သစ်ပင်စိုက်၍ကာကွယ်ပါ တစ်ခုတည်းသော မြေကမ္ဘာ
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ မရပ်မနား တိုးတက်လာသော စက်မှုထွန်းကားခြင်းသည် ယနေ့ထက်တိုင် နည်းလမ်းမျိုးစုံဖြင့် တိုးတက်နေဆဲဖြစ်၏။ ယှဉ်ပြိုင်မှုမျိုးစုံကြား စက်မှုကဏ္ဍအား စဉ်ဆက်မပြတ် တီထွင်ကြံဆလျက်ရှိရာ အကျိုးဆက်အားဖြင့် တစ်နေ့ထက်တစ်နေ့ ဆန်းသစ်လာသော နည်းပညာများကို နယ်ပယ်အသီးသီးတွင် တွေ့မြင်လာခဲ့ရသည်။ တိုးတက်များ ပြားလာသော လူဦးရေနှင့်အညီ အစာရေစာနှင့် နေထိုင်ရေး ပြဿနာလိုအင်များကို ဖြည့်ဆည်းနိုင်အောင် ကြိုးစားခဲ့ကြရာမှ တစ်ဖက်တွင်လည်း မျှော်လင့်မထားသော ဘေးထွက်ဆိုးကျိုးများက ပေါ်ပေါက်လာခဲ့ကြသည်။ အဆိုပါ ဘေးထွက်ဆိုးကျိုးသည်ကား သစ်တောကြီးများ ပြုန်းတီးလာမှုနှင့် အတူ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် ကမ္ဘာမြေပျက်စီး ဆုံးရှုံးမှုပင်ဖြစ်သည်။
အသက်ရှည်စွာနေလိုခြင်းနှင့် လူတန်းစေ့နေလိုခြင်း ဟူသည့် လူသားတို့၏ လိုလားချက်များကြောင့် သိပ္ပံပညာ၊ ဆေးပညာနှင့် စက်မှုကဏ္ဍအသီးသီး တိုးတက်ထွန်းကားခဲ့ကြသည်။ ဆေးပညာ တိုးတက်လာမှုကြောင့် လူအသေအပျောက်နှုန်း လျော့ကျလာသော်လည်း တိုးပွားလာသော လူဦးရေကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လိုက်ပါတိုးတက်ခဲ့ရသည်။ ထိုအခါ လူဦးရေနှင့် ညီမျှအောင် ကျွေးမွေးနိုင်ရန်အတွက် လိုအပ်သော မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ရသည်။ ထိုသို့ဖော်ထုတ်ရင်းဖြင့် သဘာဝဟန်ချက်ကို ထိန်းညှိပေးနေသော သစ်တောကြီးများ ပျောက်ကွယ်ကြရသည်။ ကုန်ထုတ်လုပ်မှုအတွက် နေ့ညမပြတ် လည်ပတ်ပေးနေရသည့် စက်ရုံအလုပ်ရုံကြီးများ ပေါ်ပေါက်လာခြင်းသည် တစ်ဖက်တွင် အကောင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သစ်ပင်များ အလွန်အမင်းခုတ်ထွင်ခြင်း၊ သစ်တော
မြေများကို လွဲမှားစွာ အသုံးချခဲ့မှုများကြောင့် ၁၈ ရာစုမှ ၂၀ ရာစုအတွင်း ကမ္ဘာ့သစ်တောဧရိယာ ဟက်တာ ၂ ဒသမ ၃၄ ဘီလီယံ လျော့နည်းသွားခဲ့ပြီဖြစ်ကြောင်း မှတ်တမ်းများကဆို၏။ လူသားတို့အနေဖြင့် စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သည့် မီးခိုး၊ အခိုးအငွေ့၊ အက်စစ်ငွေ့ရောသည့် အဆိပ်သင့်လေထု အညစ်အကြေးများကို နေ့စဉ်ရှူရှိုက်လာကြရသည်။ မြစ်ချောင်းအင်းအိုင်များသည်လည်း ရှေးယခင်က သန့်စင်ကြည်လင်မှု ရာနှုန်းပြည့်ရှိခဲ့သည့်တိုင် ဆယ်စုနှစ်ပေါင်းများစွာ စွန့်ပစ်လာကြသော ပလတ်စတစ်အပါအဝင် ပစ္စည်းမျိုးစုံ၊ ပုပ်သိုးမြေဆီလွှာ၊ ဓာတုဗေဒဆေးရည်နှင့် ရောနှောအဆိပ်ငွေ့ ဓာတ်ပြုအရည်များဖြင့် ပြည့်နှက်လာခဲ့ကြသည်။ ထိုသို့သောရေများကို လူသားတို့အနေဖြင့် အဆင့်ဆင့်ပြုပြင်ကာ သောက်သုံးကြရသည်။ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် အာဟာရဓာတ် ပြည့်ဝရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေသောကြောင့် ပတ်ဝန်းကျင် မပျက်စီးရေးကို ဂရုပြုဆောင်ရွက်ကြရပါမည်။
