စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ မုန်တိုင်းသင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ သီးစုံဒံပေါက်ထမင်းဗူးများပေးဝေလှူဒါန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု၊ တည်ဆောက်ရေး လုပ်ငန

စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ  မုန်တိုင်းသင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ သီးစုံဒံပေါက်ထမင်းဗူးများပေးဝေလှူဒါန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု၊ တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းရောက်ရှိမှု၊ ဒံပေါက်ထမင်းဟင်းလျာများ ပြင်ဆင်ထုပ်ပိုးဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန် - ၁၁

              ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အထူးဆေး အဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေး ဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ်အလိုက် သတ်မှတ်နေရာများတွင် ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

              ထိုသို့‌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ သမားတော်များ၊ အထူးကုများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့နယ်၊ မောင်နီပြင်ကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မုန်တိုင်းသင့်ဒေသခံပြည်သူများအား အဖျားရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျောရောဂါ၊ အရိုး/အကြောရောဂါများ၊ အထွေထွေ ရောဂါများနှင့် ပတ်သတ်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးပြီး လူနာတစ်ဦးချင်းစီ ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ရိုက်တာများအသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီ လီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ်ချစ်ကြည်ရေးနှင့်် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း (MICA) နှင့် ဘာသာစုံမိတ်ဆွေများမှ ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော သီးစုံဒံပေါက်ထမင်းဟင်းလျာဘူး များ ပေးဝေလှူဒါန်းကြသည်။

                           ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များက စစ်တွေမြို့နယ်အတွင်း စစ်တွေ-ရန်ကုန်သွား အဝေးပြေးလမ်းမကြီး ဝဲ/ယာတစ်လျှောက် မုန်တိုင်းကြောင့် ပြိုလဲ ပျက်ဆီးခဲ့သည့် သစ်ပင်/သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားနေမှု၊ စစ်တွေမြို့ရှိ ဆိပ်ကမ်း များတွင် တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များ၊ ကုန်တင်သင်္ဘောများဖြင့် တင်ဆောင် ရောက်ရှိနေသော ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား သတ်မှတ်နေရာများ သို့ စနစ်တကျ ပို့ဆောင်နိုင်ရေးအတွက် လူအား/စက်ယန္တရားအားတို့ဖြင့် မော်တော် ယာဉ်များပေါ်သို့ ရွှေ့ပြောင်းပို့ဆောင်ပေးနေမှု၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်တွင် ဆောင်ရွက်လျက်ရှိသော ရက် ၃၀ စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ပြင်ဆင် ချက်ပြုတ်ထုပ်ပိုး၍ နေ့ရက်အလိုက်သတ်မှတ် ရပ်ကွက်/ကျေးရွာများရှိ မုန်တိုင်း သင့်ပြည်သူများထံသို့ တာဝန်ရှိသူများမှတစ်ဆင့် ပေးပို့လှူဒါန်းလျက်ရှိသည့် ပြင်ဆင် ချက်ပြုတ်ရေးနေရာသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။