မြန်မာ့သံနှင့်သံမဏိအခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခြင်း

မြန်မာ့သံနှင့်သံမဏိအခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခြင်း

တကောင်းရာဇဝင်သည် မြန်မာ့သံနှင့်သံမဏိသမိုင်းတွင် အရေးပါခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း သမိုင်းသုတေသနတူးဖော်တွေ့ရှိချက်များက ဖော်ပြနေပါသည်။ တကောင်းရာဇဝင်တွင် တစ်ခန်းတစ်ကဏ္ဍမှပါဝင်ခဲ့သော ပန်းပဲမောင်တင့်တယ် ခေါ် မင်းမဟာဂီရိ၏ ဘဝဖြစ်စဉ်သည်လည်း တကောင်း၏သံရိုင်းထုတ်လုပ်မှု၊ သံလက်နက်ထုတ်လုပ်မှုနှင့် ပုဂံ၏သံဖိုများ၊ သံလက်နက်ထုတ်လုပ်မှုများက

သက်သေပြလျက်ရှိပေသည်။ ကြေးခေတ်မှသံခေတ်ပြောင်းပြီးနောက် သံခေတ်ဦး၏ စွမ်းပကားကြီးမားသော ကျေးဇူးရှင်ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် သံခေတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါသည်။ မြန်မာများကိုးကွယ်ကြသည့် ၃၇ မင်းနတ်များတွင် သိကြားမှလွဲလျှင် မောင်တင့်တယ်နတ်သည် ထိပ်ဆုံးကဖြစ်ပါသည်။ ၃၇ မင်းနတ်တွင် ဦးတင့်တယ်အပါအဝင် ဦးတင့်တယ် အမျိုးချည်း ခုနစ်ပါးပါဝင်နေပါသည်။

မင်းနှင့်ပြည်သူတို့တညီတညွတ်တည်း ကိုးကွယ်သောထူးခြားသည့် နတ်တစ်ပါးဖြစ်ပါသည်။ ဦးတင့်တယ်၏ သြဇာလွှွမ်းမိုးမှုသည်  တကောင်းမှပုဂံထိ ပျံ့နှံ့ကျော်ကြားခဲ့ပါသည်။ မောင်တင့်တယ်သည် စွမ်းပကား  ခွန်အားကြီးမားသည်ဖြစ်၍ အလွန်ကျော်စောထင်ရှားသူဖြစ်ပါသည်။

မောင်တင့်တယ်သည် ပန်းပဲသမားများ ကိုယ်စားပြုသော ပန်းပဲနတ်တစ်ပါးလည်း ဖြစ်ပါသည်။ ပန်းပဲမောင်တင့်တယ် ခေါ်အိမ်တွင်း ဘိုးဘိုးကြီးနတ်သည် ယခင်တုန်းက မြန်မာအိမ်တိုင်း၌ ကိုးကွယ်သော နတ်ဖြစ်ခဲ့ပါသည်။

ပြဒါးသေ  တစ်ဆွေ၀   သံသေတစ်ပြည်ဝ ဟူ၍ ဆိုရိုးရှိသည့်အတိုင်း ပြဒါးကိုနိုင်အောင် ပြုပြင်နိုင်လျှင် တစ်ဆွေမျိုးလုံး ကြီးပွားနိုင်ပြီး သံကိုသေချာပိုင်နိုင်အောင် ပြုလုပ်နိုင်ပါက တစ်တိုင်းတစ်ပြည်လုံး ချမ်းသာမည်ဖြစ်ပါသည်။ သမိုင်းမတင်မီခေတ်များအဖြစ် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာကြရာ ၃၃၀၀ ဘီစီမှ ၁၂၀၀ ဘီစီခန့်အထိ ကြေးခေတ်အဖြစ်ရှိခဲ့ပြီး သံခေတ်မှာ ၁၂၀၀ ဘီစီမှစတင်ခဲ့ပြီး ၆၀၀ ဘီစီခန့်အထိ တည်ရှိခဲ့ပါသည်။ ယခုလို အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုတွင် မြန်မာနိုင်ငံတွင်လည်း ကြေးခေတ်အသုံးအဆောင်များအဖြစ် လက်နက်ပစ္စည်း၊ လက်ဝတ်တန်ဆာ၊ လယ်ယာသုံးကိရိယာများ၊ အထောက်အထားများကို မန္တလေးမြို့၏ တောင်ဘက်စမုံ မြစ်ဝှမ်းတစ်လျှောက်တွင် အများဆုံး တူးဖော်တွေ့ရှိရပါသည်။

သံခေတ်အထောက်အထားများအဖြစ် သံနှင့်ပြုလုပ်ထားသောကိရိယာ၊ သံချက်ဖိုများကို ကျောက်ဆည်မြို့အနီးဝန်းကျင်၊ တကောင်းမြို့နှင့် ပုပ္ပားတောင်ပတ်ဝန်းကျင်တွင် တွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကျောက်လက်နက်များ ထုတ်လုပ်အသုံးပြုသော ကျောက်ခေတ်၊ ကြေးလက်နက်များ ထုတ်လုပ်အသုံးပြုသော  ကြေးခေတ်၊ သံလက်နက်များ အသုံးပြုသော သံခေတ်၊မြို့ပြထူထောင်သော ခေတ်များထိ တဖြည်းဖြည်း ကူးပြောင်းတက်လှမ်းခဲ့ကြသည်။

ကြေးခေတ်တွင် သံလက်နက်ကိရိယာများ ထုတ်လုပ်သုံးစွဲမှုကို စတင်သန္ဓေတည်၍ သံခေတ်တွင် သံလက်နက်ကိရိယာများ သုံးစွဲနေကြသော်လည်း ကြေးလက်နက်ကိရိယာများကို မစွန့်လွှတ်ဘဲ ဆက်လက်သုံးစွဲခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ကြေးခေတ်ကာလ ကုန်ဆုံးပြီးနောက် သံခေတ်သို့တိုးတက် ကူးပြောင်းလာခဲ့ပြီး သံကို ဘီစီ ၅၀၀ နောက်ပိုင်းတွင် စတင်သုံးစွဲကြသည်ဟု ပညာရှင်များက သဘောတူကြပါသည်။

