အားကစားကိုမြှင့်တင်ခြင်းဖြင့် နိုင်ငံ့ဂုဏ်တင့်စေဖွယ်
အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games)ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ စတင်ကျင်းပသည့်နှစ်တွင် ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ ဗီယက်နမ်နှင့်စင်ကာပူ ခြောက်နိုင်ငံသည် ပထမဆုံး အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲဝင် နိုင်ငံများ ဖြစ်ကြသည်။ ယင်းနောက် ၁၉၆၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၁၉၇၇ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၀၃ ခုနှစ်တွင် အရှေ့တီမောနိုင်ငံတို့မှ အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အတွက် ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံဖြင့် ပြိုင်ပွဲကျင်းပလျက်ရှိသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(Southeast Asian Games)တွင် အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ နိုင်ငံတော်အဆင့် လက်ရွေးစင် အားကစားသမားများဖြင့် အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်သည့်ပြိုင်ပွဲကြီး ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ နှစ်နှစ်တစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြိုင်ပွဲအပါအဝင် (၃၂)ကြိမ်မြောက် ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ အနေဖြင့် ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ပထမအကြိမ်၊ ၁၉၆၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ဒုတိယအကြိမ် ကျင်းပခဲ့ပါသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖြစ် ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၌ ထပ်မံလက်ခံ ကျင်းပနိုင်ခဲ့ပြီး အိမ်ရှင်အဖြစ် သုံးကြိမ်လက်ခံ ကျင်းပခဲ့ပြီးဖြစ်ပါသည်။
၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၃၆ နည်း ပါဝင်ပါသည်။ ယခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်းကို အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦးဖြင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု၊စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ကြောင်း ဇွန် ၂ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖတ်ရှုလိုက်ရသည့်အခါ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူ ကျေနပ်မိသည်မှာ ဧကန်အမှန်ပင် ဖြစ်သည်။
ထူးခြားချက်အနေဖြင့် ၁၉၈၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာအားကစားအဖွဲ့သည် အခြားနိုင်ငံများသို့ ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်သော SEA GAMES ပြိုင်ပွဲများ၌ ယခု(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် အများဆုံး ရယူပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား အင်အား ၆၂၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်ကမ္ဘောဒီးယား နိုင်ငံအပါအဝင် ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ပြိုင်ပွဲဝင်အင်အား ၈၀၀ ကျော်စီ၊ ဗီယက်နမ် နိုင်ငံအနေဖြင့် ပြိုင်ပွဲဝင်အင်အား ၇၀၀ ကျော်၊ မလေးရှားနိုင်ငံအနေဖြင့် ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ နိုင်ငံတို့အနေဖြင့် အင်အား ၅၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ အနေဖြင့် ၃၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး အားကစားနည်းပါဝင် ယှဉ်ပြိုင်မှု ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အာဆီယံ နိုင်ငံအားလုံးက ပါဝင်ယှဉ်ပြိုင်သူအင်အား၏ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိပါသည်။
