သမ္မာအာဇီ၀ စိတ်ရင်းစေတနာကောင်းဖြင့်လုပ်ကိုင်မှသာ ပြည်သူများစိတ်အေးချမ်းသာမည်
မြန်မာနိုင်ငံတွင် ကုန်စည်ဈေးနှုန်းများ တစ်နေ့တခြားမြင့်တက်နေသည်မှာ ပြည်သူများအတွက် အဆန်း တော့ မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်ဈေး နှုန်းများ အတက်အကျဖြစ်လေ့ရှိသည်။ သို့သော် တက်ပြီးလျှင် ပြန်မကျသည့်ကုန်ဈေးနှုန်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ မတော်လောဘများ ပါဝင်နိုင်ပါသည်။ မတော်လောဘများကြောင့် ပြည်သူများ အတွက် ဖိစီးမှုဝန်ထုပ်ဝန်ပိုးများ ကြီးကြီး မားမားဖြစ်လာစေပါသည်။
ကုန်ဈေးနှုန်းဒဏ်ကို မြန်မာပြည်တစ်ခု တည်း ကြံ့ကြံ့ခံနေရခြင်းတော့မဟုတ်ပါ။ နိုင်ငံတကာတွင်လည်း ကုန်စည်ဈေးနှုန်း များတက်လေ့ရှိသည်။ သို့သော် အတိုင်း အတာရှိသည်။ အကြောင်းရင်းအချက် အလက်များ အခိုင်အမာရှိသည်။ ဖြစ်သင့် ဖြစ်ထိုက်သောအနေအထားဖြင့် တက်လေ့ရှိကြသည်။ “ကမ္ဘာ့နိုင်ငံများတွင် ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းရင်းများကို လေ့လာကြည့်လျှင် စွမ်းအင် လောင်စာဈေး နှုန်းမြင့်တက်မှု၊ ကုန်ပစ္စည်းရှားပါးမှု၊ သယ်ယူ ပို့ဆောင်စရိတ်မြင့်တက်မှုတို့သည် အဓိက ကျသော အကြောင်းအချက်များ ဖြစ်သည်။ အထူးကိစ္စရပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊ သဘာဝ ဘေးအန္တရာယ်တို့ကြောင့်လည်း ကုန်ဈေးနှုန်းတက်နိုင်ပါသည်။ အလုပ်အကိုင်များ တုံ့ဆိုင်းရပ်တန့် သွားသောအခါ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများလာသောကြောင့် ကုန်ဈေးနှုန်းတက်ရသည်။ နိုင်ငံအများအပြားတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြင့်တက်လာသည့် ဝယ်လိုအား များကြောင့် ကမ္ဘာတစ်ဝန်းသို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင် ရေးတွင် ဝန်ဆောင်မှုစရိတ်ကို တိုးမြှင့် သတ်မှတ်သောအခါ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်း သည် ဈေးနှုန်းတက်ခြင်းကို တွန်းအားပေးစေခဲ့သည်။ ဤအကြောင်းအချက်များသည် တစ်ကမ္ဘာလုံး လက်ခံထားသည့် ကုန်ဈေးနှုန်း တက်ခြင်း၏ အဓိကအကြောင်းအချက်များ ဖြစ်သည်။” မြန်မာနိုင်ငံ တွင် ကုန်ဈေးနှုန်း တက်ခြင်းနှင့်ပတ်သက်၍ အဆန်းတကြယ်ဖြစ်နေသည်။ နိုင်ငံတကာက လက်ခံထား သည့် ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်း အချက်များနှင့်မတူဘဲ မည်သည့်အကြောင်း ကြောင့် တက်ရသည်ကို ပြည်သူများအနေဖြင့် နားလည်နိုင်ခြင်းမရှိပေ။ တိုင်းပြည်တွင် အကြောင်း ကိစ္စတစ်ခုခု ပေါ်ပေါက်လာတိုင်း ဈေးနှုန်းတက်နေသည်မှာ မထူးသော်လည်း ဆန်းနေသည်။ ဒေါ်လာဈေးနှုန်း တက်၍၊ ကုန်ပစ္စည်းများပြတ်လပ်၍၊ စက်သုံးဆီဈေး နှုန်းတက်၍ ဈေးနှုန်းတက်လာသည်မှာ လက်ခံ နိုင်ဖွယ်ရှိသည်။ သင်္ကြန်နီးလို့၊ ကျောင်းဖွင့်တော့မည်ဖြစ်လို့၊ လစာတိုးလို့၊ မုန်တိုင်းလာမှာမို့လို့၊ ရေကြီး နေလို့၊ လမ်း ပိတ်နေလို့စသည် စသည့် ထူးထူးခြားခြား အကြောင်းကိစ္စများသာမက ကောလာ ဟလများ၊ သတင်းစကား အမျိုးမျိုးဖြစ်ပေါ်မှုကြောင့် ကုန်ဈေးနှုန်းများတက်လာသည်မှာ လက်ခံနိုင် ဖွယ်မရှိပါ။
