နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးအား ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးအား ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏

    ဗန်းမော်ဆရာတော်ဘုရားကြီးသည် လူသားတို့၏ ကောင်းကျိုးအတွက် လောကီ၊လောကုတ္တရာ နှစ်ဖြာ အကျိုးများစေဖို့ တရားတော်များကို ဟောကြားတော်မူရာတွင် လူတိုင်းအလွယ်တကူ နားလည်လိုက်နာ ကျင့်ကြံနိုင်သည်များကို  အများဆုံး ဟောကြားလေ့ရှိပါသည်။ များပြားစွာ ဟောကြားတော်မူသည့် တရားတော်များအနက်  ဗန်းမော်ဆရာတော် ဘုရားကြီး၏ စံချိန်ကိုက်ပဋ္ဌာန်း ရွတ်ဖတ်နည်း တရားတော်ကို  ဦးစွာတင်ပြလိုပါသည်။  ပဋ္ဌာန်းတရားတော်၏ မျက်မှောက်ကာလ အကျိုးပေးမှုများကိုရေးသားဖော်ပြထားသည့် ဖြစ်ရပ်မှန်များမှာလည်း များစွာရှိပါသည်။

ဗန်းမော်ဆရာတော်ဘုရားကြီးက ပဋ္ဌာန်းရွတ်ဖတ်သည့်အခါ ဒိဋ္ဌဓမ္မ ယခုဘဝမှာပင် အကျိုးပေးအောင် စံချိန်ကိုက်ရွတ်ဖတ်နည်း(၄)နည်းရှိကြောင်း ဟောတော်မူပါသည်။ ယင်းတို့မှာ-

၁။      ခန္ဓာကိုယ် သန့်ရှင်းစေရမည်။

၂။      အချိန်မှန်မှန် ရွတ်ဖတ်ရမည်။

၃။      ပီပီသသ အသံကျယ်ကျယ် ရွတ်ဖတ်ရမည်။

၄။      ပြီးလျှင် အမျှဝေမေတ္တာပွားရမည် ဟူ၍ဖြစ်ပါသည်။

 ခန္ဓာကိုယ် သန့်ရှင်းစေရမည်ဆိုသည်မှာ   ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးအနားရှိ နတ်ဗြဟ္မာများ  တရားနာလာကြသည်။ ပဋ္ဌာန်းရွတ်ဖတ်သူက   နံစော်နေပါလျှင် ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာများ နှာခေါင်းရှုံ့ပြီးပြန်သွားကြသည်။ သို့အတွက်  ခန္ဓာကိုယ် သန့်ရှင်းပါစေ၊   ချွေးစော်၊ ကြေးညှော်စော်မနံပါစေနှင့်ဟူ၍ ပထမဦးဆုံးအချက် သတ်မှတ်ပေးထားပါသည်။

အချိန်မှန်မှန်ရွတ်ဖတ်ရမည်    ဆိုသည်မှာ    ရွတ်ဖတ်ပါများလျှင်  နတ်ဗြဟ္မာတို့   တရားနာလာကြသည်။ အချိန်ကိုမှတ်ထားပြီး ည ၈ နာရီ၊ ၉ နာရီ စသည်ဖြင့်  အချိန်မှတ်ပြီးလာကြသည်။ အခြားမြို့ရွာတို့မှ   နတ်ဗြဟ္မာတို့ကို လည်းကောင်း၊ အခြားတိုင်းပြည်၊ အခြားစကြဝဠာမှ နတ်ဗြဟ္မာတို့ကို လည်းကောင်း ခေါ်လာကြသည်။ ၎င်းနတ်ဗြဟ္မာတို့ တရားနာရန်လာချိန်၌   ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ဖတ်ဘဲ  ဟိုလုပ်ဒီလုပ်   လုပ်နေလျှင် ၎င်းင်းနတ်ဗြဟ္မာများ စိတ်ပျက်ပြီး ပြန်သွားကြသည်။ ထို့ကြောင့်အချိန်မှန်မှန် ရွတ်ရခြင်းဖြစ်သည်။

