တို့တောင်သူတွေ ဝင်ငွေတိုးဖို့ နေကြာမျိုးစေ့ထုတ်လုပ်စို့
ကိုအောင်ရေ ငါ့ညီ ပျောက်ချက်သား ကောင်းလှချည်လား
သင်္ကြန်အပြီး မေလဆန်းပိုင်းတုန်းကတော့ ငါ့ညီကို မကွေး၊ ပွင့်ဖြူမှာတွေ့လိုက်၊ မိတ္ထီလာမှာတွေ့လိုက်၊ မြိတ်မှာတွေ့လိုက်၊ ကျွန်းစုမှာတွေ့လိုက်၊ ပန်းတနော်မှာတွေ့လိုက်၊ ညောင်တုန်းမှာ တွေ့လိုက်နဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် တွေ့နေရတော့ တိုင်းပြည်အတွက်တယ်ပြီး အလုပ်လုပ်ပါလားဆိုပြီး ငါတို့တစ်တွေအံ့သြနေကြတာ။ တီဗွီကပြောသလိုပြောရရင်တော့ အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းလည်း ဝင်သွားပြီးရော ငါ့ညီသတင်းကပျောက်နေတယ်။ မိုခါနဲ့အတူပါသွားပြီလားလို့စိုးရိမ်လို့ မင်းဆီဖုန်းဆက်လိုက်တာ
ကျွန်တော် အပြင်မှပြန်ရောက်လာပြီး အဝတ်လဲနေစဉ် ဖုန်းကမြည်လာသည်။
ကျွန်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှာ စတင်တာဝန်ထမ်းဆောင်ကတည်းက ကျွန်တော့်ရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်ပြီး အားပေးနေသည့်ကျွန်တော့်၏အစ်ကို ကြီးထံမှဖုန်းဖြစ်ပါသည်။
]]မိုခါနဲ့ ပါမသွားပါဘူး အစ်ကိုကြီးရယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက ပုံမှန်အလုပ်များရတဲ့ကြားထဲက မိုခါကဝင်လာတော့ ရခိုင်ပြည်နယ်မှာရော မိုခါဝင်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကျွန်တော်တို့ဌာနကရုံးတွေပျက်စီးတယ်။ ဒီတော့ မနေ့တုန်းက အဲဒီရုံးတွေပြန်ပြီးပြင်ဖို့ ငွေလိုတယ်။ အဲဒီငွေရရှိရေး ကျွန်တော်တို့ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဘတ်ဂျက်အစည်းအဝေးလုပ်တယ်။ ပြန်ပြီးစိစစ်နေတာ
အဲဒါများကွာ မင်းတို့ဝန်ကြီးဌာနက ကိုယ့်ဘတ်ဂျက်ထဲက ငွေရှာစရာမလိုပါဘူး။ ဌာနဆိုင်ရာအဆောက်အအုံ ပြင်ဆင်တဲ့ကိစ္စ နိုင်ငံတော်ဘတ်ဂျက်ကခံမှာပေါ့ကွာ ဒီလိုတော့တွေးလို့မရဘူးလေ အစ်ကိုကြီးရဲ့။ နိုင်ငံတော်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးတာတွေကအများကြီး။ ဒီကြားထဲမှာ ဘုန်းကြီးကျောင်းတို့ သာသနိကအဆောက်အအုံတို့ဆိုတာ ဘယ်ဘတ်ဂျက်မှရှိတာ မဟုတ်ဘဲ။ ဒါ့အပြင် ပျက်စီးလို့ပြုပြင်ရမှာက ပြည်သူတွေရဲ့ အိုး၊ အိမ်၊ အဆောက်အအုံတွေကအများကြီး။ ပြီးတော့ ဆည်တွေ၊ တာတမံတွေ၊ အများနဲ့ဆိုင်တဲ့အဆောက် အအုံတွေပြင်ဆင်ဖို့က ကျန်သေးတယ်။ အရေးကြီးဆုံးက စားရေရိက္ခာဖူလုံဖို့၊ စိုက်ပျိုးရေး လုပ်ငန်းတွေလုပ်ကြဖို့ပဲ။ ဒီရက်မှာ မိုးဦးကျလာပြီ၊ စိုက်ပျိုးရာသီရောက်လာပြီ။ ဒီတော့ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဖို့လိုတယ်။ အဲဒီတော့ နိုင်ငံတော်က ကျခံတဲ့ဘဏ္ဍာငွေကကျခံ၊ ကိုယ့်ဝန်ကြီးဌာနက လာမည့်နှစ်အတွင်းမှာ သုံးမည့်ငွေတွေထဲက မသုံးမဖြစ်တာစိစစ်ပြီးချန်။ စိစစ်လို့ရတဲ့ ငွေထဲက ကျန်တာကို မိုခါမုန်တိုင်းကြောင့် ပျက်စီးတာတွေအတွက် ရန်ဖို့ပါပဲ အေး ထားပါတော့ကွာ။ မင်းဟာနဲ့မင်း ပြောတာတော့ ဟုတ်နေတာပေါ့။ ဒါနဲ့ ဒီနေ့ရော ဘာတွေလုပ်နေသလဲ
ဒီနေ့တော့ အစ်ကိုကြီးရေ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ ရှစ်မြို့နယ်က တောင်သူတွေကို မျိုးနေကြာထုတ်လုပ်နည်း လက်တွေ့သရုပ်ပြတာပဲ
မင်းဟာက တစ်နေ့တစ်မျိုး မရိုးရပါလားကွာ။ အရင်အခေါက်တွေတုန်းက ဆီထွက်နေကြာကို စားသုံးဆီဖူလုံဖို့ ဦးစားပေးပြီးလုပ်ကြတယ်။ အခုကျတော့ မျိုးနေကြာဖြစ်သွားပြန်ပြီ။ မင်းတို့အမျိုးမျိုး လျှောက်လုပ်လို့ တို့တောင်သူတွေမျက်စိလည်ကြတော့မှာပဲ။ ကဲ ဒါနဲ့မျိုးနေကြာကို ဘာ့ကြောင့် ထုတ်သလဲပြောစမ်းပါဦး ကျွန်တော့်အစ်ကိုကြီးက တောင်သူစစ်စစ်ဖြစ်သည်။ အသက် ၈၀ ကျော်ပြီ။
၁၀ တန်းအထိ ကျောင်းနေဖူးသည်။
ဆယ်တန်းတစ်နှစ်ကျတော့ ကျောင်းဆက်မတက်တော့ဘဲ မိဘလက်ငုတ်လက်ရင်း ရွာပြန်ပြီး လယ်လုပ်နေသူဖြစ်သည်။
ကျွန်တော့်ထက်ပင် အသက် ၁၀ နှစ်ကျော်ကျော်ကြီးသည်။ ဆယ်တန်းထိကျောင်းနေဖူးသူဖြစ်၍ လယ်ကို သမားရိုးကျမလုပ်။ ရွာတွင် ပထမဆုံး ကိုယ်ပိုင်ထွန်စက် ဝယ်ပြီးသုံးသည်။
ကိုယ်တိုင်ထွန်စက်မောင်းသည်။ လယ်ကွင်းထဲမှာကိုယ်တိုင်ဖိဖိစီးစီးလုပ်သူဖြစ်၍ ယခုသတ်မှတ်ထားသည့် စပါးပန်းတိုင်အထွက်နှုန်းကို လွန်ခဲ့သည့်နှစ် ၃၀ လောက်ကတည်းက အစ်ကိုကြီးလယ်ကရခဲ့သည်။ သည့်အတွက်လည်း စေ့စပ်သေချာသည့် အစ်ကိုကြီး၏မေးခွန်းကို သာမန်ဖြေ၍ မရပါ။
