ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်း အဖြေရှာပေး
၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်းပါး
၂၁ ရာစုကမ္ဘာကြီးသည် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကြောင့် အပူချိန်အလွန်အမင်း မြင့်တက်နေခြင်း၊ သဘာဝအရင်းအမြစ်များ ဆုံးရှုံးခြင်းနှင့်ဂေဟစနစ်များ ပျက်စီးခြင်း စသည်တို့ကို ရင်ဆိုင်လျက်ရှိသည်။ လူသားမျိုးနွယ်စုများ၏ စီမံခန့်ခွဲမှုလွန်ကဲသော လုပ်ရပ်များကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ပြဿနာများကို ရင်ဆိုင်နေကြရခြင်းသာဖြစ်သည်။ အဆိုပါပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ဖြစ်ပေါ်လာစေသည့်အဓိက အကြောင်းရင်းများတွင် စွန့်ပစ်ပစ္စည်းဟူသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းအမျိုးအစား မြောက်မြားစွာရှိသည့်အနက် အဆိုးရွားဆုံး တစ်ခုမှာ လူသားတိုင်း၏ နေ့စဉ်လူနေမှုဘဝတွင် မလွဲမသွေကြုံတွေ့နေရသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းသာ ဖြစ်သည်။ ပလတ်စတစ်အလွန်အကျွံ သုံးစွဲခြင်းအား ထိထိရောက်ရောက်ဖြေရှင်းနိုင်စွမ်း မရှိပါက ကမ္ဘာအတွက် အန္တရာယ်ဖြစ်နေသည်ကို လူသားများ သတိချပ်ရန် အချိန်ကျရောက်နေပြီလည်း ဖြစ်သည်။
ရည်ရွယ်ချက်ကြီးမားသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းရခြင်း အကြောင်းရင်းများတွင် သဘာဝအလျောက်ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များထက် လူသားတို့၏ ပယောဂကြောင့် ဖြစ်ပျက်လာသည့် ဆိုးကျိုးရလဒ်များက ပိုမိုများပြားသည်။ သဘာဝလောကအား ကနဦး ဖျက်ဆီးသူမှာ လူသားများပင်ဖြစ်ပြီး အကျိုးဆက်အဖြစ် နောက်ဆုံးထိခိုက်ခံရသူများမှာလည်း လူသားများပင်ဖြစ်သည်။ လူသားတို့ကြောင့် ယိုယွင်းလာသည့် ကမ္ဘာကြီးအား ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ရန် ၁၉၇၀ ပြည့်နှစ်တွင် ကမ္ဘာ့ခေါင်းဆောင်များက စတင်စဉ်းစားလာကြသည်။ သို့ဖြစ်၍ ၁၉၇၂ ခုနှစ် ဇွန် ၅ ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကမ္ဘာ့ကုလသမဂ္ဂ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကြီး(United Nations Conference on the Human Environment)ကို ကမ္ဘာ့နိုင်ငံများ ပူးပေါင်း၍ ပထမဦးဆုံး ကျင်းပခဲ့ကြသည်။ ညီလာခံကြီး၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းနိုင်ကြရန် အတွက်ဖြစ်သည်။
ထိုမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ဇွန် ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ၁၉၇၄ ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်။ နှစ်စဉ်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့တိုင်းတွင် အထိမ်းအမှတ် ဆောင်ပုဒ်တစ်ခုခုကို ဦးတည်ချက်ချမှတ်ကာ အကောင်အထည်ဖော်ကြလေ့ရှိပြီး ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့(Solutions to Plastic Pollution)”ဟူ၍ဖြစ်ပါသည်။
ဆောင်ပုဒ်၏ ရည်ရွယ်ချက်အား ဂဃနဏသိရှိရန်လို
ပလတ်စတစ်ညစ်ညမ်းမှု (Plastic Pollution) ဟူသည့် နောက်ဆုံးပေါ် ညစ်ညမ်းမှုသည် ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်များနှင့် လူသားတို့၏ ကျန်းမာရေးအပေါ်တွင် သိသာထင်ရှားစွာ ထိခိုက်လျက်ရှိပြီး အရေးတကြီး ဖြေရှင်းရန် လိုအပ်နေကြောင်း၊ ပလတ်စတစ် အလွန်အကျွံသုံးစွဲခြင်း၏ အကျိုးဆက်ကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ခြင်း မရှိပါက ပလတ်စတစ်သည် အဖျက်စွမ်းအားကြီးမားစွာ ကမ္ဘာကို အန္တရာယ်ပြုနေပြီဖြစ်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် လူသားအားလုံး ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ်ကျင်းပသော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှ တိုက်တွန်းနှိုးဆော်ထားပါသည်။
ပလတ်စတစ်၏ကနဦးအစ
၁၉ ရာစုအစောပိုင်းတွင် ပလတ်စတစ်သည် အခြားသော ဓာတုဗေဒအမည် အမျိုးမျိုးဖြင့် စတင်ဖြစ်ထွန်းခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် “ပလတ်စတစ်စက်မှုဖခင်ကြီး”ဟု တင်စားခေါ်ဝေါ်ကြသော ဘယ်ဂျီယမ် ဓာတုဗေဒပညာရှင် Leo Hendrik Bakeland ဆိုသူက Bakelite ဟုခေါ်သည့် ပလတ်စတစ်အမျိုးအစားကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ လူသားတို့သည် အမျိုးမျိုးသော လူလုပ်ပလတ် စတစ်ပစ္စည်းပေါင်းစုံကို ဖန်တီး အသုံးပြုလာကြသည်။
၁၉၈၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ပလတ်စတစ် ထုတ်လုပ်မှု စုစုပေါင်းသည် တန်ချိန်သန်းပေါင်း ၁၀၀ ခန့်ထိရှိလာခဲ့သည်။ ထို့ပြင် လူသားတို့ အသုံးပြုနေသော ပလတ်စတစ်၏ ကနဦးအစသည် ၁၉ ရာစု အစောပိုင်းကမှ စတင်ခဲ့ခြင်းသာဖြစ်သောကြောင့် ကမ္ဘာကြီး၏ သက်တမ်းနှင့်နှိုင်းယှဉ်သော် မကြာလှသေးဟု ဆိုနိုင်သော်လည်း ပလတ်စတစ်၏ အဖျက်စွမ်းအားကမူ အမြန်နှုန်းမြင့်မားလှကြောင်း တွေ့ရှိရပေသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပလတ်စတစ်ကို ရေနံထွက်ပစ္စည်းနှင့် သဘာဝဓာတ်ငွေ့တို့ဆီမှ ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာခြင်းနှင့် အသုံးပြုရလွယ်ကူခြင်းတို့ကြောင့် အသုံးပြုမှု အလွန်များပြားသည်။ လူတို့တီထွင် ထုတ်လုပ်ထားသည့် ပလတ်စတစ်တွင် အမျိုးအစားအားဖြင့် အုပ်စုကြီးနှစ်ခုရှိရာ သာမိုပလတ်စတစ်(Thermo Plastic)နှင့် သာမိုဆက်တင်(Thermo setting)တို့ ဖြစ်ကြသည်။ သာမိုပလတ်စတစ်၏ ဂုဏ်သတ္တိမှာ အပူပေးလျှင် မီးမလောင်ဘဲ အရည်ပျော်ကာ အခြားနေရာများတွင် ပြန်လည် အသုံးပြုနိုင်စွမ်းရှိသည်။ သာမိုပလတ်စတစ်ပါ လူသုံးပစ္စည်းများတွင်ပါဝင်သည့် ဓာတ်ပေါင်းများ လုံးဝဥဿုံပြိုကွဲသွားသည့် အခြေအနေသို့ရောက်ရန် မှန်းဆချက်တွင် ရေသန့်ဘူး(နှစ်၂၀၀)၊ ကြွပ်ကြွပ်အိတ် (နှစ် ၄၅၀)နှင့် နိုင်လွန်ပါအဝတ်များ (နှစ် ၅၀၀)ဖြစ်ကြပြီး ပျမ်းမျှအားဖြင့်ဆိုသော် သာမိုပလတ်စတစ်ပါ ပစ္စည်းများသည် နှစ် ၂၀၀ မှ ၁၀၀၀ ကြားတွင် တည်တံ့နိုင်ပေသည်။ သာမိုဆက်တင်(Thermo setting) ပါဝင်သည့် ဖော့ဘူးကဲ့သို့သော ပစ္စည်းများမှာမူ နှစ်ပေါင်း ၅၀၀၀ ခန့်အထိဖြစ်ကြောင်း ဓာတုဗေဒပညာရှင်များက ဆိုထားကြပေသည်။ သို့ဖြစ်၍ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် သဘာဝအလျောက် ပြိုကွဲပျက်စီးရန် နှစ်ပေါင်းရာထောင်ချီ၍ ကြာမြင့်နိုင်သည်ကို တွေ့ရှိရသည်။ လက်ရှိအချိန်တွင် ထုထည်ကြီးမားလှသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေသည့်အပြင် အလွန်သေးငယ်လွန်းသည့် ပလတ်စတစ် အမှုန်အမွှားများသည်လည်း တစ်ကမ္ဘာလုံးအား ဆိုးရွားစွာ ဒုက္ခပေးနေပြီဖြစ်ပါသည်။
ပလတ်စတစ်အမှုန်အမွှားများ၏ အန္တရာယ်
လူသားများ နေ့စဉ်အသုံးပြုနေသော တစ်ခါသုံးခွက်များ၊ ပလတ်စတစ်ရေဘူးများ၊ အစားအစာ ထုပ်ပိုးသော ပလတ်စတစ်ပစ္စည်းများ စသည်တို့မှ တစ်ဆင့် သေးငယ်လှသော ပလတ်စတစ်အမှုန်အမွှားများ ထွက်ရှိလာခြင်းသည် လူ့ခန္ဓာကိုယ်ဆဲလ်များကို ဆိုးရွားစွာ ပျက်စီးသွားစေပါသည်။ ၎င်းအကျိုးဆက်မှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း သန်းပေါင်းများစွာသော လူသားတို့သည် အရွယ်မတိုင်မီ သေဆုံးခြင်းများနှင့် ရင်ဆိုင်ရလျက်ရှိသည်။
မိုက်ခရိုပလတ်စတစ်(Microplastics)ဟုခေါ်သော ပလတ်စတစ်အမှုန်များသည် အများအားဖြင့် အချင်း ၅ မီလီမီတာထက် သေးငယ်သော ပလတ်စတစ်အမှုန်များသာ ဖြစ်သည်။ ဗြိတိန်နိုင်ငံ ပို့စ်မောက် တက္ကသိုလ်မှ ဒေါက်တာဖေးကော်ချယ်ရို ဦးဆောင်သောသုတေသနအဖွဲ့၏ အဆိုအရ လူသားများသည် ၎င်းတို့၏နေအိမ်အတွင်းမှ နေ့စဉ် မိုက်ခရိုပလတ်စတစ် ၂၀၀၀ နှင့် ၇၀၀၀ ကြားပမာဏကို ရှူရှိုက်ခြင်း၊ မျိုချခြင်းများ ပြုလုပ်နေကြကြောင်း ယင်းအမှုန်အမွှားများသည် လူသားတို့၏ မျက်နှာနှင့်ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လျက်ရှိကြောင်း ကြောက်မက်ဖွယ်ရာ တွေ့ရပေသည်။
