မှန်ကန်သော ခေါင်းဆောင်မှုကြောင့် သံနှင့်သံမဏိလုပ်ငန်း တစ်ခေတ်ဆန်းသစ်စေရေး အဓိကအင်အားစုအဖြစ် အားဖြည့်ပေးနိုင်တော့မယ့် မြင်းခြံသံမဏိစက်ရုံ
သံနဲ့သံမဏိဆိုတာ သူတို့ရဲ့သာမန်ထက်ပိုတဲ့ တောင့်တင်းခိုင်မာမှု အစွမ်းသတ္တိကြောင့် ခေတ်သစ်တည်ဆောက်ရေး လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်လှတဲ့ အခြေခံအကျဆုံးသော ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြစ်လာပါပြီ။ အိမ်ဆောက်မလား။ လမ်းဖောက်မလား။ တံတားဆောက်မလား။ သယ်ယူပို့ဆောင်ရေး ယာဉ်တွေတည်ဆောက်မလား။ ကူးလူးဆက်သွယ်ရေး ကွန်ရက်တွေ တည်ဆောက်မလား။ ဘာတွေပဲ တည်ဆောက်ပါစေ သံနဲ့သံမဏိ မပါဘဲ ပြီးသွားတယ်ဆိုတာ မရှိတဲ့အထိကို သူတို့က မရှိမဖြစ် လိုအပ်လာတာ ဖြစ်ပါတယ်။
ဒီလိုမျိုးလိုအပ်မှုကို ဘယ်ကနေဖြည့်တင်းနိုင်မလဲ။ အဖြေကရှင်းပါတယ်။ ကိုယ်တိုင်ထုတ်လုပ်နိုင်ရင် ထုတ်လုပ်။ ကိုယ်တိုင်မထုတ်လုပ်နိုင်ရင် ပြည်ပကနေ တင်သွင်းပေါ့။
တကယ်လို့များ ကိုယ်တိုင်ထုတ်လုပ်နိုင်ပါလျက် ကိုယ်တိုင်ထုတ်လုပ်ဖို့ အခြေအနေလည်း ပေးပါလျက်နဲ့ မထုတ်လုပ်ဘဲ ပြည်ပကနေ တင်သွင်းနေတယ်ဆိုရင်တော့ ဒါဟာ သိပ်ကိုမိုက်မဲလွန်းတဲ့ လုပ်ရပ်ဖြစ်သွားပြီလို့ ဆိုချင်ပါတယ်။
မိတ်ဆွေတို့ဆိုရင်ရော ကိုယ့်ဆီမှာ သံနဲ့သံမဏိထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေလည်းရှိနေမယ်။ ထုတ်လုပ်မယ့် စက်ရုံလည်းရှိနေမယ်။ လူ့စွမ်းအား အရင်းအမြစ်လည်း ရှိနေမယ်ဆိုရင် သံနဲ့သံမဏိကို ကိုယ်တိုင်ထုတ်လုပ်မှာလား။ ပြည်ပကနေ တင်သွင်းမှာလား။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ သံနဲ့သံမဏိထုတ်လုပ်ရေးအတွက် တည်ဆောက်ထားတဲ့ အဓိကစက်ရုံကြီးနှစ်လုံး ရှိပါတယ်။ စက်ရုံတစ်လုံးက အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)ဖြစ်ပြီး ဒုတိယစက်ရုံတစ်လုံးကတော့ အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)ပါ။
ဒီစက်ရုံကြီးတွေကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်ဖြစ်တဲ့ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တို့မှာ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက ဦးစီးပြီး စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှာတော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ပထမဒီမိုကရေစီ အစိုးရ လက်ထက်မှာ မြင်းခြံနဲ့ ပင်းပက်သံမဏိစက်ရုံ စီမံကိန်း လုပ်ငန်းများနဲ့ လုပ်ငန်းလည်ပတ်မှုများကို စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းသို့ လွှဲပြောင်းပေးစေခဲ့ပါတယ်။
ဒါကြောင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နဲ့ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တို့ဟာအစိုးရလက်အောက်မှာ လည်ပတ်နေတဲ့ စက်ရုံကြီးတွေအဖြစ်ကို ရောက်ရှိလာပြီး လုပ်ငန်းလည်ပတ်မှုများကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယဒီမိုကရေစီ အစိုးရလက်ထက် အရောက်မှာတော့ ဒီစက်ရုံကြီးတွေရဲ့ စီမံကိန်းလုပ်ငန်းလည်ပတ်မှုဟာ ကြမ္မာငင်ရတဲ့ဘဝကို ရောက်ရှိသွားပါတော့တယ်။
အကြောင်းရင်းကတော့ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်မှာကျင်းပတဲ့ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးရဲ့ (၁၁)ရက်မြောက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၂၀ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီရဲ့ (၇/၂၀၁၇)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များကြောင့်ပါပဲ။