အစ်ကိုကြီးက ဆီများများထွက်ဖို့ နေကြာဧက များများစိုက်ရမယ်လေ။
နေကြာဧကများများစိုက်ဖို့ မျိုးစေ့များများလိုတာပေါ့။ ပြီးခဲ့တဲ့နှစ်က တစ်ပြည်လုံးမှာ နေကြာဧက ခုနစ်သိန်းကျော်ပဲစိုက်တယ်။
အဲ ဒါပေမဲ့ စားသုံးဆီဖူလုံဖို့ကို နေကြာဧက ၁၅ သိန်းစိုက်ကြဖို့ နိုင်ငံတော်ကရည်မှန်းပြီး ကျွန်တော်တို့ ဝန်ကြီးဌာနကို တာဝန်ပေးတယ်။ ဒီနေကြာဧက ၁၅ သိန်းဆိုတာကလည်း အရင် ၂၀၁၃-၂၀၁၄ လောက်က စိုက်ခဲ့ပြီးသား။ အဲ့ဒါကြောင့် ကျွန်တော်တို့လည်း တောင်သူတွေကို စိုက်ဖို့စည်းရုံးတယ် တကယ်တော့ တောင်သူတွေကလည်း နေကြာအကြောင်းသိပြီးသား။
နေကြာကစိုက်ရတာလွယ်တယ်၊ ကရိကထ မများဘူး။ အဲမြေဆီကလည်း ကျန်တဲ့သီးနှံတွေလောက်မလိုဘူး။ ရေလည်း စပါးလောက်မလိုဘူး။ ဒါ့အပြင် အသက်ရက်ကလည်း ၇၅-၈၀ ကနေ ၈၅ ရက်အရေး ကုန်ပဲ။ နောက်တစ်ခါ မျိုးလိုအပ်ချက်အနေနဲ့ကလည်း စိုက်ပျိုးရတဲ့မျိုးစေ့ပမာဏနဲ့ထွက်ရှိတဲ့ မျိုးစေ့ပမာဏ မြင့်မားတယ်။ ဒါ့အပြင် စိုက်ပျိုးစရိတ်သက်သာတယ်။ တစ်ဧကဆီထွက်နှုန်း ကောင်းတဲ့အပြင် ပိုးမွှားရောဂါနဲ့ ရာသီဥတုဖောက်ပြန်တဲ့ အခါမှာလည်း ပျက်စီးမှုနည်းတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့နှစ်က နေကြာစိုက်ဧက ၁၅ သိန်းလျာထားတော့ ကျွန်တော်တို့က စိုက်မှစိုက်ပါ့မလားလို့ စိုးရိမ်ခဲ့တယ်။ အဲ ဒါပေမဲ့ ဧက ၁၂ သိန်းခွဲလောက်စိုက်ခဲ့ကြတယ်။ နေကြာဈေးလေးကလည်း ကောင်းတယ်။ ပြီးတော့ နေကြာဆီကိုလည်း လူတွေက စားလာကြပြီ။ အဲ့ဒါကြောင့် ဒီနှစ်ဆောင်းမှာ ဝင်ငွေရမှန်းသိလို့ တောင်သူ
တွေက သေချာပေါက် တိုးပြီးစိုက်ကြမှာ။ အဲ့ဒီတော့ မျိုးကောင်းမျိုးသန့်ပေးဖို့က ကျွန်တော်တို့ဝန်ကြီးဌာန တာဝန်လေ။ အဲ့ဒါကြောင့် အခုမိုးနေကြာစိုက်တဲ့အခါမှာ သာမန်ဆီထွက်နေကြာစိုက်ဖို့ထက် မျိုးနေကြာအဖြစ်ထုတ်လုပ်ကြဖို့ ကျွန်တော်တို့ရည်မှန်းဆောင်ရွက်ခဲ့တာ။ ဒါ့ကြောင့် ကျွန်တော်တို့ နေပြည်တော်ရှစ်မြို့နယ်က တောင်သူတွေကိုဖိတ်ပြီး မျိုးနေကြာ ဘယ်လိုထုတ်ရမယ်ဆိုတာ ဒီနေ့ကွင်းသရုပ်ပြပွဲပြုလုပ်တာ
