မိုးလေဝသခန့်မှန်းချက်များအကြောင်း သိကောင်းစရာ

မိုးလေဝသခန့်မှန်းချက်များအကြောင်း သိကောင်းစရာ

ယနေ့ကမ္ဘာပေါ်တွင်    သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် နှစ်စဉ် အသက်အိုးအိမ်စည်းစိမ်များစွာ သေကျေပျက်စီး ဆုံးရှုံးလျက်ရှိကြသည်။

မြန်မာနိုင်ငံသည်လည်း    ရေဘေး၊ ဆိုင်ကလုန်းမုန်တိုင်းဘေး၊ မြေပြိုခြင်းဘေး၊ မုန်တိုင်းဒီရေ မြင့်တက်ခြင်းဘေး၊ မီးဘေး၊ မိုးခေါင်ရေရှားဘေးစသည့် သဘာဝဘေးအန္တရာယ်များ သက်ရောက်လေ့ရှိသည့် နိုင်ငံတစ်ခုဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များအား   လူမှုစီးပွားရေးနယ်ပယ်

အသီးသီးတွင်   ဘေးအန္တရာယ်လျှော့ချရန်နှင့်  ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးတို့တွင် အထောက်အကူပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက   ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပြီးပါက နိုင်ငံများသည် မူလအနေအထားသို့    ပြန်လည် ရောက်ရှိရေးအတွက် လူအင်အား၊ ငွေအင်အားများစွာဖြင့် အချိန်ယူ၍ ပြန်လည် တည်ဆောက်ကြရသည်။ ထို့ကြောင့်   အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေးသည် လွန်စွာ အရေးကြီးလှပါသည်။ ယခုအချိန်ကာလသည်   သတင်းအချက်အလက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့် ကာလဖြစ်သည့်အတွက် မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များ၊   ခန့်မှန်းချက်များအား Social Media၊ Web Page များမှတစ်ဆင့် လွယ်ကူစွာရယူပြီး ခိုင်မာမှုမရှိသေးသော သတင်း အချက်အလက်များကို ကြိုတင်ခန့်မှန်းရေးသား ဖော်ပြလျက်ရှိနေသည်ကို မကြာခဏ တွေ့ရှိနေရမည်ဖြစ်ပါသည်။ ခိုင်မာမှန်ကန်သေချာသော ခန့်မှန်းချက်များဖြစ်ပါက    ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည် ဖြစ်သော်လည်း မှန်ကန်သေချာမှုမရှိသော ခန့်မှန်းချက်များ ပြည်သူလူထုထံ ရောက်ရှိသွားမည်ဆိုပါက မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ကာ အစားအသောက်၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို စိုးရိမ်စိတ်ဖြင့်   ကြိုတင်ဝယ်ယူစုဆောင်းကြသည့်အတွက် နောက်ဆက်တွဲ အနေဖြင့် မလိုလားအပ်သော ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာပြီး ငွေကြေးကုန်ကျမှုများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့်ပြည်သူများအနေဖြင့် တိကျမှန်ကန်သေချာစွာ ထုတ်ပြန်ပေးနေသည့် နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ချက်များကို စောင့်ကြည့်ရယူပြီး လိုက်နာဆောင်ရွက်သင့်လှပါသည်။