သံချက်လုပ်သည့်   အတတ်ပညာသည် ရှေးယဉ်ကျေးမှုဖွံ့ဖြိုးရေးအတွက် ကြီးစွာသော အလှည့်အပြောင်း ဖြစ်စေခဲ့ပါသည်။

သမိုင်းအကြိုခေတ်ကာလဖြစ်သည့် ပျူမြို့ပြနိုင်ငံများ ထွန်းကားခဲ့ချိန်တွင် သံလက်နက်ပစ္စည်းများနှင့်  အသုံးအဆောင်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ကြပြီဖြစ်ကြောင်း အခိုင်အမာ ဖော်ထုတ်ခဲ့ကြပြီးဖြစ်ပါသည်။ သမိုင်းဝင်သည့်ကာလ၌လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်၍ ခံ့ညားသော လက်နက်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် သံထုတ်လုပ်မှုကို မည်မျှအလေးပေး ဆောင်ရွက်ခဲ့သည့်အချက်ကို ခန့်မှန်းနိုင်ပါသည်။

ရှေးအခါက မြန်မာနိုင်ငံသည် အခြားအရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် သံရိုင်းမှ တိုက်ရိုက်သံချက်သော နည်းစဉ်တို့ကို အသုံးပြုခဲ့ကြောင်း ရှေးဟောင်းသုတေသနအရ    တွေ့ရှိရပါသည်။

တိုက်ရိုက်သံချက်သောစနစ်သည် သမိုင်းမတင်မီက   နည်းစဉ်ဖြစ်သော်လည်း ကျေနပ်ဖွယ်ကောင်း၍ အရည်အသွေးမီသော သံထည်ကိရိယာများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင်  သံချက်ဖိုများ တွေ့ရှိရာ ဒေသ၁၇ ခုရှိပြီး သံချက်ဖိုအလုံးပေါင်း ၄၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ ရှေးအခါက

သံချက်ဖို၏ အစိတ်အပိုင်းများကို ဖျက်ဆီး၍ သံကြမ်းများ ဖယ်ထုတ်ယူရသဖြင့် ဖို၏ကျန်သော အစိတ်အပိုင်းများ၊ ချော်ခဲများ ပြန့်ကျဲနေတတ်ပါသည်။ သဘာဝပတ်ဝန်းကျင် အခြေအနေကလည်း ပျောက်ကွယ်စေပါသည်။ လမ်းဖောက်ခြင်း၊ အကြိမ်ပေါင်းများစွာထွန်ခြင်း၊ မြေဆီလွှာတိုက်စားခြင်းနှင့် ပျက်စီးခြင်း၊ မြေပြိုခြင်းတို့က သံချက်ဖိုများကို ပျက်စီးစေခဲ့ပါသည်။

ချော်ခဲများကို အိမ်ကြမ်းပြင်လောင်းရာတွင် အင်္ဂတေနှင့်ရောစပ်ကြခြင်း၊ လယ်ယာလုပ်ငန်းနှင့်   လမ်းဖောက်ခြင်းလုပ်ငန်းအတွက် အတားအဆီးဖြစ်နေသော ဖိုနှင့်ချော်ခဲများကို ဖယ်ရှားခြင်း တို့ကြောင့်လည်း သမိုင်းအမွေအနှစ်များ ဖျက်ဆီးခံခဲ့ကြရပါသည်။

ဤသို့ ကြေးခေတ်၊ သံခေတ်မှခေတ်အဆက်ဆက်အရေးပါသော သံချက်ဖိုနှင့်သံချော်ခဲများကို မှတ်တမ်းတင်၍မထားပါက   နှောင်းခေတ်လူများလေ့လာရန် တဖြည်းဖြည်းစိုးရိမ်ဖွယ်ရာ ဖြစ်လာပါသည်။

ထို့ကြောင့် ပုဂံ၊ ပုပ္ပား၊ ညောင်ဦးတစ်ဝိုက်ရှိ သံချက်ဖိုများ၊ မြင်းခြံမြို့နယ် ကျောဇီသံချက်ဖိုများ၊ မုံရွာကျောက်မျက်ရှိ သံချက်ဖိုများ၊ တန့်ဆည်ရှိသံချက်ဖိုများ၊ တကောင်းရှိ သံချက်ဖိုများ၏ ဖိုတည်ဆောက်ပုံ၊ ဖိုပုံစံများအား မြန်မာပညာရှင်များက လေ့လာခဲ့ကြပါသည်။ ကုန်ကြမ်းများအဖြစ် သံရိုင်းနှင့် မီးသွေးများ၊ ရွှံ့စေးများ၊ သဲများကိုအသုံးပြု ခဲ့ကြပါသည်။ ပြောရမည်ဆိုပါက မြန်မာနိုင်ငံတွင် ကြေးခေတ်၊ သံခေတ်တို့ကိုကျော်ဖြတ်ခဲ့ပြီး ကြေးထုတ်လုပ်နိုင်သော နည်းပညာ၊ သံကိုသံရိုင်းမှထုတ်လုပ်နိုင်သော နည်းပညာများ တွေ့ရှိခဲ့ကြောင်း တင်ပြအပ်ပါသည်။

သမိုင်းမတင်မီခေတ်က နေထိုင်သော လူများသည် သစ်သားလှံများကို မီးပုံထဲထိုးရာမှမာလာကြောင်း တွေ့ရှိကြသည်။

အပြာရောင်၊ အစိမ်းရောင်ရှိသည့်ကြေးပါသောသတ္တုရိုင်းများကို မီးဖိုပြုလုပ်ရာမှမီးအပူဖြင့် ကြေးသတ္တုထုတ်လုပ်နိုင်ကြောင်းသိလာကြပါသည်။ မီးသွေးဖြင့်အပူပေးပြီး ထွက်လာသော  ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ဖြင့်ဓာတ်လျော့ကာ အလွယ်တကူထုတ်ယူလုပ်နိုင်ကြောင်း ပို၍ နားလည်လာကြသည်။

