သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် - ၈

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဍားကျွန်းမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ သာစည်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျေးရွာရှိ ရွာမကျောင်းတိုက်ဆရာတော်အား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပုဏ္ဍားကျွန်းမြို့ဦးဘုန်းတော်ကြီကျောင်း၌ ပြိုကျပျက်စီးနေသည့် ကျောင်းဆောင်များအား ရှင်းလင်းပေးပြီး စံပြရပ်ကွက်နှင့် ရွာဟောင်းရပ်ကွက်တို့မှ ဒေသခံပြည်သူများအား အဆိုပါကျောင်းတိုက်၌ ဆန်များ ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။

          အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ ကျောက်ဖြူမြို့အဝင် ကားလမ်းမကြီး ဝဲ/ ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဘူးသီးတောင်မြို့ လမ်းဘေး ဝဲ/ ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျောက်တော်မြို့၊ မဟာကံကြီးသျှင် ဘုရားကြီးဝန်းအတွင်းရှိ လေဘေး သင့်ပြည်သူများ၊ ပရဟိတ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် သောက်ရေသန့်များ ပေးဝေခြင်းနှင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆိုပါဘုရားကြီးရှိ ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ် လှူဒါန်းသည်။

          ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာ ကားလမ်းတစ်လျှောက်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်း ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မယ်ဇလီကုန်းကျေးရွာ၌ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ မောင်တောမြို့နယ်သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် အင်းဒင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍  နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကျားမသောက်ကျေးရွာမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။