ကြိုတင်သတိပေးခန့်မှန်းခြင်းဆိုင်ရာလုပ်ငန်းများ

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကို ၁၉၃၇ ခုနှစ် ဧပြီ ၁  ရက်တွင်   စတင်ဖွဲ့စည်းခဲ့ပြီး နေ့စဉ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းခြင်းများအပြင် လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းဒီရေဝင်ရောက်ခြင်း၊ ဆူနာမီရေလှိုင်းဝင်ရောက်ခြင်းစသည့်  သဘာဝ ဘေးများအတွက် ကြိုတင်သတိပေး   ခန့်မှန်းချက်များကို အချိန်မီ    ထုတ်ပြန်ပေးနိုင်ရန်အတွက် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနသည် ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာနကို  နေပြည်တော်တွင် ထူထောင်ထားရှိသည်။  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုကိုခံယူလျက် မြန်မာနိုင်ငံတွင်    ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိပေးချက်များ၊ ခန့်မှန်းချက်/အခြေအနေသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။   ထို့နောက် သက်ဆိုင်ရာလုပ်ငန်း/ဌာနများ၊ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ပြည်သူလူထုကို   အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်  တရားဝင်ဝက်ဘ်ဆိုက်နှင့် ဖေ့ဘွတ်များမှ ထုတ်လွှင့်ခြင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှတစ်ဆင့် ပြည်သူလူထုထံသို့ အချိန်မီရောက်ရှိစေရန်   ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သတိပေးချက်၊ခန့်မှန်းချက်များကို   အလိုအလျောက် ဖြေကြားသည့်စနစ်နှင့် လက်ကိုင်ဖုန်းများသို့ သတင်းတိုပေးပို့ခြင်းစနစ် (Short Message Service-SMS) တို့ဖြင့်ပေးပို့ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မဖြစ်မနေ လိုအပ်သည့် လူသားအရင်းအမြစ်များကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ မိုးလေဝသနှင့်ဇလဗေဒဘာသာရပ်များကို  ဘွဲ့ဒီဂရီသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြင့် လည်းကောင်း၊ ဌာနတွင်း  မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ၍ လည်းကောင်း နိုင်ငံတကာသို့ ပညာတော်သင်များအဖြစ်စေလွှတ်၍  နှစ်ရှည်လများပညာဆည်းပူးသင်ယူစေလျက် မျိုးဆက်သစ်များ မွေးထုတ်ပေးလျက်ရှိသည်။ ထိုမျှသာမက  မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းခြင်းလုပ်ငန်း တိကျမှန်ကန် စေရေးသည်    သင်ယူရရှိလာသော စာတွေ့သင်ခန်းစာများ မဖြစ်မနေ လိုအပ်သကဲ့သို့ လုပ်ငန်းခွင်လက်တွေ့ ကျွမ်းကျင်မှုများကိုပါ ပေါင်းစပ်ပြီးမှသာ    မိုးလေဝသနှင့် သဘာဝဘေးဆိုင်ရာ   ခန့်မှန်းရေးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (World   Meteorological Organization- WMO)သို့  ၁၉၅၀ပြည့်နှစ်တွင် တရားဝင်အဖွဲ့ဝင်ဌာနတစ်ခု ဖြစ်လာခဲ့ပြီး  အပူပိုင်းမုန်တိုင်းအဖွဲ့၏ တရားဝင်အသိအမှတ်ပြု ဌာနတစ်ခုလည်းဖြစ်သည်။   ၁၉၅၀ ပြည့်နှစ် မတ်၂၃  ရက်မှာ     ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်  ကွန်ဗင်းရှင်းကို  အတည်ပြုခဲ့ပြီးနောက်   ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကို ကမ္ဘာ့ကုလ

သမဂ္ဂအဖွဲ့ကြီး၏အထူးပြုအဖွဲ့ကြီးတစ်ခုအဖြစ် စတင်ခဲ့ပြီး ယခုအခါ  အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့်   တစ်ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ၊ ရာသီဥတုလေ့လာရေးနှင့် စောင့်ကြည့်တိုင်းတာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာခန့်မှန်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင်  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့်   ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ  အသိအမှတ်ပြုထားသော  မိတ်ဖက်ဒေသတွင်း   မိုးလေဝသအထူးပြုစင်တာကြီးများမှ ခန့်မှန်းချက်များကို   အသုံးပြုလေ့လာဆန်းစစ်မှုများပြုလုပ်သလို မိမိဌာနပိုင် သင်္ချာပုံစံပြုမော်ဒယ်များအသုံးပြု၍ မြန်မာ့ကမ်းရိုးတန်းဒေသအပါအဝင် တစ်နိုင်ငံလုံး ဖြန့်ကြက်တည်ထောင်ထားသော မိုးလေဝသတိုင်းတာရေးစခန်းများမှ တိုင်းတာရရှိသောအချက်အလက်များကို ထပ်မံပေါင်းစပ်ကာခန့်မှန်းချက်များကိုထုတ်ပြန်ပေးရပါသည်၊၊ ထို့ပြင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူတို့၌ မုန်တိုင်းပြရေဒါများတပ်ဆင်ထားရှိကာ  မုန်တိုင်းခန့်မှန်းခြင်း၊     ဂြိုဟ်တုတိမ်ပုံဖမ်းစက်များဖြင့် တိမ်ပုံများဖမ်းယူရရှိပြီး ခေတ်မီနည်းစနစ်များဖြင့် ဘက်ပေါင်းစုံမှ လေ့လာဆန်းစစ်ခြင်းများပြုလုပ်၍   ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။