ခဲမဖြူကိုတွေ့ရှိလာပြီး ခဲမဖြူသည် မီးခိုးရောင် သို့မဟုတ် အဖြူရောင်ဖြစ်သည်။  ခဲမဖြူသည် ကြေးသတ္တုထက် အရည်ပျော်ရန်လွယ်ကူကြောင်း သိလာကြပါသည်။ လေပြင်းမှုတ်ပေးခြင်းဖြင့် မီးဖိုပို၍ပူလာပြီး သတ္တုကိုပို၍လွယ်ကူစွာ ကိုင်တွယ်လုပ်ကိုင်နိုင်လာသည်။ ကြေးရည်ကျိုတတ်လာသည်။  ကြေးကိုထုရိုက်ခြင်းထက် သွန်းလောင်းရန်လွယ်ကူကြောင်း သိလာကြသည်။  ကြေးနှင့်သံဖြူရောပါက ကျောက်ခဲလောက်  မာသောကြေးနီကို လုပ်တတ်လာကြပါသည်။  သွပ်နှင့်ရောပါက ကြေးဝါကိုရသည်။ ကြေး၊ သံဖြူ၊ ခဲ၊ သွပ်တို့သည် သတ္တုပျော့များဖြစ်ကြပါသည်။

သံသတ္တုရိုင်းပါသည့် နီသောကျောက်ကို မီးသွေးနှင့်ရော၍ လေပြင်းမှုတ်ကာ အပူပေးခြင်းအားဖြင့်   ပထမဆုံးသံကို ထုတ်လုပ်တတ်လာကြပါသည်။   ဦးစွာထုတ်လုပ်သောသံသည် ကြေးနီလောက် အသုံးမတည့်ကြပါ။ ကာလအတန်ကြာမှ သံကိုမီးသွေးဖြင့် မီးတိုက်၍ ထုနှက်ခြင်းဖြင့် အလွန်အသုံးကျ၍ မာကျောသောသံကို ထုတ်လုပ်တတ်လာပါသည်။ သံသည်ကြေး၊ ကြေးနီ၊ ကြေးဝါတို့ထက် အားသာချက်များစွာရှိပါသည်။ မာကျော၍ပိုထက်သည်။ အသုံးချရန်နှင့် အဆင်တန်ဆာပြုလုပ်ရန် ပို၍သင့်တော်သည်။ လက်နက်ကိရိယာများကို တန်ဆာဆင်နိုင်သည်။

ထို့ကြောင့် သံသည် ကြေး၊ ကျောက်တို့ထက် အသုံးဝင်မှုတွင် သာလွန်သည်။

သံလက်နက်ကိရိယာများသည် တောခုတ်ခြင်း၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ သားသတ်လုပ်ငန်းများနှင့်  ရန်သူကို ကာကွယ်သတ်ဖြတ်ရာတွင်ထိရောက်၍ အင်အားစိုက်ရန် မလိုပေ။ ဤစွမ်းရည်များက သံအတတ်ပညာကို အရှိန်ဖြင့်ပျံ့နှံ့ရန်လွယ်ကူစေခဲ့ပါသည်။

ရှေးယခင်က သံရိုင်းမှသံသတ္တုအဖြစ်သို့ ပြောင်းလဲသော နည်းစဉ်သည် သံကျိုချက်ခြင်းဖြစ်သည်။ တိုက်ရိုက်သံချက်နည်းစဉ်တွင် သံကိုအစိုင်အခဲအဖြစ် ထုတ်လုပ်ပေး၍   သွယ်ဝိုက်သံချက်နည်းစဉ်တွင် သံရည်ကို ထုတ်လုပ်ပေးခြင်း ဖြစ်ပါသည်။

ဖို၏အခြေမှလေကိုသွင်းပြီး   မီးသွေး သို့မဟုတ် ထင်းကိုမီးရှို့ခြင်းဖြင့် အလွန်ပူပြင်းသော ကာဗွန်မို နောက်ဆိုက်ဓာတ်ငွေ့ ထွက်လာပါသည်။ ယင်းဓာတ်ငွေ့သည် သံရိုင်းတွင်ပါဝင်သော သံအောက်ဆိုက်နှင့် ဓာတ်ပြုပြီး အောက်ဆီဂျင်ကိုဖယ်ထုတ်ကာ သံသတ္တုအမှုန်များကိုသာ ကျန်ရစ်စေပါသည်။ ယင်းကိုကျွန်တော်တို့က ဓာတ်လျော့သည်ဟု ခေါ်ပါသည်။ ဤဖြစ်စဉ်အတွင်းမှာ တစ်ပြိုင်နက်တည်း အပူကြောင့်သတ္တုရိုင်းတွင်ပါဝင်သည့် အညစ်အကြေးများ၊ ဆီလီကာများ၊ အလူမီနာပါဝင်သော ဖိုနံရံသားတို့ပါဝင်သည့်  ချော်ရည်များထွက်ပေါ်လာသည်။ ချော်ရည်များသည် ဖို၏အခြေတွင်သွား၍ စုပါသည်။ ဖလားပုံသဏ္ဌာန်ခဲပါသည်။ ကျဆင်းလာသောသံမှုန့်များသည် ဖလားပုံချော်ရည်အတွင်း၌ သံမြှုပ်ခဲအဖြစ် သွား၍စုပါသည်။  ပိုလျှံသောချော်ရည် များကိုတစ်ခါတစ်ရံ လုံလောက်စွာစုနိုင်အောင် ဖိုအခြေ၌ တွင်းထားရှိပါသည်။ တစ်ခါတစ်ရံချော်ရည်ကို ဖိုသားနံရံဖောက်၍ အပြင်သို့ မြောင်းဖြင့် သွယ်ထုတ်ပါသည်။

ဤသို့သံကိုအရည်မပျော်စေဘဲ သံချက်သောနည်းစဉ်ကို   တိုက်ရိုက်ချက်သောနည်းစဉ်ဟုခေါ်ပါသည်။ အရှေ့တောင်အာရှနှင့်တကွ မြန်မာနိုင်ငံ၌ ရှေးသံချက်သောနည်းစဉ်များတွင်  ဤနည်းစဉ်ကို အသုံးပြုခဲ့ကြပါသည်။

ယင်းသံချက်ဖိုမှသံရိုင်းကို မီးသွေးက အပူပေးရာမှ  ထွက်သောဓာတ်ငွေ့ကို ဓာတ်လျော့ခြင်းဖြင့် တိုက်ရိုက်သံမြှုပ်ထု (sponge mass of iron)ကို ထုတ်လုပ်ပါသည်။ ချော်နှင့်သံပေါင်းထားသည့် သံမြှုပ်ထုသည် အစိုင်အခဲအဖြစ်တည်ရှိသည်။

သံသည် 1535 c ၌  အရည်ပျော်သော်လည်း တိုက်ရိုက်သံချက်သောနည်းစဉ်၌ 1250c ထက်မပိုပါ။ သံကိုအပူထပ်မံပေး၍ ထုနှက်ခြင်းဖြင့် ပိုလျှံသောချော်နှင့် မီးသွေးများကိုဖယ်ထုတ်ခြင်းဖြင့် သံကြွပ်ဖြစ်လာသည်။

တိုက်ရိုက်သံချက်ဖိုပုံ အမျိုးမျိုးရှိသော်လည်း  ဖိုတွင်အဓိကအားဖြင့် အပူချိန်မြင့်၍ ဓာတ်ပြုရန်ခွက်၊   တွင်း သို့မဟုတ် လိုဏ်ခေါင်းပါဝင်၍ အပူဒဏ်ခံနိုင်သော ဖိုနံရံများကို မြေကြီးသလင်းကြွယ်ရွှံ့စေး သို့မဟုတ် ကျောက်တို့ဖြင့် ကာရံပြုလုပ်ထားသည်။ သလင်းသည် ဖိုကိုမြင့်မားသော အပူချိန်မှမပျက်စီးရန် ကာကွယ်ပါသည်။ အပူချိန်မြင့်မားရန်လုံလောက်သော လေလိုပါသည်။ ဖိုအခြေအနီးတွင် ဘေးနံရံကိုဖြတ်၍ အပေါက်ပါဝင်ပြီး ဖားဖိုမှလေ သို့မဟုတ် သဘာဝလေစိမ်းကို ဝင်စေသည်။ ထို့ပြင် တစ်ခါတစ်ရံ ဖို၏ အခြေတွင်ပင် ချော်ထုတ်ရန်နှင့် မီးရှို့ရန်အပေါက်တို့ကို ထည့်သွင်းထားပါသည်။

တစ်ခါတစ်ရံ ချော်ထုတ်ရန်  အပေါက်မထားဘဲ  ချော်ကိုဖို၏အတွင်းအခြေ၌ တွင်းတူးကာစုလေ့ရှိသည်။

သံဖိုကို အသုံးမချမီ မီးသွေးနှင့်သံရိုင်းကို ပြင်ဆင်ရပါသည်။ သံချက်ရာတွင် သုံးရန်အကောင်းဆုံးသစ်မာကို အပူပေး၍ မီးသွေးဖုတ်ရသည်။ သံရိုင်းကိုဆေးကြောသန့်စင်ပြီး အပိုင်းအစအသေးလေးများပြုလုပ်၍ စိုထိုင်းဆမရှိအောင် သီးခြားမီးပေါ်တွင်လှော်ရပါသည်။

ကြီးမားသော အညစ်အကြေးများကိုဖယ်ရှားရသည်။ ထို့နောက် ဖိုနံရံခြောက်သွေ့ရန် မီးမွှေးကာ ဖိုအတွင်းအပြင်ကို အပူဖြင့် ကျင့်ရသည်။

မီးသွေးကိုမီးရှို့၍ ဖိုကိုကြိုတင်အပူပေးရသည်။ ပူလာပါက သံရိုင်းနှင့်မီးသွေးကို ဖိုအပေါ်ပိုင်းမှ တစ်လှည့်စီထည့်ပေးသည်။

အကြမ်းအားဖြင့် ၁:၁ ဖြစ်ပါသည်။ ဖိုတွင်းမှ တစ်ပိုင်းတစ်စလောင်ကျွမ်းသောမီးသွေးမှ ထွက်ပေါ်လာသော ကာဗွန်မိုနောက် ဆိုက်ဓာတ်ငွေ့သည် သံရိုင်းတွင်ပါဝင်သော သံအောက်ဆိုက်မှ အောက်ဆီဂျင်ကို ဖယ်ထုတ်ကာ သံအဖြစ်သို့ပြောင်းလဲစေပါသည်။

ယင်းသို့ အောက်ဆီဂျင်ဖယ်ထုတ်သည်ကို ဓာတ်လျော့သည်ဟုခေါ်ပါသည်။ သံရိုင်းမှ သံသို့ အရည်မပျော်ဘဲ သံအဖြစ်သို့ပြောင်းလဲသောနည်းမှာ တိုက်ရိုက်သံချက်သောနည်းစဉ် (Direction Reduction Iron)ဟု ခေါ်ပါသည်။ သတ္တုရိုင်းမှ  အညစ်အကြေးများ ဆီလီကာနှင့်အောက်ဆီဂျင်ရောနေသည့်ချော်တွင်   ဖာယာလိုက် (Fayalite)ခေါ် သံဒြပ်ပေါင်းပါဝင်သည်ကို တွေ့ရပါသည်။

ဤနည်းဖြင့်ထုတ်လုပ်ရာတွင် သံမှုန့်များဖို၏ အခြေသို့ကျလာပါသည်။ ထိုနေရာတွင် သံရိုင်းမှမလိုအပ်သော အညစ်အကြေးပစ္စည်းများနှင့်ဖိုနံရံသားများ ပူးပေါင်း၍ အရည်ပျော်ကျလာသော ချော်များနှင့် သွားပေါင်းပြီး ဖိုအခြေတွင် မည်း၍အပေါက်များပါသော မုန့်ပြားသလက်ပုံသဏ္ဌာန်သံကြမ်းခဲများကိုရပါသည်။ ကျိုချက်ရာမှာ ဆီလီကာထည့်ခြင်းဖြင့် သံ၏အရည်ပျော်မှတ်ကို လျော့ကျစေသည်။

သံကြမ်းခဲတွင်ပါဝင်သော အပေါက်များကို ပြာနှင့်ချော်များဖြင့် ဖြည့်သည်။

ထိုသံကြမ်းကို အပူပေးခြင်းဖြင့် သံကိုပျော့လာစေပြီး ချော်ကို အရည်ပျော်စေသည်။ တူဖြင့်ထုနှက်၍ အရည်ပျော်နေသောချော်ကို ဖယ်ထုတ်သည်။ အတော်အတန်ပျော့၍ ပုံသွင်းနိုင်သောသံကြွပ်(Wrough Iron)ကိုရရှိပါသည်။

