သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် - ၁၁

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ စစ်တွေမြို့၊ ပါတလိတ်ကျေးရွာအတွင်းရှိ မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသော နေအိမ် အဆောက်အဦများ၊ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ စစ်တွေမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ သိန်ဂနက်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

          ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အောင်သုခကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

          အလားတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျောက်တော်မြို့အတွင်းရှိ လမ်းဘေး ဝဲ/ယာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

        ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် မြို့မရပ်ကွက်ရှိ လမ်းဘေး ဝဲ/ယာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။