ပီပီသသ ကျယ်ကျယ်ရွတ်ရမည်။ တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနာကြသည့် နတ်ဗြဟ္မာများ နာ၍အားမရ နားမလည်၍ စိတ်တိုပြီး ပြန်သွားတတ်ကြသည်။ ထို့ကြောင့်ပီပီသသရွတ်ဖတ် ရန်လိုအပ်ပါသည်။

ပြီးလျှင်  အမျှေ၀ မေတ္တာပွားရမည်။ ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် “ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြ သည့်နတ်ဗြဟ္မာအပေါင်းတို့အား အမျှပေးဝေပါ၏။ အခြားဒါနကုသိုလ် သီလကုသိုလ်  ဘာဝနာကုသိုလ်တို့ကိုလည်း  အမျှပေးဝေပါ၏။ သာဓုခေါ်ကြပါ။ နတ်၌ဖြစ်သော   စည်းစိမ်ချမ်းသာတို့ကိုလည်း ရရှိ၍ နတ်စည်းစိမ်ချမ်းသာ  တိုးတက်ကြပါစေ။ ကျွန်ုပ်၏ သာသနာပြု လုပ်ငန်းတို့ကိုလည်း ပြီးစီး အောင်မြင်အောင် စောင့်ရှောက်ကြပါစေ” ဟူ၍ဖြစ်သည်။

“တရားနာလာကြသည့် တစ္ဆေ သရဲ ပြိတ္တာ မှင်စာ အပါယ်ဘုံသားတို့အားလည်း အမျှပေးဝေပါ၏။ အမျှရ၍ ကျန်းမာချမ်းသာကြပါစေ”ဟုအမျှေ၀ မေတ္တာပွားရမည်ဖြစ်ပါသည်။ဤကဲ့သို့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပွားများပါလျှင် လောကီအကျိုးများတစ်နေ့တခြားတိုးပွား၍ ဘုန်းကြီးသက်ရှည် ရောဂါအန္တရာယ်တွေ ကင်းရှင်းသွားပါလိမ့်မည်။လိုရာဆန္ဒတွေ အားလုံး ပြည့်ဝကြပါလိမ့်မည်.. ဟူ၍ ဆရာတော်ဘုရားကြီး ကဟောကြားထားပါသည်။

ဗန်းမော်ဆရာတော်ဘုရားကြီးသည်   ဤပဋ္ဌာန်းတရားတော်ကို   ဖော်ပြပါ အချက်လေးချက်နှင့် အညီ ပူဇော်ပါသည်။  ပူဇော်ခြင်းကြောင့်   ရရှိသည့်ကောင်းကျိုးများကို   ပြန်လည်ဟောကြားပါသည်။ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်၍   ကြာမြင့်လာသည့်အခါ ဆရာတော်ဘုရားကြီးထံ နတ်တွေကပင် လာရောက်ကိုယ်ထင်ပြကာ    ပူဇော်ကြောင်း သိရှိရပါသည်။ ပဋ္ဌာန်းရွတ်နေစဉ် တစ်ကျောင်းလုံး မွှေးကြိုင်လာလျှင် နတ်ဗြဟ္မာများ တရားနာလာခြင်းဖြစ်သည်။

ဆရာတော်ဘုရားကြီး၏ကျောင်းတော်မှာ မူလက ကျောင်းအိုတစ်ကျောင်းသာ ဖြစ်ခဲ့သော်လည်း နေ့စဉ်အချိန်မှန် ပဋ္ဌာန်းရွတ်ဖတ်မှုများလာသောအခါ လက်ရှိမြင်တွေ့ရသည့် ကျောင်းကြီးဖြစ်လာကြောင်း ကိုလည်း ဆရာတော်ဘုရားကြီးက ပဋ္ဌာန်းတရားတော်နှင့် ဆက်စပ်ဟောကြားတော်မူပါသည်။ သာသနာတော်ကို အထူးအားပေး စောင့်ရှောက်သော အစိုးရမင်းများလက်ထက်တွင်  ဘာသာသာသနာမှာ နေလိုလလို ထွန်းလင်းတောက်ပပါသည်။   ပဋ္ဌာန်းတရားတော်နှင့် ပတ်သက်၍စာရေးသူက အတိုချုပ်ရေးသားတင် ပြခြင်းဖြစ်သည်။ ဤတရားတော်သည် အားလုံးနာကြားဖူးသော တရားတော်ဖြစ်ပါသည်။