ကျွန်တော်က ကျွန်တော်တို့ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ထပ်မံရှင်းပြလိုက်ရ၍ ကျေနပ်အားရမိသွားသည်။
အေးဟုတ်ပါပြီ၊ ထားပါတော့ မျိုးနေကြာထုတ်တာက ရိုးရိုးဆီထွက်နေကြာထုတ်တာနဲ့ဘာကွာလို့လဲ။ ဘာတွေလုပ်ရသလဲ၊ ပြောစမ်းပါဦး
အစ်ကိုကြီး အားတက်သရောမေးလာ၍ ကျွန်တော်ကျေနပ်အားရမိပါသည်။
အစ်ကိုကြီးသိတဲ့အတိုင်း နေကြာသီးနှံက ပင်ခြားဝတ်မှုန်ကူးတဲ့ သီးနှံဖြစ်တာကြောင့် ပြင်ပအကူအညီနဲ့ ဝတ်မှုန်ကူးပေးမယ်ဆိုရင် ပိုပြီးသန္ဓေအောင်ပါတယ်။ အထူးသဖြင့် နေကြာစိုက်ခင်းမှာ ပျားပုံးတွေ ချပေးထားရင် နေကြာလည်းဝတ်မှုန်ပိုကူးပြီး နေကြာအထွက်ကောင်းမှာဖြစ်သလို ပျားပုံးတွေကလည်း ပျားရည်ရမှာကြောင့် ဝင်ငွေနှစ်မျိုးရမှာ ဖြစ်ပါတယ်။ နေကြာမှာ သဘာ၀၀တ်မှုန်ကူးမျိုးနဲ့ မျိုးနေကြာဆိုပြီး
မျိုးအုပ်စုနှစ်မျိုးရှိပါတယ်။ မျိုးနေကြာတွေက အထွက်နှုန်းပိုကောင်းပြီး မြေကောင်းရေကောင်း အခြေအနေကောင်းမှသာ အထွက်နှုန်းကောင်းမှာဖြစ်ပြီး ခက်တာက မျိုးပြန်ပြီး ခံလို့မရနိုင်ပါဘူး။ သဘာ၀၀တ်မှုန်ကူးမျိုးကတော့ မိဘမျိုးများက ဝတ်မှုန်ကူးရာမှ ရရှိလာတဲ့မျိုး ဖြစ်တဲ့အတွက် အကြမ်းခံပါတယ်။ ဒေသမရွေးစိုက်ပျိုးလို့ရတဲ့အပြင် တောင်သူတွေ မျိုးပြန်ပြီး ခံလို့ရပါတယ်။ ကနေ့ကျွန်တော်တို့ တောင်သူတွေကို လက်တွေ့သရုပ်ပြတဲ့ ဆင်းရွှေကြာ(၂)မျိုးဆိုရင် လေးနှစ်အထိ မျိုးခံလို့ရပါတယ်
အေး ကောင်းတယ်ကွာ။ အဲဒီ ဆင်းရွှေကြာ(၂)မျိုးက မင်းတို့ဘယ်နိုင်ငံက ဝယ်တာလဲ။ သူ့ရဲ့ကောင်းခြင်းလက္ခဏာတွေကရော ဘာတွေလဲ
ကျွန်တော်ပင် စကားမဆုံး။ အစ်ကိုကြီးက ဖြတ်၍ မေးလိုက်ခြင်းဖြစ်ပါသည်။
ဘယ်နိုင်ငံကမှ ဝယ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်တာပါ။
ဆင်းရွှေကြာ(၂)နေကြာက အသက်ရက် ၈၀-၈၅ ရက်ရှိပြီ အပင်အမြင့် ၄ ပေကနေ ၄ ပေခွဲအထိရှိတယ်။ အပွင့်အချင်းက ၅-၈ လက်မရှိပြီး အပွင့်တစ်ပွင့်မှာ အောင်မြင်တဲ့အစေ့ ၅၀၀-၈၀၀ အထိပါတယ်။ အစေ့ ၁၀၀၀ က အလေးချိန် ၄၀-၄၅ ဂရမ်ရှိပြီး ဆီထွက်ရာခိုင်နှုန်း ၄၅-၄၈ ရှိတယ်။ အထွက်ကောင်းမျိုးဖြစ်ပြီး တစ်ဧကကို ၂၅-၃၀ တင်းထွက်ရှိတယ်
မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား၊ တယ်ပြီးတိကျပါလား
အစ်ကိုကြီးက ဖြတ်၍မေးလိုက်ခြင်းဖြစ်သည်။
အစ်ကိုကြီးရယ် ဘယ်မတိကျလို့ရပါ့မလဲ။ နိုင်ငံတော်ရဲ့တစ်ခုတည်းသော စိုက်ပျိုးရေးသုတေသန ဦးစီးဌာနလေ။ အဲဒါပေမဲ့ ဘယ်အပင်မျိုးမဆို စိုက်ချိန်မှန်ဖို့လိုတယ်။ မြေကိုစနစ်တကျပြုပြင်ပြီး သတ်မှတ်တဲ့သွင်းအားစုထည့်ဖို့လိုတယ်။ ဆင်းရွှေကြာ(၂)ကို မိုးရာသီမှာ မေလနဲ့ ဇွန်လမှာစိုက်ရပြီး မိုးနှောင်းအနေနဲ့က စက်တင်ဘာလနဲ့ အောက်တိုဘာလမှာ စိုက်ရမယ်။ အစ်ကိုကြီးသိတဲ့အတိုင်း မြေပြုပြင်ရင်တော့ ထယ်ရေးနက်နက်ထိုးပြီး ထယ်ရေးညက်ဖို့လိုတယ်။ မြေပြုပြင်တဲ့ အချိန်မှာ တစ်ဧကကို ယူရီးယား ၅၀ ကီလိုဂရမ်တစ်အိတ်၊ တီစူပါအိတ်ဝက်နဲ့ပိုတက်ရှ်အိတ်ဝက်ထည့်ဖို့လိုမယ်။ နွားချေး ဒါမှမဟုတ် သဘာဝမြေသြဇာရရင်လည်း လှည်း ၅-၁၀ စီးတိုက်ထည့်ပေးဖို့လိုတယ်။
အဖူးဝင်ချိန်မှာလည်း ယူရီးယားအိတ်ဝက်လောက် ထပ်ပြီးထည့်ပေးဖို့လိုတယ်။
အရေးကြီးတာက တန်းကြား ၂ ပေ၊ ပင်ကြား ၉ လက်မခြားပြီး တစ်ကျင်းမှာ နှစ်စေ့နှုန်းစိုက်ရင် တစ်ဧကမှာအပင် ၂၉၀၀၀ ဝင်မယ်
အရေးကြီးတာက သေချာချင်ရင် နေကြာစိုက် ဆိုတဲ့ ဆိုရိုးစကားကိုအားကိုးပြီး ကျွန်တော်တို့ တောင်သူတွေက နေကြာတော့စိုက်ပါရဲ့။ ပစ်မထားဖို့အရေးကြီးတယ်။ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ အပင်ပဲဖြစ်ဖြစ် ငယ်စဉ်မှာ အထူးဂရုစိုက်ဖို့လိုတယ်။ အပင်ငယ်စဉ်မှာ ပေါင်းမြက်ရှင်းဖို့လိုသလို အပင်သက်တမ်း ၁၅ ရက်အတွင်းမှာသားခွဲဖို့လိုတယ်။ တစ်ကျင်းမှာ တစ်ပင်ပဲချန်ပြီး ကျန်တဲ့အပင်နုတ်ပစ်၊ သားခွဲရမယ်။ ပိုးနဲ့ရောဂါပိုးကျရောက်မှုရှိ၊ မရှိစစ်ဆေးပြီး ကျရောက်တာတွေ့ရင် ချက်ချင်းဆေးဖျန်းဖို့ လိုတယ်။ အဖူးဝင်ချိန်မှာ အပင်ယိုင်လဲမှုမဖြစ်အောင် ပေါင်လုံးဖို့လိုပြီး လိုအပ်ရင်အဖူးဝင်ချိန်နဲ့ ပန်းပွင့်ချိန်မှာ ရေတစ်ကြိမ်စီသွင်းပေးရင် အကောင်းဆုံးပဲ မင်းဟာက ဒီလောက်ပြုစုမှတော့ အထွက်မကောင်းရှိပါ့မလားကွ ကဲထားပါတော့ မင်းပြောတဲ့နေကြာမျိုးသန့်မျိုးစေ့ရအောင် ဘယ်လိုလုပ်ရမလဲပြောစမ်းပါဦး။ မင်းတို့ ဒီနေ့တောင်သူတွေကို ဘယ်လိုသရုပ်ပြသလဲဆိုတာ။
