ကျောင်းအပ်နှံမှု နောက်ကျသူများ ကျောင်းလာရောက်အပ်နှံပါက ယခုဇွန်လကုန်အထိ ကျောင်းအပ် လက်ခံပေးသွားကြရမည်

ကျောင်းအပ်နှံမှု နောက်ကျသူများ ကျောင်းလာရောက်အပ်နှံပါက ယခုဇွန်လကုန်အထိ ကျောင်းအပ် လက်ခံပေးသွားကြရမည်

နေပြည်တော်  ဇွန်  ၂

    ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ   ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊   တိုင်းဒေသကြီး/ ပြည်နယ်  ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်   တာဝန်ရှိသူများ တက်ရောက်ကြပြီး  တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်   တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်၍ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ  များပြားနေကြမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ   ဖွင့်လှစ်နေပြီဖြစ်သော်လည်း  အခက်အခဲနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှုနောက်ကျသူများ ရှိနိုင်ကြောင်း၊ ထိုသို့ကျောင်းအပ်နှံမှု နောက်ကျသူများ   ကျောင်းလာရောက် အပ်နှံပါက ယခုဇွန်လကုန်အထိ ကျောင်းအပ်လက်ခံ ပေးသွားကြရမည် ဖြစ်ကြောင်း၊ မကြာခင် URC သုတေသန ဂျာနယ်များကို ပြန်လည် ထုတ်ဝေသွားမည် ဖြစ်၍ အရည်အသွေးရှိသော သုတေသန စာတမ်းများကို ဖော်ပြသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များရှိ စက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ထိရောက်အကျိုးရှိစွာ အသုံးပြုကြရန်နှင့် အသုံးပြုရာတွင် မှတ်တမ်းထားရှိ၍ အသုံးပြုစေလိုကြောင်း ပြောကြား သည်။

ထို့နောက်   အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ကျောင်းသားစာရင်းများ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရေးနှင့် စပ်လျဉ်း၍    ရှင်းလင်း ပြောကြားကာ   ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။