အဲဒီဆုံးဖြတ်ချက်တွေဟာ ဘာတွေလဲဆိုရင် စက်မှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စက်ရုံ/အလုပ်ရုံ ၂၂ ရုံနဲ့ စီမံကိန်း နှစ်ခုတို့ကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်များပဲ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်များဟာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၊ အမျိုးသားစီးပွားရေး လုပ်ငန်းများအတွက် ကြီးစွာသော ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ် ဆိုတာကို ဆုံးဖြတ်ချက်ချလိုက်သူတွေ စိုးစဉ်းမျှ တွေးတောပူပန်ခဲ့ဟန် မရှိပါဘူး။
သူတို့ရဲ့ အမြော်အမြင်မဲ့ ဆုံးဖြတ်ချက်များကြောင့် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)နဲ့ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)တို့ရဲ့ စီမံကိန်း လုပ်ငန်းများနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းပြီး စက်ရုံများ ပိတ်လိုက်ရပါတယ်။
စက်ရုံတစ်ရုံဖြစ်တည် လည်ပတ်လာဖို့ဆိုတာ တော်ရုံတန်ရုံ အခြေအနေနဲ့မရနိုင်ပါဘူး။ ငွေကြေးအရင်းအနှီး စိုက်ထုတ် ကုန်ကျမှုများစွာ၊ လူ့စွမ်းအားအရင်းအမြစ် စိုက်ထုတ်မှုများစွာ ရှိပါတယ်။
ဒီလိုစိုက်ထုတ်မှုတွေအတွက် အရင်းကျေပြီးအမြတ် ပြန်ရချင်ရင် အနည်းဆုံးတော့ စက်ရုံကိုနေ့ည အဆက်မပြတ် လည်ပတ်နိုင်အောင်သာ ကြိုးစားသင့်တာပါ။
ဒီစက်ရုံတွေကို စတင်တည်ဆောက် လည်ပတ်တုန်းက စီမံကိန်းချေးငွေများစွာ ရှိခဲ့ပါတယ်။ အဲဒီချေးငွေဆိုတာ အတိုးမပါဘဲမရပါဘူး။
စက်ရုံပိတ်ထားလိုက်ဆိုရုံနဲ့ ပေးရမယ့်အတိုးက ရပ်မသွားပါဘူး။ စက်ရုံပိတ်ထားသော်ငြား ချေးငွေရဲ့အတိုးကိုတော့ ပေးမြဲအတိုင်း ပေးခဲ့ရပါတယ်။
တစ်ဖက်ကပြန်ကြည့်ရင် ချေးငွေရယူပြီး လုပ်ငန်းမလုပ်ဘဲ ဒီအတိုင်းထိုင် အတိုးပေးနေမှတော့ ငွေကြေးတွေဟာ အလဟဿ ဆုံးရှုံးသွားတာကို တွေ့ရမှာပါ။ ဒီလိုဆုံးရှုံးမှုတွေမှန်သမျှဟာ ပြည်သူ့ဘဏ္ဍာငွေတွေပါပဲ။
ဒါကြောင့် ကိုယ်ကချေးငွေရယူပြီး လုပ်ငန်းလည်ပတ်နေတယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းကို ဒီထက်အရှိန်ကောင်းကောင်းနဲ့ လည်ပတ်နိုင်အောင် လုပ်ဆောင်မှသာ ကိုယ့်အတွက်အမြတ် ပြန်ထွက်မှာပါ။
ဒါပေမဲ့လည်း ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်မှာ ရှေ့နောက်မချင့်ချိန်ဘဲ အမြော်အမြင်နည်းတဲ့ ဆုံးဖြတ်ချက်နဲ့အတူ သံနဲ့သံမဏိစက်ရုံစီမံကိန်းများကို ရပ်ဆိုင်းပြီး ပိတ်လိုက်ခြင်းကတော့ ဘယ်လိုမှကို မတွေးတတ်အောင်ပါပဲ။
စက်ရုံတွေကိုပိတ်လိုက်ပြီး ပြန်လည်ဖွင့်လှစ်ဖို့ဆိုရင် ပိတ်ထားတဲ့ ကာလအတွင်း ပြုပြင်ထိန်းသိမ်းမှု မရှိတာကြောင့် ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ပြင်ဆင်ရမယ်။ ပြင်လို့မရရင် အစားထိုးလဲလှယ်ရမယ်။ အဲဒီအတွက် ငွေကုန်ကြေးကျ လွန်စွာများပြားပါလိမ့်မယ်။
ဒုတိယဒီမိုကရေစီအစိုးရ လက်ထက်မှာ အကြီးအကဲဖြစ်သူများက ဒီလိုအကျိုးဆက်တွေကို ထည့်သွင်း မစဉ်းစားခဲ့တာလား။
သိသိလျက်နဲ့ ဒီစက်ရုံစီမံကိန်းတွေကို ရပ်ဆိုင်းပြီး ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာလား ဆိုတာကိုတော့ သူတို့သာလျှင် အသိဆုံးဖြစ်ပါလိမ့်မယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူချိန် ပထမဆုံးဦးစားပေး လုပ်ဆောင်မှုတွေအနက် တစ်ခုက ဒုတိယ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ရှေ့နောက် မဆင်မခြင်ဆုံးဖြတ်ပြီး ရပ်ဆိုင်းခဲ့တဲ့ သံနဲ့သံမဏိစက်ရုံ စီမံကိန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေးဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲ အနေနဲ့ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်တဲ့စီမံကိန်းများကို အလေးထားတဲ့အတွက် ၂၀၂၁ ခုနှစ် သြဂုတ် ၁၀ ရက်မှာကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) မှာ “ပြည်တွင်းရှိသံမဏိစက်ရုံနှင့် သံစက်ရုံများမှာ အကြောင်းအမျိုးမျိုးကြောင့် စွမ်းအားပြည့်လည်ပတ်နိုင်မှု မရှိခြင်းကြောင့် ပြည်ပမှ သံမဏိအများအပြား တင်သွင်း
နေရသည့်အတွက် တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုမရှိစေရေး ပင်းပက်သံမဏိစက်ရုံနှင့် ဆီမီးခုံသံမဏိစက်ရုံ(မြင်းခြံ)များအား ပြန်လည်လည်ပတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်”ဆိုပြီး လမ်းညွှန်မှုပြုခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီလိုစီမံကိန်းများကို ဦးစားပေး အကောင်အထည်ဖော်ရခြင်းဟာ ဒီစီမံကိန်းတွေဆိုတာ နိုင်ငံတော်အတွက် လက်တွေ့အကျိုး ဖြစ်ထွန်းစေမယ့် စီမံကိန်းများဖြစ်တယ်လို့ ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အတွက်ပါပဲ။
ဒီလိုယုံကြည်ဖို့အတွက် ဆိုရာမှာလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ချစ်မြတ်နိုးပြီး နိုင်ငံတော်နဲ့နိုင်ငံသားများ ကောင်းစားရေးအတွက်ကိုသာ ရှေးရှုနိုင်မှသာလျှင် ရပါလိမ့်မယ်။
ဒါကြောင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး မကြာမီ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက် ညနေပိုင်းမှာ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ စီမံကိန်းကို ပြန်လည်စတင်ဖို့ လမ်းညွှန်ခဲ့တာ တွေ့ရပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းမှာတော့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်များက အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေး
ပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတော် ဝန်ကြီးချုပ်က သံမဏိထုတ်လုပ်မှု လုပ်ငန်းဆိုတာ နိုင်ငံတော်အတွက် အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများကို စနစ်တကျအပိုင်းလိုက် တည်ဆောက်ပြီး မှန်ကန်မြန်ဆန်စွာ ပြီးစီးစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ သံနဲ့သံမဏိထုတ်လုပ်လိုတယ် ဆိုရင်လည်း စည်းကမ်းများနဲ့အညီ ခွင့်ပြုပြီး ပြည်တွင်းသံမဏိထုတ်လုပ်မှု လုပ်ငန်းကို အားပေးမြှင့်တင်ပေးရန် လိုကြောင်း အစရှိသဖြင့် မှာကြားခဲ့ပါတယ်။
အလားတူ မိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန်အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များရှိပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သံနှင့်သံမဏိပစ္စည်း ဒေါ်လာ ၉၉၅ သန်းဖိုးခန့် တင်သွင်းခဲ့ရသဖြင့် ပြည်တွင်း သံမဏိထုတ်လုပ်ခြင်း လုပ်ငန်းကိုမြှင့်တင်၍ ပြည်ပမှတင်သွင်းမှုများကို လျှော့ချသွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန် မှာကြားမှုများစွာထဲကမှ တစ်ခုကတော့ သူ့အနေနဲ့နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ထားရှိတဲ့ စေတနာကို ထင်ဟပ်စေပါတယ်။ အဲဒီလမ်းညွှန်မှာကြားမှုက “မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက်လာစေရေး