၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈ )နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈ )နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်  ၂

    တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊  ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြေးခုန်ပစ် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  အသက်(၁၈)နှစ်အောက်  ပြေးခုန်ပစ်ပြိုင်ပွဲများကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ညနေပိုင်းပွဲစဉ်များအဖြစ် မီတာ ၄၀၀_၄ လက်ဆင့်ကမ်း (အမျိုးသား/ အမျိုးသမီး)၊  လှံတံပစ်  (အမျိုးသား/အမျိုးသမီး)၊  တန်းမြင့်ခုန်(အမျိုးသမီး)၊ မီတာ ၁၀၀  (အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၅၀၀ (အမျိုးသား/အမျိုးသမီး)၊ သုံးဆင့်ခုန်   (အမျိုးသား)ပြိုင်ပွဲများကို ဆက်လက် ကျင်းပသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင်   ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသား တံခွန်စိုက်ဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆု ရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီး အသင်းကို တံခွန်စိုက်ဆုဖလားများ ချီးမြှင့်သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းကို တံခွန်စိုက်ဆုဖလား ချီးမြှင့်ပြီးနောက် စံချိန်အသီးသီးကိုချိုးနိုင်ခဲ့သည့် အားကစားသမားများအား ဆုများပေးအပ် ချီးမြှင့်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ မေ ၂၉ ရက်မှ ဇွန် ၁ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်း  ၁၅ သင်း၊     အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း ၅၂၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။