မိုခါ(MOCHA)နှင့်   ပတ်သက်၍ ကြိုတင်ခန့်မှန်းခြင်း

ယခုနှစ် မေလအတွင်း   ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုသည် အလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင် မိုခါ အဆင့်ထိအားကောင်းခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို  စစ်တွေမြို့အနီးမှ  ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြစ်ပေါ်စဉ် ခန့်မှန်းချက်များထုတ်ပြန်ရာ၌    ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ    အသိအမှတ်ပြုထားသောဒေသတွင်း  မုန်တိုင်း အထူးပြုစင်တာကြီးများမှ ခန့်မှန်းချက်များကို အသုံးပြုလေ့လာဆန်းစစ်မှုများပ ြုလုပ်ခဲ့သည့်အပြင် မြန်မာ့ကမ်းရိုးတန်းဒေသ အပါအဝင် တစ်နိုင်ငံလုံး ဖြန့်ကြက်တည်ထောင်ထားသော မိုးလေဝသတိုင်းတာရေး စခန်းများမှ တိုင်းတာရရှိသော အချက်အလက်များကို အသုံးပြု၍   မိမိပိုင် သင်္ချာပုံစံပြုမော်ဒယ်များဖြင့် ခန့်မှန်းတွက်ချက်ခဲ့ပါသည်။ ထို့ပြင်    ဌာနရှိ  ရန်ကုန်၊   မန္တလေး၊ ကျောက်ဖြူရေဒါများမှရရှိသည့် မုန်တိုင်းပြရေဒါပုံရိပ်များ၊   ဂြိုဟ်တုတိမ်ပုံဖမ်းစက်များမှ   ဖမ်းယူရရှိသောဂြိုဟ်တုတိမ်ပုံများကိုအသုံးပြု၍ ခေတ်မီနည်းပညာများဖြင့် ဘက်ပေါင်းစုံမှ လက်တွေ့လေ့လာဆန်းစစ်ခြင်းများပြုလုပ်ကာ  ခန့်မှန်းချက်များကို ပြည်သူလူထုထံသို့  အချိန်နှင့်တစ်ပြေးညီသတင်းမီဒီယာများမှတစ်ဆင့် မှန်ကန်စွာထုတ်ပြန်ပေးနိုင်ခဲ့သည်။

ယခုဖြစ်ပေါ်ခဲ့သော မိုခါ မုန်တိုင်းနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသအချက်အလက်များကို  အသုံးပြုထားသော သင်္ချာပုံစံပြု မော်ဒယ်များဖြစ်သည့် အင်္ဂလန်နိုင်ငံ European Centre for Medium-Range Weather Forecasts  (ECMWF)  မော်ဒယ်၊ အမေရိကန်နိုင်ငံ National Hurricane CenterrS Global Forecasting Model (GFS)များနှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန Weather Research and Forecasting (WRF)မော်ဒယ်များဖြင့် တွက်ထုတ်ရရှိလာသော    မုန်တိုင်းလမ်းကြောင်း အသီးသီးတို့ကို ဆန်းစစ်လေ့လာ၍ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို     မုန်တိုင်းစတင်မဖြစ်ပေါ်မီကပင် မျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်လုပ်ငန်း

ညှိနှိုင်းအစည်းအဝေးတွင် အသိပေးဆွေးနွေးတင်ပြခဲ့သည်။    ထိုသို့ခန့်မှန်းရာတွင် တိုင်းထွာသည့်အချိန်၊  အသုံးပြုသည့်   Data  တို့အပေါ်မူတည်ပြီးလမ်းကြောင်းအမျိုးမျိုးပြောင်းလဲနေခဲ့ရာ ၅.၅.၂၀၂၃ ရက်နေ့၌ ပုံ(၁)တွင်ဖော်ပြထားသည့်အတိုင်း ECMWF မော်ဒယ်သည် ရခိုင်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့ အနီးမှလည်းကောင်း၊ GFS မော်ဒယ်သည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တို့အကြားမှလည်းကောင်း၊  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ွျှွၤျ  မော်ဒယ်သည် ရခိုင်ကမ်းရိုးတန်းကို   စစ်တွေမြို့အနီးမှလည်းကောင်းအသီးသီး ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

