SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်
ရန်ကုန် ဇွန် ၁၁
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ရွှေသံလွင်မီဒီယာက စီစဉ်ပြုလုပ်သည့် SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။
အဆိုပါ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၌ ၆၀ ကီလိုတန်းပြိုင်ပွဲတစ်ပွဲဖြစ်သည့် ကျောက်ခဲနှင့် စောမူထော်ဂေး တို့ပွဲတွင် ကျောက်ခဲ(ရာမညအားမာန်)၏ ဘယ်ညာလက်သီးတွဲလုံးများကြောင့် စောမူ ထော်ဂေး(YMA) ထိုးသတ်ကွက် မတည်နိုင်ဘဲ ခံစစ်ဖြင့်သာကစားခဲ့ရပြီး ပထမအချီ ၁၈ စက္ကန့်အရောက်တွင် စောမူထော်ဂေး၏ မျက်နှာကိုထိမှန်ပြီး အနားတောင်းခဲ့ရသည်။ ထို့နောက် ဆက်လက်မယှဉ်ပြိုင်နိုင်၍ ကျောက်ခဲအနိုင်ရရှိသွားသည်။ သန့်ဇင်(တော်ဝင်ဧရာ)နှင့် ကျော်ရဲမင်း(အဲကညော)တို့ပွဲစဉ်တွင် ပွဲစသည်နှင့် နှစ်ဦးစလုံးဖွင့်ထိုးခဲ့ပြီး ငါးချီပြည့်ခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး အနိုင်ထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် အမှတ်ပေးဒိုင်သုံးဦးက သန့်ဇင်ကို အနိုင်ပေးလိုက်သည်။
၆၃.၅ကီလိုတန်းတွင် လုံးတူရွယ်တူဗျဂ္ဂ (ကျားဖြူ)နှင့် စိန်လုံးချော(အောင်နိုင်သူ)တို့ သူတင်ကိုယ်တင် အမှားမခံဘဲ ထိုးသတ်ကြကာ အရှုံးအနိုင်မပေါ်သည့်အတွက် ဒိုင်သုံးဦးက စိန်လုံးချောကို အနိုင်ပေးလိုက် သည်။ ထို့အတူ ဝီလျံ(ဒို့ရိုးရာ)နှင့် အောင်ဇော်ဟိန်း(ရွှေကုက္ကို)တို့ပြိုင်ပွဲတွင်လည်း နှစ်ဦးစလုံး ထိုးသတ်မှု များ ကောင်းသော်လည်း တစ်ဦးနှင့်တစ်ဦးအနိုင်ထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် ဒိုင်သုံးဦးက ဝီလျံကို အနိုင်ပေးလိုက်သည်။
ဆက်လက်၍ ၆၇ ကီလိုတန်းတွင် ကညောခွား(ဘိလပ်မြေစက်ရုံ)နှင့် ထက်နိုင်အောင်(ပင)တို့ပြိုင်ပွဲတွင် ပထမအချီ၌ သူတစ်ပြန်ကိုယ်တစ်ပြန် ပညာကုန်ထုတ် ယှဉ်ပြိုင်ထိုးသတ်ကြပြီး ဒုတိယအချီ ၁ မိနစ်တွင် ထက်နိုင်အောင်၏လက်သီးကြောင့် ကညောခွား အနားတောင်းခဲ့ရသည်။
တတိယအချီ၌ သူတင်ကိုယ်တင်ယှဉ်ပြိုင် ထိုးသတ်ကြရာ ထက်နိုင်အောင်၏ လက်သီး၊ ခြေကန်ချက်များကြောင့် တတိယအချီ ၁ မိနစ် ၁၆ စက္ကန့်အရောက်တွင် ကညောခွားအလဲထိုးခံရကာ အရှုံးပေးခဲ့ရသည်။
ယနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များကို သုံးမိနစ်ထိုး နှစ်မိနစ်နား ငါးချီစနစ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိသူများမှာ နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်ကာ ဇွန် ၁၈ ရက် စတုတ္ထနေ့တွင် ဗိုလ်လုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