တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် - ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။