လူသားတို့၏လောဘ၊ ဒေါသ၊ မောဟတို့ကြောင့် ကမ္ဘာကြီးတွင် ကပ်ကြီးသုံးပါး ပေါ်ပေါက်လာခြင်းဖြစ်ပေရာ အဆိုပါကပ်ကြီးသုံးပါးမှ လွတ်မြောက်နိုင်သော တရားတော်များကို ရွတ်ဆိုပူဇော်ရန် ဂါထာတော်များကိုလည်း ဆရာတော်ကြီးက ဟောကြားတော်မူပါသည်။ ဘေးအန္တရာယ်အမျိုးမျိုးမှ   လွတ်မြောက်နိုင်သော သမ္ဗုဒ္ဓေဂါထာတော်ကို အမြဲမပြတ်ရွတ်ဖတ်ကြရန် ကိုယ်တွေ့ဖြစ်ရပ်များနှင့် ယှဉ်ကာ ဟောကြားတော်မူသည်များလည်း ရှိပါသည်။ ဆရာတော်ဘုရားကြီးသည် အစဉ်ပြုံးရွှင်စွာဖြင့်   လူကြီးလူရွယ်လူငယ် မရွေးအလွယ်တကူ သိရှိနားလည်နိုင်သည်များကို ဟောကြားသည်မှာလည်း ဆရာတော်ဘုရားကြီး၏ ထူးခြားချက်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်အများစုသည် နေ့စဉ်ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့ကိုပူဇော်ကန်တော့လေ့ ရှိပါသည်။ ထိုသို့ပူဇော်သည့်အထဲမှ သံဃာတော်နှင့် ပတ်သက်လျှင်    သံဃာ့ဂုဏ်တော် ကိုးပါးရှိပါသည်။

“သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝက

သံဃော၊အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇဇလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ” ဟူ၍ဖြစ်သည်။

ဘဂဝတော- မြတ်စွာဘုရား၏၊ သာဝကသံဃော-   တပည့်သားသံဃာတော်မြတ်သည်-

(၁)     သုပ္ပဋိပန္နော- နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သောအကျင့်ကို   ကောင်းစွာ ကျင့်တော်မူတတ် ပါပေ၏။

(၂)     ဥဇုပ္ပဋိပန္နော- မဇ္ဈိမပဋိပဒံ အကျင့်မှန်ကို         ဖြောင့်မှန်စွာ ကျင့်တော်မူပါပေ၏။

(၃)     ဉာယပ္ပဋိပန္နော- နိဗ္ဗာန်ထုတ်ချောက် မျက်မှောက်ပြုရေး အလေးပေးကာ ကျင့်တော်မူပါပေ၏။

(၄)     သာမီစိပ္ပဋိပန္နော- ပေါ်နိုင်ခဲခက် နည်းကျင့်နက်ကို     လေးနက်ရိုသေ ကျင့်တော်မူပါပေ၏။ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ- မဂ်ဖိုလ်ရဆဲ အကြင်လေးစုံတွဲတို့သည်၊ အဋ္ဌပုရိသပုဂ္ဂလာ-    သင်္ချာချင့်ထောက် ရှစ်ယောက်တို့သည်၊ ဟောန္တိ-  ဖြစ်ကြပေကုန်၏။ ဘဂဝတော- ဘုန်းပန်းမဉ္ဇူ   သောင်းလုံးကြူသည့် နတ်လူများ ထွတ်      ဘုရားမြတ်၏၊ ဧသဧသော သာဝကသံဃော-ဤတပည့်သားသံဃာတော်သည်-