ကျွန်တော့် အစ်ကိုကြီးက လိုရင်းကိုမေးလာခြင်းဖြစ်သည်။
ကျွန်တော်တို့ စိုက်ထားတဲ့ ဆင်းရွှေကြာ(၂)နေကြာခင်း ပန်းပွင့်တဲ့အချိန်မှာ ပင်စည်တုတ်ခိုင်ပြီး အရွက်အရေအတွက်များတဲ့ အပင်အမြင့်ညီတဲ့ ရောဂါပိုးမွှားကင်းတဲ့ အပင် ၁၀၀၀ ကိုရွေးမယ်။ ပြီးတော့ အဲဒီအပင်က နေကြာပွင့်ကို အိတ်စွပ်ထားလိုက်မယ်။ ပြီးတော့မှ ရွေးထားတဲ့အပင်တွေရဲ့ နေကြာပွင့်ကနေ ဝတ်မှုန်ယူမယ်။ ဝတ်မှုန်ကိုလက်ကလေးနဲ့ခြစ်ချပြီး ပလတ်စတစ်ခွက်ထဲထည့်ပြီး စုမယ်။
ပြီးတော့ အဲဒီအပင် ၁၀၀၀ က ယူထားတဲ့ ဝတ်မှုန်တွေကို စုပေါင်းပြီး မွှေပေးမယ်။ ပြီးတော့မှ အဲဒီဝတ်မှုန်တွေကို စောစောက ဝတ်မှုန်ယူထားတဲ့ အိတ်စွပ်ထားတဲ့ နေကြာပွင့်တွေကို စုပ်တံလေးနဲ့ ဒါမှမဟုတ် တို့ဖတ်ပဝါလေးနဲ့ ဝတ်မှုန်ပြန်ပြီးကူးပေးမယ်။ ဆိုလိုတာကတော့ နေကြာက ပင်ခြားဝတ်မှုန်ကူးတာ ဖြစ်တဲ့အတွက် လူနဲ့ကူးပေးလိုက်တာပဲ။ ပျားနဲ့ကူးရင်တော့ ရွေးချယ်ထားတဲ့ အပင်ရော မရွေးချယ်ထားတဲ့အပင်ပါ ရောကုန်နိုင်တာကြောင့် လူနဲ့ပင်ခြားဝတ်မှုန်ကူးပေးတာကတော့ အကောင်းဆုံးပါပဲ
အေး ကောင်းပါပြီ။ အဲဒီဝတ်မှုန်ကူးပေးတာကို ဘယ်အချိန်မှာလုပ်ပေးနိုင်ရင် အကောင်းဆုံးလဲ
အစ်ကိုကြီးက သူသိချင်တာကို ဖြတ်၍ မေးလိုက်သည်။
]ဝတ်မှုန်ကူးတာကို နံနက် ၈ နာရီကနေ ၁၀ နာရီအတွင်း နေ့စဉ်ဆောင်ရွက်ပေးတာ အကောင်းဆုံးပါ။ ရိတ်သိမ်းချိန်မှာ ရွေးချယ်ထားတဲ့အပင်တွေက နေကြာပွင့်တွေကို တစ်ပင်ချင်းစီ သီးသန့်သိမ်းထားရပါမယ်။ အဲဒီနောက် ရိတ်သိမ်းပြီး အပင်များ၏မျိုးစေ့တွေကို စိစစ်ရွေးချယ်ပြီး သီးသန့် စုပေါင်းသိမ်းထားဖို့ လိုပါမယ်။ ဒီမျိုးစေ့တွေက အမြုတေမျိုးစေ့တွေဖြစ်ပါတယ်
အေး ဟုတ်ပါပြီ။ မင်းတစ်ဧကမှာ အပင်၇၀၀ ကနေ ၁၀၀၀ အထိလောက် အိတ်စွပ်ပြီး မျိုးခံလိုက်တော့ မျိုးစေ့ဘယ်လောက်ရနိုင်သလဲ။ ပြီးတော့ ဘယ်နှဧကလောက် စိုက်နိုင်မလဲ
