတော်၊ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြသည်မှာ  ပထမသက်တမ်းမှသည် အဋ္ဌမသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သံဃာ့အဖွဲ့အစည်း၏ သက်တမ်းသတ်မှတ်ရာ၌ ပထမအကြိမ်မှ  တတိယအကြိမ်အထိ  ငါးနှစ်သက်တမ်း သတ်မှတ်ခဲ့ပြီး     စတုတ္ထအကြိမ်မှစ၍ ခြောက်နှစ်သက်တမ်း    သတ်မှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်   ဂိုဏ်းပေါင်းစုံသံဃာ့ အဖွဲ့အစည်းကြီးကို ၁၃၄၂ ခုနှစ် နယုန်လမှစ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်အတွက် ယခု၁၃၈၅  ခုနှစ်  နယုန်လတွင် သံဃာ့အဖွဲ့အစည်း၏ မှတ်တမ်းမှာ ၄၂ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ထို ၄၂ နှစ်သက်တမ်းအတွင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ  ဆရာတော်လေးပါးကို ဖူးမြင်ခဲ့ရပြီးဖြစ်ပါသည်။ အဆိုပါဆရာတော်ကြီးတို့မှာ ပဲခူးမြို့မဆရာတော်ကြီး၊ မြင်းခြံကိုးဆောင် ဆရာတော်ကြီး၊   မကွေးဆရာတော်ကြီးနှင့်    ယခုနောက်ဆုံး ဗန်းမော်ဆရာတော်ကြီးတို့ဖြစ်ပါသည်။ ဗန်းမော်ဆရာတော်ဘုရားကြီးမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ၁၃ နှစ်တိုင်မျှ သက်တမ်းအရှည်ဆုံး ထမ်းဆောင်သည့်    ဆရာတော်ကြီးဖြစ်ပါသည်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံကြသည့် နိုင်ငံတော်သံဃနာယက ဆရာတော်တို့သည် အံ့ဖွယ်ရှစ်ဖြာနှင့်ပြည့်စုံသည့် ဘုရား၏ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေခြင်း ဖြစ်ပေရာ  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ       မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ဆရာတော်    အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော် ဘုရားကြီးအား လက်ဆယ်ဖြာထိပ်မှာမိုးလျက် ဤဆောင်းပါးဖြင့် ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့အပ်ပါသည် ဘုရား။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)