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်း နားလို့ကိုင်းရတယ်ဆိုသကဲ့သို့ ကုန်ဈေးနှုန်း စတင်တက်ရခြင်း အကြောင်းအကျိုးများ ရှိရမည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေ သော ကုန်ဈေးနှုန်းတက်ရခြင်းအကြောင်း ရင်းများ၊ ကုန်ဈေးနှုန်းစတင်ကြီးမြင့်လာသည့် ဇာစ်မြစ်ကို ရှာဖွေကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ဖြစ်ပျက်နေသည်မှာ ကုန်ပစ္စည်း များ ရှားပါးပြတ်လပ်မှု၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၊ နိုင်ငံခြားငွေဈေးတက်လာမှု စသည့် အကြောင်းများထက် အားလုံးညီညာဖြဖြ တက်လို စိတ်များဖြင့် အဖြစ်များနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက် ကိုးရာမှ တစ်ထောင် ဖြစ်တော့ အားလုံးတက်လိုက်ကြတာ တစ်နေ့တည်းဖြစ်သည်။ သကြားဈေး၊ နို့ဆီဈေး၊ လက်ဖက်ခြောက် ဈေးများက နေ့တိုင်းတက်နေသည့်အလား။
မည်သို့ပင်ဖြစ်စေ အခြေခံလူတန်းစား များသော မြန်မာနိုင်ငံတွင် ဆန်ဈေးနှုန်း တည်ငြိမ်ရေးသည် အရေးအကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံတော် ကလည်း စိုက်ပျိုးမွေးမြူရေးကို အထူးအားပေးကူညီဖြည့်ဆည်းပေးနေသည်။ မုန်တိုင်းသင့် ဒေသများမှ အပ ပုံမှန်အခြေအနေရှိနေသည်။ ဆန်စပါးပြတ်လပ်မှုသည် ဖြစ်နိုင်စရာအကြောင်းမရှိပါ။ စိုက်ပျိုးရာ သီအလိုက် နွေစပါး၊ မိုးစပါးများ အဆက်မပြတ်ထွက်ရှိ နေသည့်အပြင် အရေးပေါ်အနေဖြင့် အရန် ဆန်များလည်း သိုလှောင်ထားရှိသည်။ လမ်းပန်းဆက်သွယ်ရေး၊ ဝန်ဆောင်မှုစရိတ် များတက်လာ သောကြောင့် ဆန်ဈေးနှုန်း အတိုင်းအတာတစ်ခုအထိ တက်သည်မှာ လက်ခံဖွယ်ရာရှိသော်လည်း အကြောင်းရင်း ပြနိုင်ခြင်းမရှိဘဲ ဆန်ဈေးနှုန်းများအဆမတန် တက်ခြင်းမှာ ထူးခြားပါသည်။
ယနေ့ကာလတွင် နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှု၊ ကောလာဟလထုတ်လွှင့်မှု၊ တီးတိုးဝါဒဖြန့်မှုများကို ပြည်တွင်း၊ ပြည်ပ နှစ်ဌာနလုံးက ပြုလုပ်နေကြသည်ကို တွေ့ရ မည်ဖြစ်သည်။ အရေးကြီးသောအခြေ အနေတစ်ရပ်အနေဖြင့် ဝိသမလောဘ သမားများက အခြေခံစားကုန်များဖြစ်သော ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူးစသည့်စားသောက်ကုန်ဈေးနှုန်းများ ဈေးကစားမှုကြောင့် အလွန်အမင်း မြင့်တက် လာဟန် တူပါသည်။ နိုင်ငံရေးအရ ကောလာဟလ သတင်းထုတ်လွှင့်မှုများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုမှာ တိုက်ရိုက်အချိုးကျနေသလိုဖြစ် နေသည်ဟု ဆိုရမည်ဖြစ်သည်။ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်မှု၊ ရေကြီး ရေလျှံ၊ မုန်တိုင်း ဖြစ်မှုတို့ကိုဖြစ်သည့်အခါ တည်ငြိမ်မှုမရှိတော့သယောင်၊ ထပ်မံဖြစ်ပွားတော့မယောင် သတင်းများ ထုတ်လွှင့်၍ ဈေးကွက်တွင် ဈေးနှုန်းများ အဆမတန်တင်လာခဲ့သည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းထွက် ကုန်များ တိုးတက်ထွက်ရှိရေး၊ စားရေရိက္ခာ ဖူလုံရေး၊ ကုန်စည် ဈေးနှုန်းများ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးအတွက် အတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးနေသည်။ ကုန်ပစ္စည်းလက်ဝယ်ရှိသူ ရောင်းဝယ်ဖောက်ကားသူများအနေဖြင့် အများ အကျိုးအတွက် စေတနာမှန်ကန် စွာထားရှိခြင်းမရှိပါက နိုင်ငံတော်အေးချမ်း သာယာရေးနှင့် အများ ပြည်သူစိတ်ချမ်းသာရေးကို ပေးစွမ်းနိုင်မည်မဟုတ်ပါ။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အစွမ်းကုန်တည်ဆောက်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အကျိုး အမြတ်ကိုသာ အဓိကမထားဘဲ မိမိလည်း နိုင်ငံသားတစ်ဦးဟူသော အသိစိတ်ဓာတ် ဖြင့် မိမိနှင့် သက်ဆိုင်သော ကုန်ရောင်း၊ ကုန်ဝယ်၊ ကုန်စည်ဖလှယ်မှုများတွင် အများအကျိုးအတွက် ဆောင်ရွက် သင့်သည်။
“ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဟူသော အတွေးအခေါ်များရှိနေသေးပါက တိုးတက် သာယာဝ ပြောသော နိုင်ငံတည် ဆောက်ရာတွင် အဟန့်အတားဖြစ်နေမည် မှာသေချာသည်။ ထိုစိတ်ဓာတ်များ အပေါ် ပြည်တွင်း၊ ပြည်ပ ပယောဂများက လောင်စာ ထပ်ဖြည့်ပေးလိုက်သောအခါ ပြည်သူအများစု အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ နိုင်ငံပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပ ပယောဂများရှိနေသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအခြေခံ အဆောက်အအုံကို ပြောင်းလဲ တည်ဆောက်ခြင်းသည် နေ့ချင်းညချင်းပြီးနိုင်သည့် လုပ်ငန်းမဟုတ်ပါ။ များစွာကျယ်ပြန့်လှ၍ အချိန် အတန်ကြာစောင့်ရသည်။
ယနေ့ကာလတွင် နိုင်ငံရေးနယ်ပယ်တွင် သာမက စီးပွားရေးနယ်ပယ်တွင်ပါ အမြတ် ထုတ်လိုသူများ၊ အသုံးချလိုသူများရှိနေ သည်ကို သတိချပ်ရမည်ဖြစ်သည်။ စစ်မြေပြင် တွင် စစ်တိုက်ရာ၌လည်းကောင်း၊ စီးပွားရေး၊ နိုင်ငံရေးလုပ်ရာ၌လည်းကောင်း မှန်ကန်သော သတင်းအချက်အလက်များကို အခြေခံ တွက်ချက် လုပ်ဆောင်မှသာ အောင်မြင်မှု ရနိုင်သည်။ မမှန်သတင်းများ၊ သတင်းတုများ၊ ကောလာ ဟလများ၊ မရိုးသားသော စိတ်ထားများဖြင့် တစ်ဖက်မှစီးပွားပြိုင် ဘက်၊ နိုင်ငံရေးပြိုင်ဘက်၊ စစ်ရေး ရန်သူတို့ သွတ်သွင်းပေးလိုက်သည့် သတင်းများကို အခြေခံလုပ်ဆောင်မည်ဆိုပါက အရှုံးနှင့် သာရင်ဆိုင် ရမည်ဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေး ရောယှက်နေသည်ကို သာဓကထုတ်ဆောင်မည်ဆိုလျှင် ဖြစ်ပေါ်ခဲ့သော နိုင်ငံ့အရေး အခင်းများတွင် ဝိသမလောဘဖြင့် အမြတ်ကြီးစားကာ အခွန်အကောက် လိမ်လည်ပတ် ရှောင်ပြီး စီးပွားဖြစ်ခဲ့ကြသူများသည် ၎င်းတို့၏ တရားမဝင်ငွေမည်းများကို ငွေဖြူဖြစ်အောင်မျှော်ကိုးကာ ဆူပူမှုများတွင် ငွေပုံအောကာ ဝင်ရှုပ်ခဲ့ကြသည်။ နိုင်ငံရေးနယ်ပယ်တွင်သာမက စီးပွားရေးနယ်ပယ်တွင် အလိမ်အညာ၊ ကောလာဟလသတင်းစကားများဖြင့် အမြတ်ထုတ်ခဲ့ကြရာ အဆိုပါဒဏ်ကို ပြည်သူများ ခံစားကြရသည်။ စူဇကာများမှာ မထိခိုက်၊ တိုင်းဆူပြည်ဖျက် ပုံအောခဲ့သောငွေကြေး များထက် အဆပေါင်းများစွာသာသည့် ငွေကြေးများကို စီးပွားရေးသောင်းကျန်းကာ ပြည်တွင်း၌ပြန်ရှာနိုင်သည့် နည်းလမ်းများ လည်းရှိနိုင်သည်။