အစ်ကိုကြီး၏မေးခွန်းများက လက်တွေ့ကျလှသည်။ မနေ့က ကျွန်တော်တို့ကိုယ်တိုင်လုပ် ထား၍သာ ဖြေနိုင်ခြင်းဖြစ်ပါသည်။
အခုလို မျိုးနေကြာ တစ်ဧကစိုက်ကွင်းမှာ မျိုးအတွက် အပင် ၇၀၀ ကနေ ၁၀၀၀ အထိ စိုက်ခင်းက မျိုးယူမယ်ဆိုရင် အမြုတေမျိုးစေ့ ၁၆ ပြည်(တစ်တင်း)ခန့်ရရှိမှာဖြစ်ပြီး တစ်ဧကကို လေးပြည်နှုန်းနဲ့ စိုက်ရမှာကြောင့် ၄ ဧကပြန်ပြီး စိုက်နိုင်မှာဖြစ်ပါတယ်
အေး ကောင်းပါပြီ။ တစ်ဧကနေကြာအခင်းမှာ ကျန်တဲ့နေကြာစေ့တွေကရော ဘာဆက်လုပ်ကြမလဲ
အဲ့ဒါကတော့ အစ်ကိုကြီးရယ် ဆီကြိတ်ရုံပေါ့။ အဲ့ဒီ ကျန်တဲ့နေကြာပွင့်တွေကလည်း ဘာပဲပြောပြော ဆီထွက်ကောင်းတဲ့ နေကြာစေ့တွေပါပဲ။ အပင် ၁၀၀၀ ကသာ မျိုးအတွက် ကျွန်တော်တို့ ခေါင်းခေါက်ပြီးရွေးထားတာပါ
အစ်ကိုကြီး၏အမေးကို ကျွန်တော်ပြန်၍ ဖြေလိုက်သည်။
အဲ့ဒီတော့ မင်းတို့ပြောသလို ဆင်းရွှေကြာ(၂)မျိုးနေကြာကို သဘာ၀၀တ်မှုန်ကူးမျိုးနဲ့ မျိုးသန့်ထိန်းသိမ်းရင် ငါတို့ဝင်ငွေဘယ်လောက်ရမလဲ နေကြာကသေချာစိုက်ရင် တစ်ဧကကို ၂၅-၃၀ တင်းထွက်ရှိနိုင်ပါတယ်။ သာမန်ဆီထွက်နေကြာပဲဆိုရင်တော့ ၂၅ တင်းထွက်တယ်ဆိုရင် တစ်တင်းကို ၃၂၀၀၀ ကျပ်ဈေးရှိတာကြောင့် ငွေကျပ် ၈၀၀၀၀၀ လောက်ရပါမယ်။ အဲ့ဒီအခင်းကိုပဲ မျိုးစေ့မျိုးသန့်ထုတ်မယ်ဆိုရင် မျိုးစေ့ကတစ်တင်းရပြီး ငွေကျပ် ၄၈၀၀၀ ရမယ်။ ဆီထွက်နေကြာစေ့ ၂၄ တင်းက ၃၂၀၀၀ ကျပ်ဈေးနဲ့ဆိုရင် ၇၆၈၀၀၀ ကျပ်ရပြီး မျိုးတစ်တင်းက ၄၈၀၀၀ ကျပ်ရမှာကြောင့် စုစုပေါင်း ၈၁၆၀၀၀ ကျပ်ရပါမယ် မင်းဟာက သိပ်မှမမြတ်ဘဲကွ။ အဲ့ဒီလိုဆို အဓိကအကျိုးကျေးဇူးက ဘာလဲ အဓိကအကျိုးကျေးဇူးကတော့ စိုက်ချိန်ရောက်မှ မျိုးလိုက်ရှာစရာမလိုဘူး။ ကိုယ့်မျိုး ကိုယ်သိမ်းထားတာကြောင့် မျိုးသန့်တဲ့အပြင် အထွက်နှုန်းလည်း ကောင်းမယ်။ ဒါအပြင်လေးနှစ်ဆက်တိုက် မျိုးခံလို့ရတာကြောင့် မျိုးကောင်းမျိုးသန့်ရဖို့ နှစ်စဉ်စိတ်မပူရတော့ဘဲ စိုက်သွားရမယ့် အကျိုးကျေးဇူးပါပဲ
အေးကွာ။ တို့တောင်သူတွေ ဝင်ငွေတိုးဖို့ နေကြာမျိုးစေ့ထုတ်လုပ်စို့လို့ပဲ ပြောချင်သကွာ
အစ်ကိုကြီးက ပြောလည်းပြော၊ ဖုန်းလည်း ချသွားပါတော့သည်။ ။
မောင်အောင်