မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ လေဘေးသင့်ပြည်သူများ အား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ လေဘေးသင့်ပြည်သူများ အား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဇွန် - ၁

          မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ပြုလုပ်သော မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်း ပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်၊ မြစေတီ ပရိယတ္တိစာသင်တိုက် (ရဲကျောင်း)၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

          ဦးစွာ မြစေတီပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိ ကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA) ဥက္ကဋ္ဌတို့က လေဘေးသင့်ထောက်ပံ့ပစ္စည်းများကို လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းမှူးက အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။

          ယင်းနောက် ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ပဓာနဩဝါဒစရိယ ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံ လေဘေးသင့်အလှူ နှင့် ပတ်သက်၍ ဩဝါဒစကားနှင့် ဝမ်းမြောက်အနုမောဓနာစကား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။