၎င်းအကျိုးဆက်အဖြစ် မိုက်ခရိုနှင့် နာနိုပလတ်စတစ် အမှုန်များသည် လူ့သွေးကြောများအား အလွယ်တကူ ပျက်စီးစေသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတွင်မူ မွေးဖွားလာမည့် ကလေးငယ်များအထိပါ သက်ရောက်မှုရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ ပလတ်စတစ် အမှုန်အမွှားများသည် လက်ရှိလူသားတို့၏ အသက်ရှင်နေထိုင်မှုကို ထိခိုက်ပျက်စီးစေရုံသာမက နောင်လာမည့် လူသားမျိုးဆက်များအတွက်ပါ အန္တရာယ်ရှိလာပြီဖြစ်သည်ကို ကြောက်မက်ဖွယ်ရာ တွေ့ရပေသည်။
ရေထု၊ လေထုတို့အား ညစ်ညမ်းသွားစေသော ပလတ်စတစ်ပစ္စည်းစွန့်ပစ်မှု
လေ့လာတွေ့ရှိချက်များအရ လူတစ်ဦးသည် ၁၂ မိနစ်လျှင် ပလတ်စတစ်ပစ္စည်းတစ်ခု စွန့်ပစ်နေပြီး နိုင်ငံတစ်နိုင်ငံချင်းပေါ်တွင် မူတည်၍ သုံးစွဲ၊ စွန့်ပစ်ခြင်းများ ကွာခြားလျက်ရှိသည်။ လက်ရှိကမ္ဘာပေါ်တွင် နှစ်တစ်နှစ်အတွင်း ရေသန့်ဘူးစွန့်ပစ်မှု ၃၅ ဘီလီယံရှိပြီး ပလတ်စတစ်ကြောင့်ပင် ပင်လယ်နေငှက်များနှင့် ရေနေသတ္တဝါများ တစ်သိန်းကျော်သေကျေ ပျက်စီးနေသည်ဟုလည်း ecowatch.com တွင်ဖော်ပြထား သည်။ ထို့အတူ မြန်မာနိုင်ငံတွင် နေ့စဉ် အမှိုက်တန်ချိန်၂၀၀၀၀ ထွက်ရှိနေပြီး ရန်ကုန်တစ်မြို့တည်း၌ပင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၃၀၀ မှ ၂၅၀၀ ထိ ထွက်ရှိလျက်ရှိသည်။ ထိုသို့သော စွန့်ပစ်အမှိုက်များထဲတွင် ပလတ်စတစ် အမှိုက်များမှာ ၁၃ ရာခိုင်နှုန်းနှင့် အထက်ပါဝင်နေကြောင်း အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ ထုတ်ပြန်ချက်တွင် လေ့လာတွေ့ရှိရပါသည်။
နောက်ဆုံးခန့်မှန်းချက်များအရ ကမ္ဘာပေါ်တွင် ပလတ်စတစ် ထုတ်လုပ်မှုသည် ၂၀၅၀ ပြည့်နှစ်တွင် သုံးဆခန့်ထိ တိုးလာမည်ဖြစ်သဖြင့် ပလတ်စတစ် ညစ်ညမ်းမှု(Plastic Pollution)အား နည်းလမ်းပေါင်းစုံဖြင့် လျှော့ချရတော့မည်သာဖြစ်သည်။ ထိုသို့ မဟုတ်လျှင် ၂၀၅၀ ပြည့်နှစ်ရောက်သည့်အခါ ပင်လယ်သမုဒ္ဒရာများတွင် ငါးများထက် ပလတ်စတစ်အမှိုက်က ပိုမိုများလာတော့မည်လည်းဖြစ်သည်။ ထို့ပြင် ပလတ်စတစ်အမှိုက်များ စုဝေးပေါင်းစည်းရာမှ ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့သည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထက်ပင် အဆ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့် ပိုမိုပြင်းထန်သောကြောင့် လေထုညစ်ညမ်းခြင်းကိုပါ ဖြစ်စေတော့သည်။ ကမ္ဘာ့သမုဒ္ဒရာများအတွင်း ပြန့်ကျဲနေသော ပလတ်စတစ်များသည် သမုဒ္ဒရာများ၏ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူနိုင်စွမ်းအား အနှောင့်အယှက် ဖြစ်စေနိုင်သည့်အပြင် ရာသီဥတုပြောင်းလဲမှုကို အရှိန်မြှင့်တင်လျက်ရှိသည်။
ဝိုင်းဝန်းဖြေရှင်းကြပါစို့