ပါဝင်ယှဉ်ပြိုင်သူ အားကစားသမားဦးရေနှင့် ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်း တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇)ကြိမ်မြောက် ပြိုင်ပွဲတွင် ၂၈ရာခိုင်နှုန်း၊ (၂၈)ကြိမ်မြောက်ပြိုင်ပွဲတွင် ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ (၂၉)ကြိမ်မြောက် ပြိုင်ပွဲတွင် ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ (၃၀)ကြိမ်မြောက်ပြိုင်ပွဲတွင် ၇ ဒသမ ၆၆ ရာခိုင်နှုန်း၊ (၃၁)ကြိမ်မြောက်ပြိုင်ပွဲတွင် ၂၁ ဒသမ ၅၂ ရာခိုင်နှုန်း၊ (၃၂)ကြိမ်မြောက် ပြိုင်ပွဲတွင် ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့သည်။ ထို့ကြောင့် ယခု (၃၂)ကြိမ်မြောက် SEA GAMES သည် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နှစ်များအလိုက် နှိုင်းယှဉ်ပါက အောင်မြင်မှုရာခိုင်နှုန်း အမြင့်မားဆုံးပြိုင်ပွဲ ဖြစ်လာခဲ့ပါသည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသော အားကစားနည်း ၁၉ နည်းတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိပါက ကျပ်သိန်း ၃၀၀၊ငွေတံဆိပ်ရရှိပါက ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိပါက ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ် ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးချင်းစီကို ရွှေတံဆိပ်ဆိုပါက ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆိုပါက ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ဆိုပါက ကျပ်သိန်း ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများကိုလည်း သက်ဆိုင်ရာ အားကစားအလိုက် ရွှေတံဆိပ်ရရှိပါက ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိပါက ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိပါက ကျပ်သိန်း ၃၀ စီ၊ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော မြန်မာအမျိုးသမီး ဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၊ အကြိုဗိုလ်လုပွဲသို့တက်နိုင်ခဲ့သော အမျိုးသားဘောလုံး အသင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေ အနေဖြင့် ငွေကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၇၀၀၀၀ ခန့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ မိမိလူမှန်းသိတတ်စ အရွယ်ကတည်းက အားပေးခဲ့ရသည့် နိုင်ငံနှင့်ချီသည့် အားကစားယှဉ်ပြိုင်ပွဲများတွင် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်မှုမျိုးကိုဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်သာ မြင်ဖူး၊ ကြားဖူးခြင်းဖြစ်ပါသည်။ နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံ့အရေးကို စိတ်ဝင်တစား ရှိလှသော ခေါင်းဆောင်ကောင်းဟူသည် ချီးမြှင့်ထိုက်သူကိုချီးမြှင့်သည်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည်။ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များသည် မင်္ဂလာရှိလိုက်လေခြင်းဟု ရင်ထဲတွင်ပီတိဖြစ်မိပါသည်။
စာရေးသူအနေဖြင့် ဆုချီးမြှင့်မှုများကို တွေ့မြင်ကြားသိရချိန်တွင် ဆုကြေးငွေများနှင့် ပတ်သက်ပြီး အကယ်၍စာရေးသူသာ ဆုတံဆိပ်ရရှိခဲ့သည်ဆိုပါက မည်သို့ခွဲခြမ်းစိတ်ဖြာ သုံးစွဲမည်နည်းဟု တွေးမိပါသည်။ ဥပမာ စာရေးသူသည် ရွှေတံဆိပ် ရရှိခဲ့သော အားကစားသမားတစ်ဦးဖြစ်ခဲ့မည်ဆိုကြပါစို့၊ ရရှိမည့်သိန်း ၃၀၀ ကျပ်အား တစ်လကို ငါးသိန်းအသုံးစရိတ်အဖြစ် အသုံးပြုမည်ဆိုလျှင် တစ်နှစ်လျှင်သိန်း ၆၀၊ နှစ်နှစ်လျှင် သိန်း ၁၂၀ ကုန်မည်ဖြစ်သည့် အတွက် ကျန်ငွေသိန်း ၁၈၀ သို့မဟုတ် တစ်လကို ၁၀ သိန်း အသုံးစရိတ်အဖြစ် အသုံးပြုမည်ဆိုလျှင်တစ်နှစ်လျှင်သိန်း ၁၂၀၊ နှစ်နှစ်လျှင် သိန်း ၂၄၀ ကုန်မည်ဖြစ်သည့် အတွက် ကျန်ငွေသိန်း ၆၀ ဖြစ်သည်။