သံကြွပ်အား ကာဗွန်ဖြည့်စွက်သော နည်းစဉ်ကို ကြေးမှသံသို့ အသုံးပြုမှုအကူးအပြောင်းတွင် တစ်ပြိုင်နက်တည်းဖြစ်ပေါ်သည်။ သံကြွပ်ကို မီးသွေးပြင်ပေါ်တွင် အပူပေး၍ ရေ သို့မဟုတ် ဆီဖြင့်ငြှိမ်းသတ်ပါက ပို၍သံမာလာသည်။ သံ၏အပေါ်ယံလွှာသည် သံမဏိသို့ ကူးပြောင်းလာသည်။ ကြေးထက်ပိုမာ၍  မကြွပ်ဆတ်သဖြင့် ကြေးနီ၏နေရာတွင် အစားထိုး သုံးစွဲလာနိုင်ပါသည်။

ထင်းမီးသွေးကို အပူပေးပါက လေတွင်ပါဝင်သော အောက်ဆီဂျင်ဖြင့် ပူးပေါင်းကာ ကာဗွန်မိုနောက်ဆိုက် (Carbon Monoxide, CO)ကိုထုတ်လုပ်သည်။ အပူသည် ရေပါသောသံအောက်ဆိုက်မှရေကို ဖယ်ထုတ်ပစ်၍ ဟေမတိုက်(Fe2 O3)သို့ ပြောင်းသည်။ ဟေမတိုက်ကို ဓာတ်လျော့သောအခါ ဝူးစတိုက်(FeO)ထွက်လာပါသည်။ ကာဗွန်မိုနောက်ဆိုက် CO သည် ဝူးစတိုက်ကိုသံဒြပ်စင် (Fe)သို့ပြောင်းစေသည်။ ဝူးစတိုက်(FeO)သည် သဲနှင့်ဓာတ်ပြု၍ ချော်တွင်အဓိကပါဝင်သည်။

သံအော်လီဗင်း-ဖာယာလိုက်ကိုဖြစ်ပေါ်စေသည်။

တစ်ချိန်တည်း၌ပင် အချို့သံများသည် ချော်တွင်ပါဝင်သွား၍ ဆုံးရှုံးသွားသည်။

ထို့အတူ သံအောက်ဆိုက်များလည်း ဆုံးရှုံးသည်။ ချော်များတွင် သံရိုင်းတွင် ပါသည့် အခြားမလိုအပ်သော ပစ္စည်းများ၊ အရည်ပျော်သောဖိုနံရံများ၊ ဆီလီကာများနှင့်   လောင်စာတွင်ပါဝင်သော အောက်ဆိုက်များ စသည်တို့ ပါဝင်ကြပါသည်။ မြင့်မားသောအပူချိန်၌ ပါဝင်သော ဆီလီကာများသည် သံအောက်ဆိုက်များနှင့် ပူးပေါင်း၍ အော်လီဗင်းတွင်းထွက်(Mineral)တစ်မျိုးဖြစ်သည့် ဖာယာလိုက်ကို ဖြစ်ပေါ်စေသည်။    ဤသည်မှာ ရှေးခေတ်အခြေခံကျသော သံကုန်ကြမ်း ဖြစ်သည့် သံမြေမှ သံချက်လုပ်သည့်နည်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ ရှေးအခါကတည်းက ကြေး၊ သံထုတ်လုပ်ပြီး အသုံးပြုခဲ့ကြသည့် ကြေးခေတ်၊ သံခေတ် သမိုင်းကြောင်းကို ရှေးဟောင်းသုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက် အထောက်အထားများ အရသိရှိရပါသည်။   အထက်ဖော်ပြပါတင်ပြသော အချက်များသည် ရှေးဟောင်း သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။

ကျွန်တော်တို့ လက်လှမ်းမီသောခေတ်ကို ပြန်ကြည့်မည်ဆိုပါက စမုံမြစ်ဝှမ်းဒေသ ကြေးခေတ်၊ သံခေတ်တို့ကိုကျော်ဖြတ်ခဲ့သော သမိုင်းအထောက်အထားများတွေ့ရှိရပါသည်။ စမုံမြစ်ဝှမ်းသည် မြစ်သားမြို့အနီးတွင်တည်ရှိပြီး ထူးခြားချက်မှာ စမုံမြစ်သည် တောင်ဘက်မှ မြောက်ဘက်သို့စီးဆင်းနေခြင်း ဖြစ်ပါသည်။

ယင်းမြစ်ဝှမ်းအနီးတွင် သံချက်ဖိုများ အများအပြားတွေ့ရှိခဲ့ပြီး ကြေးခေတ်နှင့်ပတ်သက်သည့် အထောက်အထားများလည်း အများအပြား တွေ့ရှိခဲ့ပါသည်။

သံချက်ဖိုများကို    ပုပ္ပားတောင်၏ အနောက်တောင်ဘက်ရှိသော  သံဘိုကျေးရွာအနီးတစ်ဝိုက်၊ ချောင်းဖျားရွာတစ်ဝိုက်နှင့်  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်  သပိတ်ကျင်းမြို့နယ် တစ်ကောင်း-ကြာညှပ်အနီးပတ်ဝန်းကျင်တွင် ရှေးဟောင်းသံဖိုများ အများအပြား တွေ့ရှိခဲ့ကြပြီး နေရာအနှံ့ တွေ့ရှိခဲ့ကြပါသည်။

သံသတ္တုသိုက်များသည် မြန်မာနိုင်ငံ၌ ပြန့်ကျဲနေပြီး ရှေးအခါကတည်းက တည်ရှိခဲ့ပါသည်။ သံသတ္တုရိုင်းကို အခြေခံ၍ ထုတ်လုပ်သော  သံချက်လုပ်ငန်းသည်လည်း   မြန်မာနိုင်ငံအနှံ့ပင်ဖြစ်သည်။

