မအူပင်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ၊ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မြေခခဲ့ပြီး ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အမှတ်(၄)ရပ်ကွက်၊ မိုးကုတ်ဝိပဿနာတရားစခန်းနှင့် အိုင်ဝိုင်း ကျေးရွာအုပ်စု၊ မအူပင်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှု
နေပြည်တော်၊ ဇွန် - ၈
၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက် ညနေပိုင်းတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်၊ အနောက်မြောက်ဘက်(၁၃)မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့၏ တောင်ဘက်၊ အရှေ့တောင်ဘက်(၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော် မြတ်ကြီး ထီးတော်ယိုင်လဲ၍ စိန်ဖူးတော်မြေခခဲ့ပြီး အမှတ်(၄)ရပ်ကွက်၊ မိုးကုတ်ဝိပဿနာ တရားစခန်း အဝင်ဝရှိ မျက်နှာကျက်နှင့် ထုပ်တန်းပြိုကျရာမှ သီလရှင်(၁)ပါးနှင့် တရားအားထုတ်သူ အမျိုးသမီး(၁)ဦး သေဆုံးခဲ့သည်။ ထို့ပြင် အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ဆောင်တွင် နံရံပြိုကျ ကွဲအက် ခြင်း၊(၃)ထပ်စာသင်ဆောင်(L)ဆောင်တွင် အဆောက်အဦ နံရံများ ကွဲအက်ခြင်း၊ ပါမောက္ခ အိမ်ယာ(၄)ခန်းတွဲ (၄)ထပ်ဆောင် (မိုးမခဆောင်)၏ ရေဆင်းမြောင်း(၂၀)ပေခန့် နိမ့်ကျမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၊ မိုးကုတ်ဝိပဿနာ တရားစခန်းနှင့် မအူပင်တက္ကသိုလ် များသို့ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်၍ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး ထီးတော်ယိုင်လဲ၍ စိန်ဖူးတော်မြေခခဲ့မှုများအား သွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မိုးကုတ်ဝိပဿနာ တရား စခန်းသို့ သွားရောက်၍ ကျောင်းဆောင်အဝင်ဝရှိ မျက်နှာကျက်နှင့် ထုပ်တန်းပြိုကျမှု များအား ကြည့်ရှုစစ်ဆေးကာ သာသနာ့အနွယ်ဝင်သီလရှင်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ဆောင် နံရံပြိုကျကွဲအက်ခြင်း၊ (၃)ထပ်စာသင်ဆောင် (L)ဆောင်တွင် အဆောက်အဦ နံရံများ ကွဲအက်ခြင်း၊ ပါမောက္ခအိမ်ယာ(၄)ခန်းတွဲ (၄)ထပ်ဆောင် (မိုးမခဆောင်)၏ ရေဆင်းမြောင်း(၂၀)ပေခန့် နိမ့်ကျမှုများဖြစ်ပွားခဲ့မှုများ အား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။