(၅)    အာဟုနေယျော- တကူးတက ဝေးမှဆောင်ယူ ပူဇော်ခြင်းကို ခံယူတော်မူထိုက်ပါပေ၏။

(၆)    ပါဟုနေယျော- ဧည့်ထူးစောင်ထူး ရည်စူးစီမံ လှူရန်ဟူသမျှခံထိုက်လှပါပေ၏။

(၇)     ဒက္ခိဏေယျော- ထွတ်ထွတ်မြတ်မြတ် သတ်မှတ် ရည်စူးအလှူထူးကို ခံယူတော်မူထိုက်ပေ၏။

(၈)    အဉ္ဇလိကရဏီယော- လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း ခံထိုက်ပေ၏။

(၉)  လောကဿ- ဗြဟ္မာနတ်လူ ကမ္ဘာသူကမ္ဘာသား  သတ္တဝါများ၏၊ အနုတ္တရံ-အတုမရှိ အတူမရှိ အကောင်းဆုံးဖြစ်သော၊ ပုညက္ခေတ္တံ-ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏။

သံဃာ့ဂုဏ်တော်ကိုးပါးတို့တွင် နောက်ဆုံး ဂုဏ်တော်သည် “လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း၏  အတုမရှိမြတ်သော ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏” ဟူ၍ဖြစ်ပေရာ သံဃာတော်အရှင်သူမြတ်တို့ရှိနေ၍ လူသာမန်တို့ ကုသိုလ်ဒါနပြုခွင့်ရသည်ဟူ၍ ကြည်နူး

မိပါသည်။   ဗုဒ္ဓဘာသာသည်  အတိတ်ကာလက ကမ္ဘာတစ်ဝန်းတွင်  အထူးပင်ထွန်းကားခဲ့သည်ဟု သံဃာတော်များဟောကြားလျှင် အချို့သော လူငယ်များက ယုံကြည်မှုနည်းပါးကြသည်။ သိပ္ပံသဘောအရ လက်တွေ့ပြမှ ယုံကြသူများအတွက် နိုင်ငံများစွာတွင် မြတ်ဗုဒ္ဓ၏ ရုပ်ပွားတော်များရှိနေခြင်းက သက်သေပြနိုင်သည်။

ပြီးခဲ့သည့်မေ ၅ ရက်က နိုင်ငံတကာ သတင်းတစ်ပုဒ်တွင် အီဂျစ်နိုင်ငံရှိရှေးဟောင်း ဘုရားကျောင်းတစ်ခုမှ    ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တူးဖော်တွေ့ရှိကြောင်း သတင်းတစ်ခု ဖတ်လိုက်ရသည်။

ဗုဒ္ဓရုပ်ပွားတော်ကို ကျောက်သားဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး  ထိုကျောက်သားကို တူကီယဲနိုင်ငံ တောင်ပိုင်းရှိ ဒေသတစ်ဝန်း၌ တူးဖော်ရရှိနိုင်ကြောင်း သိရသည်။ရုပ်ပွားတော်မှာ ကြာပလ္လင်ပေါ်တွင်ရပ်တော်မူကာ   ရောင်ခြည်တော်ကွန့်မြူးနေသည့် သဏ္ဌာန်ဖြစ်ပါသည်။ ဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော် ၂၈ လက်မခန့်ရှိပြီး  သက်တမ်းအားဖြင့် အေဒီ ၂ ရာစုခန့်ကဖြစ်သည်ဟု ယူဆရသည်။

