ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော်၊ ဇွန် - ၁
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ် များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများလိုက်ပါပြီး တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင် အလှူရှင် များက လှူဒါန်းသည့် ဆက်သွယ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက် ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ၁ ကြိမ် ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။