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း ကျေးလက်ထက် မြို့ပြများတွင် လေထုညစ်ညမ်းမှုကို ပိုမိုခံစားရလျက်ရှိ၏။ ထို့ကြောင့်လည်း ကျေးလက်နေပြည်သူများသည် မြို့ပြရောက်လျှင် အနေရခက်ပြီး အသက်ရှူကျပ်သလို ခံစားရခြင်းပင်ဖြစ်ပေသည်။ တစ်နေ့တခြား တိုးပွားလာလျက်ရှိသည့် ယာဉ်အမျိုးအစားပေါင်းစုံမှ အဆိပ်သင့် ဓာတ်ငွေ့ပေါင်းစုံ၏ ဆိုးကျိုးကို လက်ငင်းမခံစားရသော်ငြား နှစ်ကာလတစ်ခုရောက်ချိန်တွင် လူသားတို့သာမက တိရစ္ဆာန်များ၊ သစ်ပင် ပန်းမန်များပါ ခံစားကြရပါသည်။
စက်မှုထွန်းကားလာသည်နှင့်အမျှ လိုအပ်သော စွမ်းအင်ထုတ်လုပ်ရန်အတွက် သဘာဝအရင်းအမြစ်များ ကုန်ခန်းလာရပါသည်။ စက်မှုထွန်းကားခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များထဲတွင် ပတ်ဝန်းကျင် ပြောင်းလဲမှုများရှိလာသည်။ ထိုသို့ ပြောင်းလဲမှုကြောင့် ယခင်ကမရှိခဲ့ဖူးသည့် ရောဂါဆန်းများ၊ သဘာဝဘေးအန္တရာယ် ဆန်းများ ကြုံလာရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးပြီးသား နိုင်ငံများကို အားကျတတ်ရာ ထိုနိုင်ငံများအား အမီလိုက်နိုင်ရန် ကဏ္ဍစုံတွင် တက်ကုန်လွှင့်၍ ကြိုးစားလာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူနေမှုစနစ်များကို အားကျအတုယူလျက် အကူအညီအမျိုးမျိုးကိုလက်ခံရင်း သူတို့၏ညွှန်ကြားချက်များအတိုင်း တောင်ယာများတိုးချဲ့စိုက်ပျိုးခြင်း၊ စက်မှုအတတ်ပညာတိုးချဲ့ခြင်း၊ မြစ်ဝှမ်းများ အသွင်ပြောင်းခြင်း၊ သဘာဝသစ်တောရိုင်းများကို အလွန်အမင်း ခုတ်ထွင်ခြင်းတို့ကို ဆောင်ရွက်လာရာမှ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရင်ဆိုင်ကြရသည်။
ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းတွင် သဘာဝအရင်းအမြစ်ကို မလွဲမသွေ သုံးစွဲလျက်ရှိကြပြီး စက်မှုလုပ်ငန်းမည်မျှပင် ထွန်းကားသည်ဖြစ်စေ လယ်ယာကဏ္ဍကို ပစ်ပယ်ထားခြင်း မရှိသည်ကို တွေ့ရသည်။ စိုက်ပျိုးရေး စည်းစနစ်တကျရှိခြင်း၊ သစ်တောထိန်းသိမ်းပုံ နည်းစနစ်မှန်ကန်ခြင်းတို့၏ အကျိုးရလဒ်များအား မြစ်ရေက သက်သေပြလျက်ရှိနေသည်။ မြေဆီလွှာ ထိန်းသိမ်းမှုအားကောင်းသော သစ်တောရှိပါက ရေထုညစ်ညမ်းမှု သက်သာ၏။