ကျန်ရှိငွေကိုလည်း မိမိဘဝရှေ့ရေးအတွက် အကျိုးရှိရှိ စီမံဆောင်ရွက်ထားမည်။ သြော်... တစိုက်မတ်မတ်ကြိုးစားမှုကြောင့် ရရှိလာသော ချီးမြှင့်ငွေကို အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးချနိုင်ပါက သုံးရုံမက ဘဝရှေ့ရေး အကျိုးရှိအောင်ပါ စီမံဆောင်ရွက်နိုင်သည်။ မိမိနိုင်ငံအခြေအနေ၊ မိမိနိုင်ငံအနေအထားနှင့် ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ထားခြင်းဖြစ်သည့်အတွက် မိမိသာဆိုလျှင် ဟူသောစိတ်မှန်းဖြင့် တွက်ဆကြည့်နေမိတော့သည်။
စာရေးသူအနေနှင့် ငွေကြေးပမာဏကို မက်မောခြင်းဆိုသည်ထက် အားကစားသမားများအတွက် ဘဝရှေ့ရေး ဖူလုံခိုင်မာစေမည့် အထောက်အပံ့ကောင်းအဖြစ် ချီးမြှင့်ပေးသော နိုင်ငံ့အကြီးအကဲ၏ စိတ်ရင်းစေတနာကိုလည်း လေးစားမိခြင်းဖြစ်သည်။
(၃၁)ကြိမ်မြောက် SEA GAMES နှင့် (၃၂)ကြိမ်မြောက် SEA GAMES ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်ပါက ၁၁ ဒသမ ၉၁ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရပြီး တိုးတက်မှု ကွာခြားချက်မြင့်မားသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အားကစားသမားတို့သည် နှစ်နှစ်အတွင်း ခွန်ပြည့်အားပြည့် လုပ်နိုင်ကိုင်နိုင်သော အဆင့်အတန်း အခြေအနေတစ်ခုကို ရရှိသွားခြင်းဖြစ်ပါသည်။
ထိုအဆင့်အတန်း အခြေအနေတစ်ခုကို ပြန်လည်ကျဆင်းမသွားအောင် ထိန်းသိမ်းပြီး ပိုမိုတိုးတက်လာအောင် မဆုတ်မနစ် တစိုက်မတ်မတ် ကြိုးစားမည်ဆိုလျှင် ဆုများထပ်ခါထပ်ခါ ရရှိကာ နိုင်ငံ့ဂုဏ်လည်းဆောင်၊ ကိုယ်တိုင်လည်း ဖွံ့ဖြိုးတိုးတက်၊ ဘဝအာမခံချက်လည်း ရရှိမည်မလွဲဧကန် ဖြစ်ပါသည်။
အားကစားနှင့် ပတ်သက်လျှင် မျက်နှာမငယ်ရအောင် စွမ်းဆောင်နိုင်ကြသော၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းကောင်းဖြင့် ယှဉ်ပြိုင်ပေးကြသော အားကစားသမားကို အလွန်ပင် လေးစား ချစ်ခင်အားကျမိပါသည်။ ထို့အတူ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ယခုကဲ့သို့ထူးထူးချွန်ချွန်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်အတွက် အဘက်ဘက်မှ အထောက်အပံ့ပေး၊ မြေတောင်မြှောက်ပေးပါသော နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်မိပါသည်။ သားသမီးကောင်းတို့၏ နောက်တွင် မိဘကောင်းတို့သည် ရှိစမြဲ မဟုတ်ပါလား။
ယခင်ကဆိုလျှင် ထိုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကို စက်ဘီးတစ်စီး၊ ရေဒီယိုတစ်လုံး၊ နာရီတစ်လုံး အစရှိသည်ဖြင့်သာ ဂုဏ်ပြုချီးမြှင့်ခံရကြောင်း ကြားသိခဲ့ရဖူးပါသည်။ သက်ရှိ/သက်မဲ့ မည်သို့ပင်ဖြစ်စေ တန်ဖိုးကိုသိသူ၊ တန်ဖိုးကိုသိ၍ မြတ်နိုးအလေးထားတတ်သူတို့ လက်ထဲတွင် ပိုမိုကောင်းမွန်စွာ တောက်ပ ရှင်သန်ကြသည် မဟုတ်ပါလား။ ယခု လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက် SEA GAMES ပြိုင်ပွဲသာမက အခြားအားကစား ပြိုင်ပွဲများတွင်ပါ ပြိုင်ပွဲမစခင် အစ၊ ပြိုင်ပွဲပြီးသည် အလယ်၊ ဆုချီးမြှင့်မှုများသည် အဆုံး အဘက်ဘက်မှ မလစ်ဟင်းရအောင် အုပ်ချုပ်ထောက်ပံ့မှုများပေးခဲ့သည်ကို မြင်တွေ့ရသောအခါ တန်ဖိုးထားတတ်သူတို့၏ လက်ထက်တွင် တန်ဖိုးထားခံရသူတို့ ပိုမိုတိုးတက် အဆင်ပြေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။
အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် အားကစားကွင်းရှိရမည်။ အထောက်အပံ့ပစ္စည်းများ ပြည့်စုံရမည်။ နည်းစနစ်ပိုင်း၊ နည်းပြပိုင်းကောင်းရမည်။ အားပေးထောက်ပံ့သော ပရိသတ်ရှိရမည်။ Talent ရှိသော၊ Skilful ဖြစ်သော အားကစားမောင်မယ်များ ရှိရမည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခင်အစိုးရလက်ထက်က ရှိခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ သီးခြားစီခွဲ၍ ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်များကို ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ပြုစုပျိုးထောင် ပေးသွားလို၍ဖြစ်ပါသည်။
နိုင်ငံ့အကြီးအကဲအနေဖြင့် ရောက်ရှိခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီး သီးတွင် အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းလမ်းညွှန်မှုများကိုလည်း ချမှတ်ပေးခဲ့ပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ အားကစားကွင်း/အားကစားရုံများနှင့် အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေး (၅)နှစ်စီမံကိန်း ကာလတွင် အားကစားကွင်း(၃၀) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ အားကစားရုံ မရှိသေးသည့် မြို့နယ်များအတွက် နှစ်ထပ်လျှာထိုးကြမ်းခင်းပါ အားကစားရုံ ၂၆ ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ၊ ဒိုင်ဗင်ကန်ပါအဆင့်မီ ရေကူးကန်လေးခု တည်ဆောက်ခြင်းလုပ်ငန်းများ၊ မီတာ ၄၀၀ ပြေးလမ်း Synthetic Track ပြေးလမ်းခင်းခြင်းနှင့် အသစ်လဲလှယ်ခြင်း လုပ်ငန်း ခုနစ်ခု၊ အားကစား ဥယျာဉ်စီမံကိန်း လေးခု တည်ဆောက်ခြင်း လုပ်ငန်းများ၊ အားကစားသိပ္ပံကျောင်း လေးကျောင်း တည်ဆောက်ခြင်း လုပ်ငန်းများ၊ အားကစားလေ့ကျင့်ရေး စခန်း ခုနစ်ခုတည်ဆောက်ခြင်းလုပ်ငန်းများအား စီမံကိန်းကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပုံမှန်သမားရိုးကျ နည်းစနစ်များအပြင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ခေတ်မီနည်းပညာများ ဖြစ်သည့် Sports Science, Sports Medicine, Sports Nutrition,Sports Psychologyများကို အများနိုင်ငံများ နည်းတူ ရင်ပေါင်တန်းနိုင်စေရန် အတွက် လိုက်ပါလုပ်ဆောင် ကြရမည်ဖြစ်ပါသည်။
အရည်အချင်းရှိသော နည်းပြကောင်းများ ပေါ်ထွန်းလာရေးအတွက်လည်း အားကစားသမားများနည်းတူ ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါသည်။ ထို့အတူ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်အပြည့်အဝဖြင့် မိမိနိုင်ငံဘက်က ရပ်တည်အားပေးကြမည့် ပရိသတ် တစ်နည်း အားဖြင့် ပြည်သူများသည်လည်း အားကစားသမား အတွက်ရှိနေရမည်ဖြစ်ပါသည်။
ယှဉ်ပြိုင်ရမည့် အားကစားသမားများအတွက် မိမိတို့ကိုအားပေးနေသည့် ပရိသတ်ထုသည်လည်း ပြိုင်ဘက်ကို ယှဉ်ပြိုင်ဖို့အတွက် ခွန်အားတစ်ရပ်ပင် မဟုတ်ပါလား။ Talent နှင့် Skilful ဖြစ်သော အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေးအတွက် ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်မှသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အားကစား ပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲများကို နှစ်စဉ်ပုံမှန် စဉ်ဆက်မပြတ် ကျင်းပပေးနေရမည် ဖြစ်ပါသည်။ ထိုပြိုင်ပွဲများမှတစ်ဆင့် ရွက်ပုန်းသီး နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်များ ပေါ်ထွက်လာနိုင်ပေသည်။ အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းများ၊ ဘောလုံးအကယ်ဒမီကျောင်းများမှလည်း မျိုးဆက်သစ်အား ကစားသမားတို့ကို မွေးထုတ်ပေးလျက်ရှိပါသည်။