နိုင်ငံတွင်း ပလတ်စတစ် ညစ်ညမ်းမှုပြဿနာအား ဝိုင်းဝန်းဖြေရှင်းကြရာတွင် ဈေးကွက်အတွင်းသို့ ပလတ်စတစ်ပစ္စည်းများ ပိုမိုဝင်ရောက်လာခြင်းကို တားဆီးကာကွယ်ရန်၊ စွန့်ပစ်ပစ္စည်း ကင်းစင်သော ကျေးရွာ၊ မြို့ပြများ ပေါ်ပေါက်လာရန် ကုန်စည်ပေးပို့မှုအတွက် အခြားရွေးချယ်နိုင်မည့် နည်းစနစ်များနှင့် ပြန်လည်အသုံးပြုနိုင်မည့် ကုန်ပစ္စည်းများကို အကောင်အထည်ဖော် ထုတ်လုပ်ပေးရန် စသည်တို့အား အလေးပေး လုပ်ဆောင်သွားကြရန် လိုအပ်ပေသည်။ ထို့ပြင် နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ ခန္ဓာကိုယ်များအား ပလတ်စတစ်များနှင့် အဆိပ်အတောက်ပါဝင်သည့် ဖြည့်စွက်ပစ္စည်းများမှ ကင်းလွတ်စေရန် လက်တွေ့ကျသော တောင်းဆိုမှုများ၊ ဖြေရှင်းရန်နည်းလမ်းများကို မူဝါဒရေးရာ ချမှတ်သူများထံမှ တင်ပြတောင်းဆို သွားကြရမည်လည်းဖြစ်သည်။ ထို့အတူ အစိုးရအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ NGO အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့များမှ မူဝါဒများ စနစ်တကျ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားတိုင်းက ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်နိုင်ရေး သည်လည်း အထူးအရေးကြီးပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၏ အဓိကကဏ္ဍတစ်ခုဖြစ်သော ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအား ဆောင်ရွက်နေကြချိန်တွင် နိုင်ငံသား၊ နိုင်ငံ၊ ကမ္ဘာတို့သည် ထိမိစွာ ချိတ်ဆက် ဆောင်ရွက်နိုင်မှသာ အောင်မြင်မှု အရှိန်အဟုန်က မြန်ဆန်မည်ဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၅ အရ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရမည်”ဟူ၍ ပြဋ္ဌာန်းထားသည်။ လက်ရှိကာလတွင် နိုင်ငံတော် အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း ချိတ်ဆက်ဆောင်ရွက်သကဲ့သို့ နိုင်ငံသားများ အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို တန်ဖိုးထား၍ လိုက်နာဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေးစားလိုက်နာခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်း ကမ္ဘာ့ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်ထွန်းစေပါသည်။ သို့ဖြစ်၍ ယခုနှစ်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင်လည်း “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အဖျက်စွမ်းအားကြီးမားသော ပလတ်စတစ်ညစ်ညမ်းခြင်း၏ အန္တရာယ်အား နိုင်ငံသားအားလုံး၏ စုပေါင်းအားဖြင့် ဖြေရှင်းတိုက်ထုတ်သွားကြပါစို့ဟု တိုက်တွန်းချင်မိပါတော့သည်။ ။
ဝမ်းယုနောင်