သစ်တောရှိ၍ မိုးရွာသည့်အခါ မြေဆီလွှာကို မိုးရေနှင့်အတူ မျောမပါအောင် ထိန်းထားနိုင်သည်။ သစ်တောမရှိလျှင် မိုးရေတို့သည် ရှိသမျှမြေဆီလွှာများအား တိုက်စားပစ်ကြလေသည်။ မြေဆီလွှာအမှုန့်တို့ကို တိုက်စား စီးဆင်းရာမှ ချောင်းငယ်မြောင်းငယ်၊ ထိုမှတစ်ဆင့် မြစ်လက်တက်များ မြစ်မများသို့ ရောက်လာကြသည်။ ယင်းသို့စီးဆင်းလာရာ မြစ်မကြီး၏ ပင်မစီးဆင်းရာ ရေအလျဉ်နှင့်ဆုံသည့်နောက် ရေစီးနှုန်းနှေးသွားပြီး ပါလာသည့်မြေလွှာတို့ အနည်ထိုင်သွားကြသည်။ တစ်စတစ်စ အနည်ထိုင်လာရာမှ မြစ်ကြောင်းအတွင်း သောင်ထွန်းလာပြီး မြစ်များကောလာကြတော့သည်။ မြစ်ကော၍ မြစ်ရေတိမ်သည်။ မြစ်ရေတိမ်၍ ရေလျှံရသည်။ နှစ်စဉ်တိုင်း မိုးသည်းလာသည်နှင့် ရေဘေးဒုက္ခများက မမြင်ချင်မကြားချင်မှ အဆုံးဖြစ်လာရသည်။ မြစ်ရေလျှံခြင်းနှင့်အတူ ဝမ်းရောဂါကလည်း ပါလာပြန်သည်။ ရေဘေးကြောင့် ကျွဲ၊ နွား တိရစ္ဆာန်တို့သေကျေ ပျက်စီးကြရသည်။ ထို့ပြင် စိုက်ပျိုးသီးနှံများလည်း ပျက်စီးရသည်။ မြစ်ကမ်းပါး အောက်ခြေပိုင်းကို ရေအလျဉ်မပြတ်တိုက်စားမှုကြောင့် ကမ်းပါးတို့ ပြိုရသည်။ ခြုံငုံကြည့်သော် သစ်တောများ ပြုန်းတီးခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်ပေါက်ခဲ့ခြင်းပင်ဖြစ်ပေသည်။
ကမ္ဘာမြေပေါ်တွင် မှီတင်းနေထိုင်သည့် လူသားတို့အတွက် တောတွင်းတိရစ္ဆာန်များနှင့် အခြားသတ္တဝါများ၏ အခန်းကဏ္ဍကလည်း အရေးပါလျက်ရှိနေသည်။ ကမ္ဘာဦးအစက ရှိနှင့်ခဲ့သည့် တောတွင်းသတ္တဝါများမှာ ယနေ့အချိန်တွင် လွန်ကဲစွာ လျော့နည်းခဲ့ပြီဖြစ်၏။ အချို့သတ္တဝါများမှာ မျိုးသုဉ်းပျောက်ကွယ် သွားခဲ့ကြသည်။
သစ်တောသစ်ပင်များ ရှားပါးမှုကြောင့် တောကိုအမှီပြုနေထိုင်ကြသည့် သတ္တဝါများ ပျောက်ကွယ်ခဲ့ရခြင်းဖြစ်ပေသည်။ ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင်၏ ဒဏ်ကိုမခံနိုင်သည့် အတွက် ဒိုင်နိုဆောများ မျိုးသုဉ်းခဲ့ကြသည်။ သားကောင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် နိုင်ငံတိုင်းတွင် ဘေးမဲ့တောများ ထားရှိကာ ကာကွယ်မှုများ ပေးနေကြပါသည်။ တောတွင်းတိရစ္ဆာန်တို့မှာ လူသားတို့ အကျိုးစီးပွားကို များစွာ အထောက်အကူ ပြုလျက်ရှိနေကြ၏။ လူ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကို ခြေရာခံနိုင်ရန် သားကောင်များ၏ အရိုးစုများမှတစ်ဆင့် ဖော်ထုတ်ကြရသည်။ သိပ္ပံနှင့်ဆေးပညာ သုတေသနလုပ်ငန်းများ အတွက်လည်း သားကောင်များက အထောက်အကူပြုနေသည်။ ထိုသို့ လူသားအကျိုးပြု လုပ်ငန်းများတွင် သားငှက်တိရစ္ဆာန်များ ရှိနေစေရန်အတွက် ရေရှည်ကာကွယ် ထိန်းသိမ်းစောင့် ရှောက်ပေးကြဖို့ အရေးကြီးပေသည်။