ဤသတင်းကိုသုံးသပ်ရလျှင်    ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ထွန်းကားခဲ့သော်လည်း သာသနာတော်ကို စောင့်ရှောက်ရန်၊   လက်ဆင့်ကမ်းရန်၊ ထွန်းကားပြန့်ပွားရန် လုပ်ဆောင်မှု အားနည်းခဲ့၍ ထိုဒေသများတွင် သာသနာ ကွယ်ပခဲ့ခြင်းဖြစ်သည်။ ထိုဒေသများနှင့်နှိုင်းယှဉ်လျှင်   မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာရှည်ကြာစွာ တည်တံ့ခိုင်မြဲလျက်ရှိသည်မှာ သံဃာတော် အရှင်သူမြတ်များကြောင့်ဖြစ်သည်မှာ   ရာခိုင်နှုန်းပြည့် အမှန်တရားဖြစ်သည်။ ထို့ကြောင့် သံဃာတော်တို့၏ ဂုဏ်ကျေးဇူးမှာ များပြားလွန်းလှသည်။   

ထို့ထက်    ထိုသံဃာတော်အရှင်မြတ်တို့ကို ညီညီညွတ်ညွတ် စုစုစည်းစည်း   ထေရဝါဒဗုဒ္ဓ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ဦးဆောင်လမ်းပြဖြစ်တော်မူသော သံဃာ့ဦးသျှောင်  ဆရာတော် အရှင်သူမြတ်ကြီး၏ ဂုဏ်ကျေးဇူးကား များပြားလွန်းလှပါသည်။

အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ် ဆရာတော်ဘုရားကြီးသည်   ၁၃၈၄ ခုနှစ် တပေါင်းလဆန်း  ၇ ရက်  (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ စနေနေ့)တွင်ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(၄၇)ပါးစုံညီ တေရသမ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ မိန့်ကြားတော် မူခဲ့ပါသည်။ အဆိုပါသြဝါဒကထာမှ သာသနာတော်နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်များကို ကောက်နုတ်ဖော်ပြလိုပါသည်။

အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဥပေါသထ သုတ်တော်၌ ဘုရားရှင်က သာသနာတော်၏ အံ့ဖွယ်တော်ရှစ်ဖြာကို မဟာသမုဒ္ဒရာ၏အံ့ဖွယ်ရှစ်ဖြာနှင့် ပမာထားကာ နှီးနှော ဟောကြားတော်မူခဲ့ပါသည်။ အံ့ဖွယ်ရှစ်ဖြာကို “အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း၊ မယွင်း မတိုး၊ ငန်မျိုးရသာ၊ များရတနာနှင့်၊ ကြီးသူနေရာ၊ ဤရှစ်ဖြာသည်၊ မဟာသမုဒ္ဒရာအံ့ဖွယ်တည်း” ဟူသော အကျဉ်းချုပ်လင်္ကာဖြင့် မှတ်သားနိုင်ပါသည်။

“အစဉ်နက်ဝှမ်း” ဟူသည်မှာ မဟာသမုဒ္ဒရာ၏ ရေပြင်မှာ ကမ်းမှစ၍  တဖြည်းဖြည်း နက်ရှိုင်းသွားရသည်။  ကမ်းအစ၌  နက်ရှိုင်းရိုးမရှိ။  

ဘုရားရှင်၏သာသနာတော်တွင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် ကျင့်ကြံသူသည်  သီလ၊  သမာဓိ၊  ပညာ သိက္ခာတို့ကို  အစဉ်အတိုင်းသာ ကျင့်ကြံရသည်။ တစ်ခါတည်း အရဟတ္တဖိုလ်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါ။

“ကမ်းကိုမလွန်” ဟူရာ၌ မဟာသမုဒ္ဒရာရှိ ရေတို့သည်  ကမ်းကိုမလွန်မူ၍ တည်ရှိသကဲ့သို့

ဘုရားရှင်၏ တပည့်သားဘိက္ခု၊  ဘိက္ခုနီတို့သည်  ဘုရားရှင် ပညတ်တော်မူခဲ့သည့်   သိက္ခာပုဒ်တို့ကို ကျူးလွန်ခြင်းမပြုကြကုန်။