မြန်မာနိုင်ငံသားများအတွက် အခြေခံ စားကုန်ဖြစ်သော ဆန်ဈေးနှုန်းသည် လက်ရှိအခြေအနေတွင် သင်္ကာမကင်းဖွယ် ကောင်းလောက်အောင် မြင့်တက်နေပါ သည်။ ယခင်က ၁၅၀၀၊ ၂၀၀၀ တန်ဆန် တစ်ပြည်သည် ယခုအခါ ၃၀၀၀၊ ၄၀၀၀ ကျော်ဖြစ်နေသည်မှာ ဆန်စပါးအထွက် လျော့မှု၊ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် ဖြစ်နိုင်ဟန်မတူပါ။ လယ်သမားများ အမှန်တကယ်ကုန်ကျခဲ့သော စိုက်ပျိုးစရိတ် ကိုကျော်လွန်သော သင့်တင့်လျောက်ပတ် သည့် ပေါက်ဈေးနှုန်းများထက် အဆမတန် ကျော်လွန်သော ဈေးနှုန်းမြင့်တက်မှုကို စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဆန် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခြင်းသည် ဆန်ဈေးကစားမှု ကြောင့်လည်းဖြစ်နိုင်ပါသည်။
ကုန်စည်ဈေးနှုန်းသည် ကုန်သည်များ၏ လက်ဝယ်တွင်သာရှိသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ အချို့ အချို့သော ဆန်ကုန်သည်များအနေဖြင့် လက်ငင်းဝယ်လို အားတက်နေမှုကိုအခြေတည်၍ လွန်ကဲစွာ သိုလှောင်ခြင်း၊ စေတနာမမှန်သောသူအချို့ နှင့် လက်ဝါးချင်းရိုက်ပြီး ဆန်ဈေးနှုန်း တက်ရိပ်ခြေကို ဖန်တီးခြင်း၊ လွန်ကဲသော ဝိသမလောဘဖြင့် သင့်တင့်လျောက်ပတ် သောဈေးနှုန်းထက် အဆမတန် မြှင့်တင် ရောင်းချခြင်းများနှင့် နိုင်ငံတွင် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အခွင့်ကောင်းယူ အသုံးချခြင်းများအပါအဝင် ဆောင်ရွက်မှုများမှာ နိုင်ငံတစ်ဝန်းရှိ ဆန်ကိုအဓိကစား သုံးကြသော ပြည်သူလူထုတစ်ရပ်လုံး အပေါ် စေတနာမထားခြင်းတို့မှာ ပေါ်လွင်နေပါသည်။ ပြည်သူများအပေါ် “ဘယ်သူ သေသေ ငတေမာရင်ပြီးရော” စိတ်ဓာတ်မျိုး မထားရှိသင့်ပါ။
ကုန်သည်များအားလုံးကို မဆိုလိုပါ။ အချို့အချို့သော ဆန်ကုန်သည်ကြီးများအပြင် အခြားကုန်သည် များအနေဖြင့် ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များ ပုံမှန် အခြေအနေရှိနေသော်လည်း ရန်ကုန်အပါ အဝင် အချို့ဒေသများတွင် အခြေခံစားကုန် များ အဆမတန်ဈေးနှုန်းမြင့်တက်ရောင်းချ နေမှုများသည် ကုန်ပစ္စည်းများ ပြတ်လပ်မှု ကြောင့်မဟုတ်ဘဲ ဝိသမလောဘစိတ်ဖြင့် လုပ်ကိုင်ခြင်းဆိုလျှင် မဖြစ်သင့်၊ မလုပ်သင့်ပါ။ သဘာဝဘေးကြုံတွေ့ခဲ့ရသော ယခုလိုကာလမျိုး၌ စားသုံးသူပြည်သူများအပေါ် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် သမ္မာအာဇီ၀ စိတ်ရင်းစေတနာ ကောင်းဖြင့် လုပ်ကိုင်ကြ မှသာ ဆန်ဈေးနှုန်းအပါအဝင် အခြားစား သောက်ကုန် ကုန်စည်ဈေးနှုန်းများ တည်ငြိမ် ကျဆင်းလာပြီး ပြည်သူများစိတ်အေးချမ်း သာမည်ဖြစ်ပါကြောင်း။ ။
ကိုရေချမ်း