လူသားတိုင်းသည် မိမိတို့ခန္ဓာကိုယ်ကြီးကို အလေးထားမြတ်နိုးသကဲ့သို့ မိမိတို့မှီတင်း နေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးကိုလည်း ချစ်ခင်မြတ်နိုးကြဖို့ လိုအပ်ပါသည်။ သက်ရှိ သက်မဲ့နှင့် ပတ်ဝန်းကျင်တို့မှာ အပြန်အလှန် အမှီသဟဲပြုနေကြသောကြောင့် လူသားမျိုးနွယ် ဆက်လက်တည်တံ့စေနိုင်ရေး၊ တိရစ္ဆာန်များ မျိုးမသုဉ်းရေး၊ သီးနှံရိက္ခာများ တိုးပွားရေးတို့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဘဲ စက်မှုသိပ္ပံပညာတို့ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွား ကြရမည်ဖြစ်သည်။ အနာဂတ်ကမ္ဘာကြီးကို တည်ဆောက်သည့်အခါတွင် ပတ်ဝန်းကျင် ညစ်ညမ်းမည်ဆိုးသောကြောင့် စက်မှုသိပ္ပံကို ရှောင်ကွင်းရမည် မဟုတ်ပါချေ။ ကမ္ဘာကြီးနှင့်အတူ လူသားတို့ သက်တမ်းရှည်နိုင်ရေးအတွက် စက်မှုသိပ္ပံများကိုလည်း တီထွင်ကြံဆပြီး အခြားတစ်ဖက်မှလည်း ပတ်ဝန်းကျင် မညစ်ညမ်းစေရန် ကြိုးပမ်းကြရမည်။
ပတ်ဝန်းကျင်သာယာရေးကို အလေးပေး လုပ်ဆောင်ခြင်းဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ မျိုးသုဉ်းလုဆဲဆဲ သတ္တဝါများနှင့် ပျက်စီးကုန်သော သစ်တောများကို အချိန်မီပြန်လည် အစားထိုးရမည်။ မလိုလားအပ်သော ကာဗွန်ထုတ်လွှတ်မှုများ၊ ပလတ်စတစ်သုံးစွဲမှုများ၊ မီသိန်းထုတ်လွှတ်မှုများကို လျှော့ချခြင်းဖြင့် ကမ္ဘာမြေကြီးကို ကာကွယ်ရပါမည်။
သစ်တောများသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနားနေရေး၊ ရေ-မြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ညီညွတ်မျှတရေး၊ ဇီဝမျိုးစိတ်များ ထိန်းသိမ်းရေး၊ စားရေရိက္ခာ ဖူလုံရေး အစရှိသော ကဏ္ဍအသီးသီးအတွက် လွန်စွာအရေးပါလျက်ရှိသည်ကို သတိပြုကြဖို့ လိုအပ်ပေသည်။ ကမ္ဘာမြေကြီး ရေရှည်စိုပြည်သာယာရေးတို့အတွက် မလိုလားသော အညစ်အကြေးများကို သန့်စင်ပေးရမည်ဖြစ်သကဲ့သို့ ရွှေတိုက်ကြီးတစ်ခုနှင့် ပမာတူလှသည့် သစ်ပင်သစ်တောများကို ထပ်မံစိုက်ပျိုးသွားကြဖို့လည်း လိုအပ်ပါသည်။
“သစ်တောစိမ်းမှ စမ်းရေရ၏၊ ဥတုရာသီ တောကိုမှီ၏၊ တောမဲ့မြေသား ရေတိုက်စား၏၊ တောတောင်တင့်တယ် စားကျက်ကြွယ်၏၊ တောတောင်ခြောက်ခန်း လယ်ယာနွမ်း၏”ဟူသော သစ်တောဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ သစ်တောသစ်ပင်များ၏ အကျိုးကိုနားလည်သိရှိလျက် သစ်ပင်ကိုနှစ်စဉ်စိုက်ကာ နိုင်ငံ၏ရွှေတိုက်ကြီးကို ပိုင်စိုးနိုင်ရေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် လိုက်နာဆောင်ရွက်သွားကြမှသာ ကမ္ဘာမြေကြီးကိုလည်း ကာကွယ် စောင့်ရှောက်နိုင်လိမ့်မည်ဖြစ်ပါသည်။ ။
နွေကံ့ကော်(မြို့လှ)