“ရွံဖွယ်ဆယ်ပစ်” ဟူသည် မဟာသမုဒ္ဒရာအတွင်း ရွံရှာဖွယ် သူသေအလောင်းတို့ကို သမုဒ္ဒရာသည် ကြာရှည်စွာလက်မခံ၊ ကမ်းပေါ်သို့ အလျင်အမြန်ပြန်ပို့သည့် နည်းတူ  ဗုဒ္ဓသာသနာတော်ဝယ်   သီလမရှိ၊ ယုတ်မာသော  အကျင့်ရှိသူ၊ ရဟန်းမဟုတ်သူတို့ကို သီလဝန္တရဟန်းတို့က အာမိသသမ္ဘောဂ၊ ဓမ္မသမ္ဘောဂအဖြစ် ပေါင်းသင်းဆက်ဆံခြင်း မပြု၊ အလျင်အမြန် ဖယ်ရှား သုတ်သင်နှင်ထုတ်ပစ်၏။

“တစ်မည်ဖြစ်ခြင်း” ဟူသည် ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ ဤမည်သောမြစ်ကြီးငါးသွယ်တို့သည်   မဟာသမုဒ္ဒရာသို့ စီးဝင်ပြီးသောအခါ   မိမိတို့မူရင်းမြစ်အမည်တို့ ကင်းပျောက်ကာ မဟာသမုဒ္ဒရာ ဟူသော အမည်တစ်မျိုးကိုသာ ခံယူကြရ၏။ ထိုနည်းတူစွာ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူသော အမျိုးလေးပါးတို့သည် ဘုရားရှင်၏ ဗြဟ္မစရိယ သာသနာတော်သို့     ရှင်ရဟန်းအဖြစ်ဝင်ရောက်ကြပါက မိမိတို့၏   မူလအမျိုးအနွယ်အမည်တို့ ကွယ်ပျောက်ကြကာ သာကီဝင်မျိုးရိုး ဘုရားသားတော်ရဟန်းများ အမည်ကိုသာ ခံယူကြရပါသည်။

“မယွင်းမတိုး” ဟူရာ၌ ကမ္ဘာမြေအရပ်မျက်နှာ အသီးသီးမှမြစ်များသည်  သမုဒ္ဒရာသို့စီးဆင်းကြ၏။   ကောင်းကင်အရပ်မှ မိုးရေအလျဉ်များရွာချ၏။ ထိုစီးဝင်သော ရေ၊    ရွာချသောမိုးရေတို့ကြောင့် မဟာသမုဒ္ဒရာ အတွက်  ရေများနည်းပါး ယုတ်လျော့သွားခြင်း၊ ရေများတိုးပွားလာခြင်းများ မဖြစ်ပေ။

ထိုကဲ့သို့ပင်    ဘုရားရှင်၏ တပည့်သာဝက အဆက်ဆက်တို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရ၍ ပရိနိဗ္ဗာန်ပြုကြသော်လည်း အငြိမ်းဓာတ်နိဗ္ဗာနသုခအရပ်၌ ယုတ်လျော့သွားသည်၊ တိုးပွားလာသည်ဟု ထင်မှတ်နိုင်ခြင်းမရှိပါ။

“ငန်မျိုးရသာ” ဟူသည် ကျယ်ပြောလှသည့် မဟာသမုဒ္ဒရာအတွင်း   အငန်ဓာတ် ဆားအရသာ တစ်ခုတည်းရှိသကဲ့သို့    ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့ဖြင့် အကျယ်တဝင့် မိန့်ကြားတော်မူခဲ့သော ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည်လည်း သံသရာဝဋ်မှ ထွက်မြောက်ခြင်းရသ တစ်ခုသာရှိသည်ဟုဆိုလိုပါသည်ဘုရား။

“များရတနာ”ဟူသည် မဟာသမုဒ္ဒရာ၌ ပုလဲ၊ ပတ္တမြားစသောရတနာ ၁၀ ပါး ကိန်းဝပ်သကဲ့သို့ ဘုရားရှင်သာသနာတော်တွင်လည်း သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါးစသော မြောက်မြားလှစွာသော ရတနာတို့ရှိကြပါသည်ဘုရား။