၉.၅.၂၀၂၃ ရက်နေ့၌  ပုံ(၂)တွင် ဖော်ပြထားသည့်အတိုင်း  မုန်တိုင်းစတင်အစပျိုးချိန်တွင်  မော်ဒယ်များ အားလုံးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ကော့ဘဇားနှင့် မြန်မာနိုင်ငံ      ရခိုင်ကမ်းရိုးတန်းရှ ိကျောက်ဖြူမြို့အကြားမှ    ဖြတ်ကျော်ဝင်ရောက်နိုင်သည်ကို  တွေ့ရှိရမည်ဖြစ်သည်။

မော်ဒယ်(၃)ခု၏ တွက်ထုတ်ရရှိချက်များကိုခြုံငုံသုံးသပ်ရလျှင်   မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ WRF မော်ဒယ်သည် မိမိတို့နိုင်ငံ၏ရာသီဥတု၊ မြေမျက်နှာသွင်ပြင် အနေအထားတို့နှင့်ကိုက်ညီသည့်   မှတ်တမ်းအချက်အလက်များကို  ထည့်သွင်းတွက်ထုတ်ထားသည့်အတွက် မုန်တိုင်းစတင်မဖြစ်ပေါ်မ ီကာလမှသည်     မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီးသည်အထိ  အမှန်တကယ်   ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းလမ်းကြောင်း   (ပုံ။ ၃(က) နှင့် (ခ) တို့တွင် ဖော်ပြထားသည့်အတိုင်း) နှင့်အနီးစပ်ဆုံးလမ်းကြောင်းကို ခန့်မှန်းတွက်ချက်ရရှိခဲ့သည်ကို တွေ့ရှိရသည်။

ထို့ကြောင့်   မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏WRFမော်ဒယ်သည် ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ အချက်အလက်များဖြင့်  တွက်ချက်ရရှိသောမော်ဒယ်များ၏ မုန်တိုင်းလမ်းကြောင်း ခန့်မှန်းချက်များနှင့် နှိုင်းယှဉ်လျှင် မိမိနိုင်ငံနှင့်ကိုက်ညီသည့် အချက်အလက်များအပေါ် ထည့်သွင်းတွက်ထုတ်ပြီး   ရရှိလာသည့် မုန်တိုင်းလမ်းကြောင်းဖြစ်သည့်အတွက် အနီးစပ်ဆုံးမှန်ကန်မှု ရှိခဲ့သည်ကို သုံးသပ်တွေ့ရှိရပါသည်။

  မုန်တိုင်းကာလများတွင်မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာအချက်အလက်များ၊ခန့်မှန်းချက်များအား Social Media၊ Web Page   များမှတစ်ဆင့် လွယ်ကူစွာရယူပြီး တိကျမှန်ကန်မှုမရှိသော ခန့်မှန်းချက်များကို ပြည်သူများထံသို့  လွယ်ကူစွာရေးသားဖော်ပြခြင်း၊   လွယ်ကူစွာဖျက်သိမ်းခြင်းတို့ကို တွေ့ရှိခဲ့ရသည်။ ပြည်သူများ  စိုးရိမ်ထိတ်လန့်စေမည့် ကောလာဟလသတင်းများ၊ နိုင်ငံတကာမှ မုန်တိုင်းနှင့်ပတ်သက်၍ စံသတ်မှတ်ထားသည့်   အချက်အလက်များနှင့်ကိုက်ညီမှုမရှိဘဲ  မှားယွင်းယူဆချက်များဖြင့် ရေးသားမှု များကိုလည်း တွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့်   ဖော်ပြရလျှင် ၂၀၀၈ ခုနှစ်   နာဂစ်မုန်တိုင်းကာလ၌ မုန်တိုင်းအမြွှာ နောက်ဆက်တွဲတစ်ခု ထပ်မံဝင်ရောက်မည်ဟူသော  ကောလာဟလကြောင့်   လူအများထိတ်လန့်ခဲ့ရဖူးပါသည်။   အလားတူ၂၀၂၂   ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်း (02B/2022)သည်   အားကောင်းသောမုန်တိုင်းငယ် အဆင့်သို့သာ ရောက်ရှိခဲ့ပြီး အမည်ပေးမုန်တိုင်း အဆင့်သို့ ရောက်ရှိခြင်းမရှိခဲ့သည့်အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မုန်တိုင်းအမည်ပေးရန် အလှည့်ကျသည့် သီရိလင်္ကာနိုင်ငံမှ အဆိုပြုထားသော   ''Asani"  အမည်ကို သတ်မှတ်သုံးစွဲခဲ့ခြင်း မရှိသေးသော်လည်း  ခန့်မှန်းချက်များကို  အလွတ်သဘောထုတ်ပြန်နေသူများမှ ဆိုရှယ်မီဒီယာများတွင်   ''Asani"   မုန်တိုင်းဟု  ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းများကို တွေ့ရှိခဲ့ရပါသည်။ ယခုအလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြစ်ပေါ်ခဲ့ချိန်တွင်လည်း  မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ရန်   နီးကပ်ချိန်များတွင်  မုန်တိုင်းလမ်းကြောင်း ပြောင်းလဲနိုင်သည် ဆိုသောကောလာဟလများ ပေါ်ထွက်ခဲ့ခြင်း၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်မှ အသိအမှတ်ပြုထားခြင်း မရှိသော လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်     Social Media၊ Web Page များမှ   အချက်အလက်များဖြင့်သာ   အလွတ်သဘောရေးသား ဖော်ပြနေခြင်းမှာပြည်သူလူထုအတွက် ဆေးမဖြစ်စေဘဲဘေးဖြစ်စေနိုင် သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