ယခုနိုင်ငံ့အကြီးအကဲသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တပ်မတော်တာဝန်များကို ထမ်းဆောင်စဉ်ကတည်းက အားကစားနှင့် ပတ်သက်လာလျှင် အားပေးချီးမြှင့်ခဲ့သူဖြစ်ပါသည်။ ဥပမာအနေနှင့် ပြောရမည်ဆိုလျှင် တပ်မတော်တွင်းပြိုင်ပွဲများဖြစ်သည့် တပ်ရင်း/တပ်ဖွဲ့အဆင့်မှ တိုင်း/တပ်မအဆင့်၊ ထိုမှတစ်ဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊ လေ) အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင် စွမ်းဆောင်ရည် စစ်ဆေးမှုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းတို့ဖြင့် ယှဉ်ပြိုင်စေခဲ့ပါသည်။ ထိုသို့ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာမှ ပေါ်ထွက်လာသည့် လက်ရွေးစင် အားကစားသမားများကိုလည်း တပ်မတော်က မြေတောင်မြှောက်ပေးနိုင်ခဲ့သည့်အတွက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၊ International Army Games ၊ နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ၊ SEA GAMES ပြိုင်ပွဲအစရှိသည် တို့တွင် တပ်မတော်သား လက်ရွေးစင်များသည်လည်း ဆုတံဆိပ်များစွာကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ နိုင်ငံ့ဂုဏ်၊ တပ်မတော်ဂုဏ်ကို ဆောင်သော တပ်မတော်သားများကိုလည်း ထိုက်ထိုက်တန်တန်ဆုများ ချီးမြှင့်ခဲ့သူဖြစ်ပါသည်။ ထို့ပြင် တပ်မတော်အနေဖြင့် တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့၊ တပ်မတော် အားကစားနှင့် ကာယပညာ ကော်မတီများ ဖွဲ့စည်းထားရှိပြီး တပ်မတော်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာအောင် စဉ်ဆက်မပြတ်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသူဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာလည်း ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် အသက် ၆၀ ပြည့်မြောက်သည့်အချိန်မှစ၍ သက်ရှိထင်ရှား ရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိပါသည်။ ယနေ့အထိ အားကစားသမားကြီး ၂၃၀ ဦး ကို လစဉ် ကျပ်တစ်ရာငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက်ရှိသည်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန်ဒုတိယအဆင့် ၃၉ ဦးနှင့် လူမှုထူးချွန်(တတိယအဆင့်) ၆၉ ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ်ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်ပြီး ယခုလက်ရှိပြိုင်ပွဲများတွင် ဆုရရှိသူအားကစား မောင်မယ်များ အနေနှင့်လည်း ထိုအခွင့်အရေးကို ရရှိမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် အားကစားသမားအတွက် ဘဝနောင်ရေး စိတ်အေးရပြီဟု ကြည်နူးခံစားမိပါသည်။
(၃၁)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်က အားသာချက်၊ အားနည်းချက် အတွေ့အကြုံများကို သင်ခန်းစာ ဖော်ထုတ်ကာ ယခု (၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲတွင် ပိုမိုအောင်မြင်နိုင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အားကစားမောင်မယ်တို့အား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အားကစား ပညာရပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတို့၌ များစွာ အထောက်အပံ့ပေးခဲ့ခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်ပါသည်။