“ကြီးသူနေရာ” ဟူရာ၌ မဟာသမုဒ္ဒရာသည် ယူဇနာတစ်ရာ့နှစ်ဆယ်စသည့်  ပမာဏရှိသော တိမိ၊ တိမိင်္ဂလစသော သတ္တဝါကြီးတို့၏ စံပျော်ရာနေရာဖြစ်သကဲ့သို့   ဘုရားရှင်၏ သာသနာတော်သည်လည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များ၊ ထိုပုဂ္ဂိုလ်များဖြစ်ရန် ကျင့်ကြံနေကြသော ပုဂ္ဂိုလ်များသာ    မွေ့လျော်နိုင်သည့်နေရာဖြစ်ပါသည်ဘုရား။

ဘုရားရှင်၏ ဒေသနာတော်များသည်   ဝေနေယျဇ္ဈာသယ၊   ပုဂ္ဂလဇ္ဈာသယအားလျော်စွာ မည်သို့ပင် အကျယ်ဟောကြားထားသော်လည်း တစ်ခုတည်းသောရသမှာ ဝိမုတ္တိရသသာဖြစ်ပါသည်။   ဘုရား သားတော် ညီတော်နောင်တော်များ ဖြစ်ကြသော  တပည့်တော်တို့ အနေဖြင့် အံ့ဖွယ်တော်ရှစ်ဖြာနှင့်ပြည့်စုံသည့်  သာသနာတော်မြတ်ကြီးကို   အရှည်ခံ့တည်တံ့စေရေး    ကာကွယ်စောင့်ရှောက်ကြရမည့် အရေးကြီးဆုံး တာဝန်တစ်ရပ်မှာ ယင်းဝိမုတ္တိရသကို ရရှိရန် အားထုတ်နိုင်ရေးပင် ဖြစ်ပါသည်ဘုရား။ သို့ဖြစ်၍ သံဃနာယကအဖွဲ့ဝင် အရှင်မြတ်တို့ အနေဖြင့်   အံ့ဖွယ်ရှစ်ဖြာနှင့်ပြည့်စုံသော   ဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို   ညီညီညွတ်ညွတ် ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း   လျှောက်ထားအပ်ပါသည်ဘုရား..။ 

ဤသည်မှာဆရာတော်ဘုရားကြီး၏ သာရဏီယ သြဝါဒကထာမှ  ထုတ်နုတ်ဖော်ပြခြင်း  ဖြစ်ပါသည်။

ဗန်းမော်ဆရာတော်ဘုရားကြီးကား ၂၀၁၁ ခုနှစ်မှ ယနေ့တိုင် နိုင်ငံတော်သံဃ မဟာနာယက ဥက္ကဋ္ဌအဖြစ် သာသနာ့တာဝန် ဦးဆောင်ခဲ့သူ ဆရာတော်ဖြစ်ပါသည်။  ထိုသို့ဗုဒ္ဓသာသနာ အကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ ပရဟိတာဝဟဂုဏ်၊သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်  စသည်တို့နှင့် ပြည့်စုံတော်မူသောကြောင့် နိုင်ငံတော် အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင်  “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက”  ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကို    ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးထမ်းရွက်တော် မူလျက်ရှိစဉ် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း၇ ရက်၊ ၂၀၂၃ ခုနှစ်   မေလ ၂၅ ရက် (ကြာသပတေးနေ့) ည ၁၁ နာရီ  ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်   ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု    အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားကို ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြီး    သရီရဓာတုပဝါဟန ပူဇာ အရိုးပြာဓာတ်တော်များ ရေမျှောပူဇော်သဘင် အခမ်းအနားအား ဇွန် ၇ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပါသည်။   ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည်မှာ  သာသနာတော်အတွက်၊ နိုင်ငံတော်အတွက်    ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါကြောင်း   ရှိခိုးဦးခိုက် ပူဇော်လိုက်ရပါသည်ဘုရား။   ။

ဘုန်းမောင်ဝင်း (ဖျာပုံ)