YONEX Taipei Open 2023 ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်
ရန်ကုန် ဇွန် ၁၁
တရုတ်(တိုင်ပေ)က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် YONEX Taipei Open 2023 ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် ယခုနှစ်တွင် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသော်လည်း အောင်မြင်မှု မရရှိသေးဘဲ မော်လ်ဒိုက်အင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး အိန္ဒိယကြက်တောင်မယ် အက်ရှ်မီတာချလီဟာကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်မှပင် ထွက်ခွာခဲ့ရသည်။
YONEX Taipei Open 2023 ကြက်တောင်ပြိုင်ပွဲကို ဇွန် ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာသည် ၃၂ ဦးရှုံးထွက်အဆင့်မှ စတင်ကစားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ၌ သက်ထားသူဇာသည် လက်ရှိကမ္ဘာ့အဆင့်(၃၀)နေရာ၌ ရပ်တည်နေသည့် ဗီယက်နမ်ကြက်တောင်မယ် ငုယင်သွေလင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
သက်ထားသူဇာသည် ငုယင်သွေလင်းနှင့် အနီးကပ်ဆုံး တွေ့ဆုံမှုအဖြစ် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းကြက်တောင်ပြိုင်ပွဲတွင် တွေ့ဆုံဖူးပြီး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
စည်သူအောင်