ရှေးသံချက်လုပ်ငန်းရှိရာ ဒေသများတွင် အသုံးပြုခဲ့သောရှေးသံချက်ဖိုများ၊ ချော်များကိုတွေ့ကြရသည်။ သံချက်လုပ်သော နည်းပညာသည် ကြေးခေတ်တွင်သန္ဓေတည်၍ ယင်းမှသည် သံခေတ်၊ သမိုင်းမတင်မီ   မြို့ပြထူထောင်သောခေတ်၊ ရှေးမြန်မာမင်းများလက်ထက်တိုင် ထင်ရှား၍ အားကိုးအားထားပြုရသော နည်းပညာဖြစ်ခဲ့သည်။ ရှေးအခါက ပေါ်ထွန်းခဲ့သည့် အမျိုးမျိုးသော   သံချက်ဖိုများသည်  ထိုခေတ်ထိုအခါက လူတို့၏ဘဝကိုထူးထူးခြားခြားပြောင်းလဲစေပြီး အလှည့်အပြောင်းသစ်များ ဖြစ်ပေါ်စေခဲ့ပါသည်။

သံချက်ရာတွင် ဖိုအတွင်း လေသွင်းမှုပေါ် အခြေခံ၍လည်းကောင်း၊ ဖိုမှသတ္တုနှင့်    ချော်များဖယ်ထုတ်ပုံကို အခြေခံ၍လည်းကောင်း၊ သီးခြားရပ်တည်၍လည်းကောင်း၊ ကမ်းပါးကိုအမှီပြု၍လည်းကောင်း ဖိုပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားခြားနားကြသည်ကို တွေ့ရှိရပါသည်။ ဖိုတွင် ဖလားပုံဖို၊ အမိုးခုံးပုံရှိသောဖို၊ လိုဏ်ခေါင်းပါသော ဖို၊ ချော်တွင်းပါသောဖို၊ ကမ်းပါးတွင် နံရံကိုတွင်းတူးထားသောဖိုဟူ၍ ခွဲခြားနိုင်ပါသည်။ ဖိုကို သဲပါဝင်သောရွှံ့စေးသို့မဟုတ် ကျောက်တုံးများဖြင့် တည်ဆောက်ခဲ့သည်။

ဖိုအတွင်းနံရံသည် ရှေးကျသောဖိုများတွင် အဝိုင်းဖြစ်၍ နောက်ကျသောဖိုများ၌ လေးထောင့်ပုံသို့  ပြောင်းသွားပါသည်။

ဖို၏ကုန်ကြမ်းများကို အများအားဖြင့် သံသတ္တုရိုင်းများပါဝင်သည့်  ကွန်ကရစ်အလုံးအခဲ  ခေါ် ဘီလူးမထမင်းအိုးမှ ရရှိသည်။ ယင်းကွန်ကရစ်အလုံးအခဲများကို ဖိုတည်ရာ အနီးတစ်ဝိုက်ရှိ ဧရာဝတီကျောက်လွှာစုနှင့် ပဲခူးကျောက်လွှာစုများမှ ရရှိသည်။

မီးသွေးကို ပတ်ဝန်းကျင်ရှိ သစ်တောများမှ သစ်များကို မီးသွေးဖုတ်၍လည်းကောင်း၊ သစ်သားအနေဖြင့် လည်းကောင်း မီးသွေးရောထင်းပါ အသုံးပြုခဲ့ကြသည်။

တိုက်ရိုက်သံချက်နည်းတွင် မီးသွေးမှ ထွက်ပေါ်လာသော ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့နှင့် သံရိုင်းတွင်ပါဝင်သော မလိုအပ်သောပစ္စည်းများ၊ ဆီလီကာ၊ သံအောက်ဆိုက်နှင့် ဖိုနံရံမှရွှံ့စေးတို့ အပူပေးသောအခါ  ဓာတ်ပြု၍  အပူချိန် 1100 c အထက်တွင် ချော်များဦးစွာစီးကျ ထွက်ပေါ်လာသည်။ ချော်ပုံကိုကြည့်၍  သတ္တုထုတ်လုပ်မှုသံချက်လုပ်ငန်း၏ တွင်ကျယ်မှုကို ခန့်မှန်းနိုင်ပါသည်။

ချော်ကို   ဓာတ်ခွဲကြည့်ခြင်းအားဖြင့် အသုံးပြုသောကုန်ကြမ်းကို ခန့်မှန်းနိုင်ပါသည်။ အများအားဖြင့် သံကြမ်းထုတ်လုပ်ရာတွင် ဖိုကိုဖျက်၍ယူလေ့ရှိသည်။ ဖိုနှင့်သံကြမ်းကိုအကောင်းပကတိနှင့်တွေ့ရန် ခဲယဉ်းပါသည်။ ဖိုအစိတ်အပိုင်းအချို့နှင့် ချော်များကိုသာတွေ့ရလေ့ရှိသည်။ သံကြမ်းကို မီးသွေးဖြင့် အပူပေး၍ ထုနှက်ခြင်းဖြင့် သံထည်ပစ္စည်းများကို ထုတ်လုပ်ကြပါသည်။ တိုက်ရိုက်သံချက်နည်းစဉ်သည် သံထည်ပစ္စည်းများ  ထုတ်လုပ်ရာတွင် အသုံးတည့်သဖြင့် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် ယင်းနည်းကိုသာမပြောင်းမလဲ အသုံးပြုခဲ့ကြပါသည်ဟု ဘူမိဗေဒပညာရှင်များ၊ ရှေးဟောင်းသုတေသန ပညာရှင်များက လေ့လာထားသည်ကို တွေ့ရှိရပါသည်။

ပုဂံခေတ်၊ တောင်ငူခေတ် စသည့် သမိုင်းခေတ်အဆက်ဆက်   တိုးတက်ပြောင်းလဲလာရာ ရတနာပုံခေတ် ကနောင်မင်းသားလက်ထက်တွင် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရန် စက်ရုံတော်ပေါင်း ၅၀ ကျော်ထူထောင်ခဲ့သည်ကို မန္တလေးမြို့ ပတ်ဝန်းကျင်တွင်ရှိသော   စက်ရုံတော်များကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