မြင်းခြံသံမဏိစက်ရုံက အဓိကအင်အားစုအဖြစ် အားဖြည့်နိုင်ပါစေကြောင်း” ပဲဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ အခုလိုမျိုးတွေကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်တွေကို လမ်းညွှန်မှာကြားနေတာဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အလွန်အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်စေဖို့ကိုသာ ရည်ရွယ်တာဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲက နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ဦးစီးဦးဆောင်ပြုပြီး လမ်းညွှန်မှုတွေပြုနေသလို စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနဲ့တကွ ဝန်ထမ်းများကလည်း နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်မှုနောက်ကို တစ်သဝေမတိမ်း လိုက်ပါကြလို့သာ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)အနေနဲ့ စက်ရုံလုပ်ငန်းများကို ပြန်လည်ပတ်နိုင်ရုံသာမက စီမံကိန်းလုပ်ငန်းများကိုလည်း ပြန်လည်ဆောင်ရွက် လာနိုင်တာကို ဝမ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။
ဒီလိုစီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်နိုင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်များဟာ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မှာ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ပြီး သံရည်ကျိုအလုပ်ရုံ Melt Shop-1 ပြန်လည်စတင်ခြင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် Melt Shop-1 သံရည်ကျိုခြင်းနဲ့ လေးထောင့်သံမဏိတုံး Billet ထုတ်လုပ်ခြင်း လုပ်ငန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ကို ရောက်စဉ်မှာ သံမဏိထုတ်လုပ်မှု လုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ပင်ဖြစ်ပြီး သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့်သံမဏိတင်သွင်းနေရမှုများကို လျှော့နိုင်မည် ဖြစ်ကာ ပြည်ပဈေးနှုန်းထက် သက်သာစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့တာကို တွေ့ရပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်မှာ အမြော်အမြင်မဲ့ပိတ်ပစ်ခဲ့တဲ့ သံမဏိစက်ရုံကြီးများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရက ပြန်လည်အသက်သွင်းခြင်းအားဖြင့် နိုင်ငံတော်အနေနဲ့ ဒီလိုစက်ရုံများ တည်ဆောက်ပြီးစီးပြီး ကုန်ချောထုတ်လုပ်နိုင်ရေး အပေါ် ဘယ်လောက်အထိ အလေးထားတယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ဒီလိုကုန်ချော ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်ရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုမှာမဟုတ်ပါလား။
အခုဆက်လက်ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလက ပိတ်ပစ်ခဲ့ရတဲ့ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ယခုလက်ရှိ တာဝန်ရှိသူများက ဘယ်လိုမျိုး ပြန်လည်အသက်သွင်းကြတယ်ဆိုတာ ဖော်ပြပေးပါမယ်။ အရင်ဆုံး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) အကြောင်းကနေစပြောပါမယ်။
အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီးမှာ တည်ရှိပြီး မြေဧရိယာ ၇၉၅ ဧကကျယ်ဝန်းပါတယ်။