မိုခါ (MOCHA)နှင့်   ပတ်သက်၍ပူးပေါင်းဆောင်ရွက်ခဲ့မှု

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုခါ နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မိုးလေဝသတိုင်းတာရေး စခန်းများမှ အချိန်နှင့်တစ်ပြေးညီ တိုင်းထွာရရှိသည့် တိကျသော မြေပြင်မိုးလေဝသ အချက်အလက်များ၊ အထက်လေကြောင်းတိုင်းထွာချက်များ၊ ဂြိုဟ်တုတိမ်ပုံများ၊ မိုးလေဝသရေဒါမှဖမ်းယူရရှိသည့် ပုံရိပ်များနှင့် သင်္ချာပုံစံပြုမော်ဒယ်များမှ တွက်ထုတ်ရရှိသည့်ခန့်မှန်းချက်များ   စသည့် ခိုင်မာသော အချက်အလက်များအပေါ် အခြေခံ၍ တိကျမှန်ကန်သော  သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ   ကြိုတင်သတိပေး ထုတ်ပြန်နိုင်ခဲ့သလို   နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ လုပ်ငန်းကော်မတီများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်  ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ သဘာဝဘေး  ကြိုတင်သတိပေး ဗဟိုဌာနဖြစ်သည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးသည့် သတင်းများကို  အသံလွှင့်မီဒီယာများမှတစ်ဆင့် သဘာဝဘေးဆိုင်ရာ  အသိပညာပေးရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှု၊ ဒေသခံပြည်သူများ၏ လိုက်နာဆောင်ရွက်မှုများမှာ အချိုးညီညီ အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင် နိုင်ခဲ့သည့်အတွက် မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်သေကျေ ပျက်စီးမှုများစွာ လျော့ကျခဲ့သည်ကို လက်တွေ့ပြသနိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာထုတ်ပြန်ချက်၊ သတိပေးချက်များနှင့် ဆက်စပ်၍ ဆိုရှယ်မီဒီယာများမှ အလွတ်သဘောထုတ်ပြန်ချက်များကို အပြည့်အဝယုံကြည်မှုမပြုကြဘဲ  နိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကိုသာ ယုံကြည်စွာစောင့်ကြည့်သင့်ပါသည်။   သို့မှသာ  တရားမဝင်   ကောလာဟလများကို ရှောင်ရှားနိုင်ပြီး    မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများကို   ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏     လမ်းညွှန်မှုနှင့်အညီသက်ဆိုင်ရာ   တိုင်းဒေသကြီး/ပြည်နယ် အစိုးရအလိုက် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များ၏ ကြီးကြပ် လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းနိုင်စေရေး အထူးသတိပြုဂရုစိုက်ကြရန်တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။      ။

မိုး/ဇလ