ယင်းစက်ရုံတော်များအနက် သံ၊ သံမဏိနှင့်ပတ်သက်ပြီး ထင်ရှားသောစက်ရုံမှာ စစ်ကိုင်းမြို့ ရွှေတောင်ဦးမော်အရပ်တွင် ယခုထိတိုင်ရှိနေသောသံချက်ဖိုကြီးဖြစ်ပါသည်။ ယင်းသံချက်ဖိုကြီးသည် မြန်မာနိုင်ငံတွင် သံထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း နည်းမျိုးစုံ အဟန့်အတားများအကြောင်း အမျိုးမျိုးတို့ကြောင့် ပြီးစီးသည်အထိ မတည်ဆောက်နိုင်ခဲ့ပါ။ သမိုင်းအထောက်အထားများအရ လက်နက်စက်ရုံတော်၊ ဒင်္ဂါးအရည်ကျိုစက်ရုံတော်၊ အမြောက်သေနတ်၊ လှံအမျိုးမျိုး၊ ဗုံးဆန်ထုတ်လုပ်သော စက်ရုံတော်၊ သင်္ဘောနှင့်ဆိုင်သောစက်ရုံတော်၊ ရက်ကန်းစက်ရုံတော်၊ ဆန်စပါးအမျိုးမျိုး ကြိတ်ခွဲသောစက်ရုံတော်၊ သစ်၊ ပျဉ်များခွဲသည့် လွှစက်ရုံတော်၊ သကြားချက်စက်ရုံတော်၊ မဲနယ်ချက်စက်ရုံတော် စသည်ဖြင့်စက်ရုံအမျိုးမျိုး ၅၀ ကျော်တည်ထောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါစက်ရုံတော်များတွင် သံ၊ သံမဏိကိုအသုံးပြုသည့် စက်ရုံတော်များ အများအပြားတွေ့ရှိရပသည်။

ဗြိတိသျှလက်အောက် ကျရောက်ခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်ပတ်ဝန်းကျင်၌ နယ်ချဲ့များက စက်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည့်အတွက် သံရည်ကျိုလုပ်ငန်းများ အများအပြား ပေါ်ထွန်းလာပါသည်။ ပုဇွန်တောင်သံရည်ကျိုရုံ၊ Rangoon Foundary ဟုခေါ်ဆိုသော အလုံသံရည်ကျိုရုံ၊ သင်္ဘောကျင်းများတွင်ရှိသောသံရည်ကျိုရုံ စသည်ဖြင့် လုပ်ငန်းအများအပြားဆောင်ရွက်ခဲ့သည် ကိုတွေ့ရှိရပါသည်။ ကြေး၊ ကြေးနီကျိုသည့်စက်များ၊ သံကြွပ်ကျိုသည့်စက်များ၊ သံမဏိပြုလုပ်ရန်အထိ ကြိုးစားခဲ့ကြသည့် အထောက်အထားများလည်း တွေ့ရှိခဲ့ရပါသည်။

လွတ်လပ်ရေးရရှိပြီး ပြည်တော်သာ ခေတ်၌ ပထမဦးဆုံး သံ၊ သံမဏိစက်ရုံအဖြစ်   တည်ထောင်ခဲ့သည့် စက်ရုံမှာ အင်းစိန်မြို့နယ်မှ ရွာမစက်ရုံဖြစ်ပါသည်။

ဤစက်ရုံမှာ သံ၊ သံမဏိနှင့်ပတ်သက်သည့် ပစ္စည်းများ စတင်ထုတ်လုပ်ခဲ့ပါသည်။ ယင်းနောက်တွင် ပြင်ဦးလွင်၌ သံပွစက်ရုံ ပေါ်ပေါက်လာပြီး   Sponge  Iron ဟု ခေါ်သော သံပွများ ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဧရာဝတီအနောက်ဘက်ကမ်းတစ်လျှောက် ဆင်တဲ၊ မလွန်၊ထုံးဘိုနေရာများတွင် သံကြွပ်သွန်းလောင်းသည့်စက်များ၊ သံမဏိထုတ်လုပ်သည့် စက်များ ပေါ်ပေါက်လာခဲ့ပြီး စက်အစိတ်အပိုင်း ပစ္စည်းများ ထုတ်လုပ်ခဲ့ကြပါသည်။

သက္ကရာဇ် ၂၀၀၀ ကျော်နောက်ပိုင်း တွင် မြန်မာနိုင်ငံ စက်မှုလက်မှုဖွံ့ဖြိုးရေး အတွက် မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့၌  သံမဏိသံရည်ကျိုနိုင်သည့် မီးဖို များပါဝင်သည့် ဘက်စုံသံမဏိစက်ရုံကြီး (Integrated  Steel  Mill)ကို စတင် တည်ထောင်ခဲ့ပါသည်။ တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်မှာ သံရည်ကျိုရာမှ ထွက်ရှိလာသော  သံမဏိများကို အပူပေးပြီးကြိတ်ခြင်း၊ အအေးစနစ်ဖြင့် ကြိတ်ခြင်းတို့ ဆောင်ရွက်ကာ သံချောင်းများ၊ သံလုံးများ၊ ပိုက်များ၊  သွပ်ပြားများ၊  သံပြားများ၊ မီးရထားသံလမ်းများ  ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။

၂၀၁၇ ခုနှစ်အရောက်မှာ ပြည်ထောင်စု လွှတ်တော်မှစီးပွားရေးတွက်ခြေမကိုက်၍ရပ်တန့်ခြင်းခံရသည့် စက်မှုဝန်ကြီးဌာနရှိနိုင်ငံပိုင်   စက်ရုံ/အလုပ်ရုံ ၂၂ ရုံနှင့် စီမံကိန်းနှစ်ခုတွင် ဤစက်ရုံကြီးလည်း ပါဝင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ ရပါသည်။ ထိုအချိန်တုန်းက   စီမံကိန်း အတွက် စက်ပစ္စည်းများအားလုံး ဝယ်ယူ ထားပြီးဖြစ်ပြီး စက်ပစ္စည်းများမှာလည်း မြင်းခြံသံမဏိစက်ရုံသို့ရောက်ရှိနေပြီး ဖြစ်ပါသည်။ 

