ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း အောင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း အောင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် - ၁၀

          ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်ရှိ စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် ကန်စွန်း၊ ချဉ်ပေါင်၊ ဗူး၊ ဖရုံ၊ ငွေနှင်းမှို၊ မြေအစားထိုး ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် တစ်သျှူး ငှက်ပျောစိုက်ပျိုးထားရှိမှု၊ ဥစားကြက်၊ ဥစားဘဲ၊ DYL ဝက်၊ နို့စားနွားနှင့် အသား တိုးနွား မွေးမြူထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက တောင်ကုတ်တပ်နယ်နှင့် သံတွဲတပ်နယ်တို့ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များ၌ မွေးမြူထားရှိသော ဥစားကြက်၊ DYL ဝက်၊ အသားတိုး ကြက်၊ ဆိတ်နှင့် ဒေသနွား မွေးမြူထားရှိမှု အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။