သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၀

          မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှု ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာမျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင် တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီး လှပါသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ လျှင်သန့်ရှင်းသာယာလှပသောမြို့၊ ရွာ  Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတမည် ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ် ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

          ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက် ရှိသည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပ ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်(၇)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နှင့် မိုင်းတုံမြို့တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်(၄၅)မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃)မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တို့၌ လည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

          ထို့ပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိလူငယ်၊ လူရွယ်များစုစည်း၍ “မြို့ရွာ  သန့်ရှင်းရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း” စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ဝန်းအတွင်း၌ စုပေါင်းအမှိုက် ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။