ရောက်ရှိပြီး စက်ပစ္စည်းများကို အမိုးအကာအလုံအလောက်မရှိ၍   အမိုးအကာအောက်၌   အနည်းငယ်သာထားနိုင်ခဲ့ကြပြီး အများစုမှာ အမိုးအကာမရှိသော မြေပြင်တွင် နှစ်ပေါင်းများစွာ စုပုံထားခဲ့ကြပြီး  ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဆိုပါ စက်ပစ္စည်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေဖြင့် ဝယ်ယူခဲ့ရခြင်းဖြစ်ပြီး    နှစ်စဉ်နှင့်အမျှ ချေးငွေအတွက် အတိုးရော အရင်းပါ ပြန်လည်ပေးဆပ် နေရသော်လည်း တစ်ဖက်မှာ စက်ရုံလည်ပတ်နိုင်စွမ်းမရှိသည့်အတွက် နိုင်ငံအတွက် များစွာနစ်နာမှုများဖြစ်ပေါ် ခဲ့ပါသည်။

ဤစက်ရုံစီမံကိန်းကြီးနည်းတူ ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့နယ်ပင်းပက်ဒေသ ပင်ငိုရွာ အနီးတွင် သဘာဝသံသတ္တုရိုင်း(Iron Ore) မှ သံစိမ်း (PigIron) ထုတ်လုပ်ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့သည့် ပင်းပက်သံမဏိစက်ရုံစီမံကိန်းကြီးမှာလည်း စီမံကိန်း ၉၈ ရာခိုင်နှုန်းကျော်ပြီးစီးနေသည့်အချိန်မှာ မြင်းခြံသံမဏိစက်ရုံစီမံကိန်းကြီးကဲ့သို့ပင် ရပ်ဆိုင်းခံရသည့် စာရင်း၌ ပါဝင်ခဲ့ပါသည်။ စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် သံစိမ်း(Pig Iron)တန်ချိန် ၂၀၀၀၀၀ ခန့်နှင့် ဟီမတိုက်သံသတ္တုရိုင်း(Hematite Iron Ore 6~31mm) တန်ချိန် ၄၅၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါစက်ရုံမှ ထွက်ရှိလာသော သံစိမ်းများသည် နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက်လည်း သံစိမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် တစ်ဖက်တစ်လမ်းမှ ကြီးစွာသော အထောက်အကူပြုမှုတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံအတွက် နစ်နာနေမှုများကို ပြန်လည်ဆယ် တင်နိုင်ရန် စီမံကိန်းမပြီးစီးသေးသည့် ပင်းပက်သံမဏိစက်ရုံကိုပြီးစီးအောင် ဆက်လက်ဆောင်ရွက်စေခြင်း၊ မြင်းခြံ သံမဏိစက်ရုံ၏ ယခင်ကလည်ပတ်ခဲ့ပြီးဖြစ်သည့် Melt Shop-1 ကို ပြန်လည်လည်ပတ်နိုင်ရန် ဦးစွာစတင်ဆောင်ရွက်စေပြီး စီမံကိန်းဆက်လက်ဆောင်ရွက်ရန်ကျန်ရှိနေသည့် အပိုင်းများအားလည်း အဆင့်လိုက်ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်စေခဲ့ပါသည်။

ထို့ကြောင့် နှစ်များစွာရပ်ဆိုင်းထားသည့် မြင်းခြံသံမဏိစက်ရုံ၏ Melt Shop-1 ကို   ဦးစွာ ပြန်လည်လည်ပတ်နိုင်ရန် ၂၀၂၂ ခုနှစ် နှစ်စမှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ၂၀၂၃ ခုနှစ် မတ်လရောက်မှသာ  ပြန်လည်လည်ပတ်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (Myanmar Iron and Steel Association) မှ မြန်မာနိုင်ငံ၏ သံ၊ သံမဏိလိုအပ်ချက်မှာ နှစ်စဉ်တန်ချိန် နှစ်သန်းခန့်ရှိပြီး ၉၂ ရာခိုင်နှုန်းအား နှစ်စဉ်ပြည်ပမှ တင်သွင်းနေရကြောင်း၊ ၂၀၃၀ ပြည့်နှစ်အရောက်တွင် သံ၊ သံမဏိလိုအပ်ချက်မှာ တန်ချိန် ၅ ဒသမ ၄ သန်းခန့်လိုအပ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘ၀ တိုးတက်မြင့်မားလာရန်နှင့် သမိုင်းကြောင်းအရလည်း အင်မတန်မှ အရေးပါလှသော သံ၊ သံမဏိများထုတ်လုပ်နိုင်ရန်ကြိုးစားရာ၌  အနှောင့်အယှက်အမျိုးမျိုးဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရသည့် အနေအထားများကို တွေ့ရှိရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံနှင့်အလားတူ အာဆီယံနိုင်ငံတစ်ခုတွင်လည်း သံမဏိစက်ရုံကြီး တည်ထောင်ရာတွင် အလားတူ အခက်အခဲများနှင့် တွေ့ကြုံပြီး အဆိုပါသံမဏိစက်ရုံကြီးမှာလည်း လည်ပတ်နိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။

ဤသည်ကို လေ့လာသုံးသပ်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် သံ၊ သံမဏိထုတ်လုပ်ရေး လုပ်ငန်းတစ်ခုအောင်မြင်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ဤသို့ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် စက်မှုနိုင်ငံများ၏ ဈေးကွက်ပျောက်ဆုံးသွားမည် ဖြစ်သည့်အတွက် သူတို့၏ဈေးကွက်မပျောက်ဆုံးနိုင်ရန်   နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း သုံးသပ်ရမိပါသည်။

ထို့ကြောင့် သံ၊  သံမဏိထုတ်လုပ်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊  နည်းပညာရရှိရေး  အမြင်အမျိုးမျိုးဖြင့် စဉ်းစားဝေဖန် သုံးသပ်၍   ဝိုင်းဝန်းပူးပေါင်းပြီး  ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း  တင်ပြဆွေးနွေးလိုက်ရပါသည်။  ။

ကိုးကား-

(၁)     ပျောက်ကွယ်လုနီးရှေးဟောင်းသံချက်ဖိုများ၊

(၂)     မြန်မာ့သံခေတ်လူစွမ်းကောင်းပန်းပဲမောင်တင့်တယ်  လေ့လာချက်စာတမ်း၊

(၃)     စမုံမြစ်ဝှမ်းဒေသရှိ ကြေးခေတ်၊သံခေတ်လက်နက်ကိရိယာများနှင့်  ပုတီးစေ့များ၏ကုန်ကြမ်းအရင်း

အမြစ်ကိုကြံဆခြင်း၊

          တင်မောင်ဦး(ရွှေပြည်)