စီမံကိန်းပထမအဆင့် Phase 1 ကို လေးထောင့်သံမဏိတုံးများနဲ့ သံမဏိပြားများ ထုတ်လုပ်ရန်၊ စီမံကိန်းဒုတိယအဆင့် Phase 2ကို kdDirect Reduction Iron ၊ Steel Slab၊ Hot Rolled SteelCoil & Sheet ၊ Cold Rolled Steel & Sheet များထုတ်လုပ်ရန်၊ Phase 2Aကို Galvanized and Aluminium Zinc Coated Steel Coil၊ Colour Coated Steel Coil ၊ Profile & Formed Section Steel Sheet များထုတ်လုပ်ရန်၊ စီမံကိန်း တတိယအဆင့် Phase 3 ကို Section and Round Bar ၊ Steel Rail နှင့် Welded Pipe များ ထုတ်လုပ်ရန် ရည်ရွယ်ပြီး စီမံကိန်းကို စတင်တည်ဆောက် အကောင်အထည်ဖော်ခဲ့တာပါ။
အဲဒီစီမံကိန်းဆိုတာ သဘာဝသံသတ္တုရိုင်း(Iron Ore)များနဲ့ သံဖြတ်စ(Scrap)များကို တန်ဖိုးမြင့်ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်မယ့် ပေါင်းစည်းသံမဏိ စက်ရုံကြီး တစ်ခုဖြစ်ပါတယ်။
စီမံကိန်းပထမ အဆင့်အတွက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနဲ့ အီတလီနိုင်ငံမှ Danieli & C.S.p.Aကုမ္ပဏီတို့က ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။
စီမံကိန်းဒုတိယအဆင့် အတွက်ကိုတော့ ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၄ ရက်မှာ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနဲ့ Danieli Indiaကုမ္ပဏီ တို့က လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
သံချောင်းလုံးများ၊ သံမဏိသံပေါင်များ၊ မီးရထားသံလမ်းများနဲ့ သံပိုက်များ ထုတ်လုပ်မယ့် စီမံကိန်းတတိယအဆင့် Phase 3 ကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနဲ့ တရုတ်နိုင်ငံမှ Danieli Changshu Metallurgical Equipment & Servicesတို့က ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်မှာ လက်မှတ်ရေးထိုးပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှာတော့ ပထမဒီမိုကရေစီ အစိုးရလက်ထက် သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ရဲ့ စီမံကိန်းနဲ့လုပ်ငန်းလည်ပတ်မှု ကိစ္စအ၀၀ကို လွှဲပြောင်းတာဝန်ယူကာ ဆက်လက်အကောင်အထည် ဖော်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အထက်မှာတင်ပြခဲ့တဲ့ အတိုင်းပဲ ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်မှာ အမြော်အမြင်မဲ့စွာ ချမှတ်တဲ့ဆုံးဖြတ်ချက်ကြောင့် နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံ ၂၂ ရုံနဲ့ စီမံကိန်း နှစ်ခုဟာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ရပါတယ်။
အဲဒီထဲမှာ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)လည်း အပါအဝင်ဖြစ်ခဲ့ရပါတယ်။
ဒီအချိန်မှာ ဘဏ္ဍာရေးသုံးစွဲခွင့်မရရှိခဲ့တဲ့အတွက် စီမံကိန်းချေးငွေများရဲ့ အတိုးက တစ်နေ့တခြား တက်လာသလို လျှပ်စစ်ဓာတ်အားခများနဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲခအကြွေးကျန်မှုများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ရဲ့ စီမံကိန်းလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းပြီး အုပ်ချုပ်မှုသုံးမှအပ ကျန်လျှပ်စစ်ဓာတ်အား အသုံးပြုမှုများကို ရပ်နားထားခဲ့ရတာ အချိန်ကာလအားဖြင့် ၅ နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ပြီးနောက် လုပ်ဆောင်တဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)မှာ “အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၏ စီမံကိန်း ပထမအဆင့်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြန်လည်ဆောင်ရွက်ရန်”ဆိုပြီး ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တကယ့်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ့် ဆုံးဖြတ်ချက်ပါပဲ။
