၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ
နေပြည်တော်၊ ဇွန် - ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်) ၊ အုပ်ချုပ်မှုရုံး၊ စုပေါင်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသူ များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးက အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)ကျောင်းအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်း သား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ခင်းကျင်းပြသ ထားသည့် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။