အားကစားရွှေခေတ်ဖြစ်ခဲ့သော တစ်ချိန်က ထင်ရှားသော မြန်မာ့အားကစားသမားများ ဖြစ်သည့် ပြေးခုန်ပစ်လက်ရွေးစင်ဖြစ်သော ဂျနီဖာသန်းသန်း ၊ ဒေါ်ခင်ခင်ထွေး၊ ကျော်သက် ၊ သံလုံးပစ်နှင့် ဘော်လီဘောလက်ရွေးစင် ဂျနီဖာတင်လေး၊ ရေကူး တင်မောင်နီ၊ တာဝေးအပြေးဘုရင် ရှင်မွေးဂန်း၊ လက်ဝှေ့သမားများ ဖြစ်ကြသော တင်ထွန်းနှင့်သိန်းမြင့်၊ ဘောလုံးလောကတွင် ဗဟာဒူး၊ ဂိုးတင်အောင်၊ နောက်ခံလူ မောင်မောင်၊ ဦးအေးမောင်ကြီး၊ ဦးတင်ဟန်၊ ဦးဝင်းမောင်၊ ဦးဘပု အစရှိသူတို့ ပေါ်ထွက်ခဲ့ကြသည်။ ယနေ့အားကစားမောင်မယ်တို့သည်လည်း တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားကာ နိုင်ငံ့ဂုဏ်မြှင့်တင်ပေးခဲ့ကြသော စီနီယာ အားကစားသမားကြီးတို့ကဲ့သို့ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။
အားကစားပြိုင်ပွဲများတွင် ဘောလုံးအားကစား နည်းသည်လည်း မြန်မာသာမက ကမ္ဘာတွင်ပါ လူကြိုက်များလှသော အဓိက အားကစားတစ်ခုဖြစ်ပါသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်အတွင်း မြန်မာဘောလုံးအသင်းသည် အာရှအထိ ခြေစွမ်းပြနိုင်ခဲ့ကာ အာရှကျားဟု တင်စားခေါ်ဝေါ်ရလောက်အောင် မြန်မာ့ဘောလုံး ရွှေခေတ်ဖြစ်ခဲ့သော ကာလများဖြစ်ပါသည်။ ဘောလုံးအားကစားတွင်လည်း တစ်ချိန် က အောင်မြင်ခဲ့ဖူးသော အောင်မြင်မှုများကို ပြန်လည်ရယူနိုင်ရေး၊ ရွှေတံဆိပ်ဆု ရရှိရေးကို အမျိုးသားရေးအဖြစ် ဦးတည်ပြီး အောင်မြင်အောင် ကြိုးစားကြရမည်ဖြစ်ပါသည်။
နိုင်ငံအလိုက်ယှဉ်ပြိုင်ကြသော ယခုကဲ့သို့ SEA GAMES ပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ နိုင်ငံတော်အတွက် ဆုတံဆိပ် များရရှိရေး ကြိုးပမ်းကြရမည်ဖြစ်သည်။
သို့မှသာ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့် တင်ပေးရာရောက်မည်ဖြစ်ပြီး နိုင်ငံတကာ အလယ်တွင် အမိမြန်မာနိုင်ငံအလံ လွှင့်တင်နိုင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့ကာ မြန်မာဟု ဂုဏ်ယူဝင့်ကြွားနိုင်မည်ဖြစ်သည်။
၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် အားကစား ထိပ်တန်းနိုင်ငံများထဲမှ တစ်ခုဖြစ်သည့်အတွက် အိမ်ရှင်ထိုင်းနိုင်ငံ ဆီကရွှေတံဆိပ်ကို ရရှိရေး အစွမ်းကုန် ကြိုးစားစုဖွဲ့ လေ့ကျင့်သွားရမည်ဖြစ်ပါသည်။
(၃၂)ကြိမ်မြောက်ထက် ပိုမိုသောဆုတံဆိပ်များ ရယူဆွတ်ခူးနိုင်ဖို့ကိုလည်း မြန်မာပြည်သူ တစ်ဦးအနေဖြင့်မျှော်လင့်မိပါသည်။
အားကစားဆိုသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့် အခြေခံအချက်များပေါ်တွင် မူတည်လျက်ရှိသဖြင့် အထက်ပါ အရည်အသွေးများနှင့် ပြည့်ဝအောင်ကြိုးပမ်း ဆောင်ရွက်သွားရမည်မှာ အားကစားမောင်မယ်တို့၏ တာဝန်ပင်ဖြစ်ပါသည်။ ထို့ပြင် မိမိတို့၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အလေ့အကျင့်တို့ကို စဉ်းစားဆင်ခြင်ဉာဏ်၊ လျှပ်တစ်ပြက် ဖြတ်ထိုးဉာဏ်၊ မှန်ကန်သည့်အယူအဆ၊ မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များနှင့် ပေါင်းစပ်အသုံးချ ယှဉ်ပြိုင်ခြင်းဖြင့် အောင်ပွဲဆင်နိုင်မည်ဖြစ်ပါသည်။ အားကစား ဆိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့် အညီ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်ပါသည်။ မိမိအသင်း၊ မိမိနိုင်ငံအတွက် နောက်ဆုံးမိနစ်၊နောက်ဆုံးစက္ကန့် အပိုင်းအခြားအထိ ပြိုင်ဘက်ကိုအလျှော့မပေးဘဲ အားကစားစိတ်ဓာတ်အပြည့်နှင့် ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ့ပုံရိပ်ကိုမြှင့်တင်မည် ဟူသည့်ခံယူချက်ပင်ဖြစ်သည်။ အားကစားသမားကောင်း တစ်ယောက်၏ အောင်မြင်မှုနှင့် ထင်ပေါ်ကျော်ကြားမှုများသည် ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ ၎င်း၏ကိုယ်စားပြု နိုင်ငံကိုပါ အလိုလို မြှင့်တင်ပေးပြီးသားဖြစ်သည့်အတွက် လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲခံ ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်ချက်ခိုင်မာစွာဖြင့် နောင်လာမည ့်ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ။
အေးကျော်(ရူပဗေဒ)