ယခုလအတွင်း အွန်လိုင်းမှကျင်းပမည့် အာရှဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာယှဉ်ပြိုင်ရန်စီစဉ်

ရန်ကုန်၊ တိုက်ကွမ်ဒို

ယခုလအတွင်း အွန်လိုင်းမှတစ်ဆင့် ကျင်းပမည့် အာရှဖိတ်ခေါ် တိုက်ကွမ်ဒို ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၌ COVID-19 ရောဂါအခြေအနေကြောင့် အားကစားပြိုင်ပွဲအများစု ကျင်းပနိုင်ခြင်း မရှိသော်လည်း တိုက်ကွမ်ဒိုပြိုင်ပွဲများကို အွန်လိုင်းမှတစ်ဆင့် ကျင်းပနေခြင်းဖြစ်သည်။

မြန်မာတိုက်ကွမ်ဒိုအဖွဲ့အနေဖြင့် နိုင်ငံတကာပြိုင်ပွဲလေးခုခန့် ဖိတ်ကြားခံထားရပြီး ယင်းပြိုင်ပွဲများအနက် နိုဝင်ဘာဒုတိယ ပတ်တွင်ကျင်းပမည့် အာရှဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

“ကျွန်တော်တို့ကို အွန်လိုင်းကကျင်းပနေတဲ့ ကမ္ဘာ့ပြိုင်ပွဲတွေ၊ နိုင်ငံတကာဖိတ် ခေါ်ပွဲတွေလည်း ဖိတ်ကြား ထားတာရှိပါ တယ်။ ဒီပြိုင်ပွဲတွေထဲကမှ နိုဝင်ဘာဒုတိယ ပတ်မှာကျင်းပမယ့် အာရှပြိုင်ပွဲကိုပြိုင်ဖို့ စီစဉ်ထား တယ်။ ကစားသမားတွေကိုလည်း ကိုယ်ပိုင်လေ့ကျင့်ခန်း လုပ်ခိုင်းထားပြီး ကစားသမားရွေးချယ်မှုကိုလည်း မကြာခင် လုပ်သွားမှာပါ” ဟု  မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည် အောက်တိုဘာနောက်ဆုံးပတ်က ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် အွန်လိုင်း တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ခြေကန်ချက်အမြန်ကန်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည်  ရွှေတံဆိပ်ဆုနှစ်ခု၊  ငွေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု ငါးခု စုစုပေါင်း ဆုတံဆိပ်ရှစ်ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။                           

ကိုရဲ