အဲဒါကြောင့် စက်မှုဝန်ကြီးဌာနက အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)ရဲ့ စီမံကိန်းပထမအဆင့်ကို ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှ မေလ ၂၃ ရက်အထိ သံမဏိလေးထောင့်တုံးတန်ချိန် စုစုပေါင်း ၄၃၂ ဒသမ ၁၅ တန်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
စီမံကိန်းပြီးစီးမှုအနေနဲ့ လက်ရှိမှာပထမအဆင့်က ရာနှုန်းပြည့်ပြီးစီးသွား ပြီဖြစ်ပြီး စီမံကိန်းကုန်ကျစရိတ်အနေနဲ့ ယူရိုသန်းပေါင်း ၁၂၈ ဒသမ ၅ သန်း ကုန်ကျခဲ့ပါတယ်။
စီမံကိန်းဒုတိယအဆင့် Phase 2 အတွက် တချို့အဆောက်အဦတွေက ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်ပေမယ့် တချို့အဆောက်အအုံတွေကတော့ တည်ဆောက်နေဆဲဖြစ်ပါတယ်။ တပ်ဆင်မယ့်စက်ပစ္စည်းတွေကတော့ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်း ရောက်ရှိနေပါပြီ။
သူ့အတွက်သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ကတော့ ယူရိုသန်းပေါင်း ၅၇၀ ဖြစ်ပါတယ်။
အလားတူ Phase 2A နဲ့ YJ Phase 3 အတွက် တပ်ဆင်မယ့် စက်ပစ္စည်းတွေက ၉၅ ဒသမ ၀၂ ရာခိုင်နှုန်းနဲ့ ၉၆ ဒသမ ၄၂ ရာခိုင်နှုန်းစီ အသီးသီး ရောက်ရှိနေပြီဖြစ်တာကိုလည်း တွေ့ရပါတယ်။ Phase 2A နဲ့ Phase 3အတွက် သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်က ယူရို ၄၂ ဒသမ ၇၅ သန်းနဲ့ ယူရို ၅၀၂ သန်းဖြစ်ပါတယ်။
စီမံကိန်းကြီး တစ်ခုလုံးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ငွေလုံးငွေရင်း သုံးစွဲမှုကတော့ ကျပ်သန်းပေါင်း ၁၅၉၆၄၄၈ ဒသမ ၈၈ သန်းဖြစ်ပါတယ်။
စက်ပစ္စည်းတပ်ဆင်ပြီးစီးမှု အနေနဲ့ကတော့ Phase 2 အတွက် ၇၂ ဒသမ ၉၄ ရာခိုင်နှုန်း၊ Phase 2A အတွက် ၂ ဒသမ ၉၃ ရာခိုင်နှုန်း၊ Phase 3 အတွက် ၁ ဒသမ ၄၇ ရာခိုင်နှုန်းဖြစ်ပါတယ်။
အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)အနေနဲ့ ကုန်ချောထုတ်လုပ်နိုင်မှု ပမာဏကတော့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ လေးထောင့်သံမဏိတုံး စုစုပေါင်းတန်ချိန် ၁၂၅၆၇၈ ဒသမ ၉၂၅ တန်နဲ့ သံမဏိပြား စုစုပေါင်းတန်ချိန် ၂၉၈၉ ဒသမ ၂၉၈ တန်ဖြစ်ပါတယ်။
အခုဆိုရင် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) ရဲ့စီမံကိန်းပထမအဆင့်ဟာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်လို့ စက်စွမ်းအားပြည့် လည်ပတ်ပြီး တိုင်းပြည်အတွက် စက်မှုထုတ်ကုန်တွေကို ထုတ်ပေးနိုင်နေပါပြီ။ စီမံကိန်းဒုတိယ အဆင့်နဲ့ တတိယအဆင့်တို့သည်လည်း ယခုနှုန်းအတိုင်း ဆက်လက်ဆောင်ရွက် သွားမယ်ဆိုပါက မကြာခင်နှစ်များ အတွင်းမှာ ပြီးစီးမှာပါ။
ဒီလိုမျိုး စီမံကိန်းတွေပြီးစီးပြီး လုပ်ငန်းတွေ လည်ပတ်နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သံနဲ့သံမဏိလုပ်ငန်းက ပြန်လည်နိုးကြားပြီး တစ်ခေတ်ဆန်းသစ်လာတော့မှာဖြစ်သလို မြန်မာ့စက်မှုလုပ်ငန်း ယခုထက် ပိုမိုတိုးတက်လာစေရေးအတွက် မြင်းခြံသံမဏိစက်ရုံက အဓိကအင်အားစုအဖြစ် အားဖြည့်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အခုလိုဖြစ်ပေါ်လာရတယ် ဆိုတာကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မှန်ကန်တဲ့ခေါင်းဆောင်မှုနဲ့ ဦးစီးဦးဆောင်ပြုမှုကြောင့်သာ ဖြစ်ကြောင်း လေးစားဂုဏ်ယူစွာနဲ့ ရေးသား တင်ပြလိုက်ရပါတယ်။ ။
ထက်မြတ်