(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်တစ်ခုနှင့် ဂိုးလ်ဘောအားကစားနည်းမှကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ
၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပခဲ့ရာ Techo National Aquatic Stadium Centre ၌ ကျင်းပလျက်ရှိသည့် ရေကူးအားကစားနည်းမှ အမျိုးသားမီတာ ၁၀၀ အလွတ်ကူး(S6)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်အောင်မြင့်မြတ်က ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ Olympic indoor Stadium ၌ကျင်းပလျက်ရှိသည့် ဂိုးလ်ဘောအားကစားပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက မလေးရှားအသင်းကို ၁၄ ဂိုး ၄ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး တတိယ(ကြေးတံဆိပ်)ဆုကိုရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမှ ရေကူးအားကစားနည်း အသင်းအုပ်ချုပ်သူ ဒုတိယဗိုလ်မှူးကြီး လောဟာအောင်နှင့် တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင်စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ မျက်မမြင်ဂိုးလ်ဘော၊ ဘောလုံး၊ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်း အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး ရရှိခဲ့ကြသည်။
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေးတံဆိပ် ၁၉ ခု စုစုပေါင်းဆုတံဆိပ် ၅၆ ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ကျော်လွင်