ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဇွန် - ၁၃

ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ​ဆောင်ရွက်​ပေးနိုင် ရန် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် စဉ်ဆက်မပျက် ပို့ဆောင်ပေးလျက် ရှိသကဲ့သို့ အရပ်ဘက် ကုမ္ပဏီများမှ ရေယာဉ်များ ဖြင့်လည်း ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် ကုန်တန် ချိန် ၃၅၀၀ တင်ဆောင်နိုင်သော MV .Royal Venus အမည်ရှိရေယာဉ်သည် ကုန်တန်ချိန် ၃၄၆၂ တန်အားတင်ဆောင်၍ လည်းကောင်း၊ ကုန်တန်ချိန်၂၅၀၀ တန် တင်ဆောင်နိုင်သော MV .WERU PACK KHA အမည်ရှိရေယာဉ်သည် ကုန်တန်ချိန် ၂၂၀၀ တန်ချိန်အား တင်ဆောင်၍ လည်းကောင်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ခံ တံတားမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်းသိရသည်။

အဆိုပါ MV Royal Venus ရေယာဥ်ပေါ်၌ တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် ဝန်းကြီးဌာနများမှ လှူဒါန်းပေးပို့သော အမိုးသွပ် ၁၀၈၀၀၀ ချပ် ၊ဆယ်တင်အမိုးသွပ် ၂၉၀၀၀ ချပ်၊ဘိလပ်မြေအိတ် ၈၀၀၀ အိတ်၊ သံချောင်းလုံး ၄၀၀ တန်၊ သစ် ၃၅ တန်၊ ထောင့်သံ ၂၀၀ တန်၊အုတ် ၂၃၀၀၀၀ လုံး၊ ဝန်သယ်ယာဉ် နောက်တွဲပါ တစ်စီး၊ စက်သယ်ယာဉ်နောက်တွဲပါ တစ်စီး၊ ဖော့ကလစ် တစ်စီး၊ ဆန် ၅၆ အိတ်၊ အာလူး ၁၅၀ ပိဿာ၊ ခေါင်အုပ်သွပ် ၁၂၀ တန်၊ ကွန်ကရစ်ပိုက်လုံး ၁၅ လုံး၊ သံပြား လေးချပ်၊ ရေသန့်ကားနှစ်စီး၊ အောက်စီဂျင်အိုး ၂၇ လုံးကို တင်ဆောင်သွားခဲ့ပြီး MV.WERU PACA KHA ရေယာဉ်ပေါ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသောပစ္စည်း များ၊ ဝန်ကြီးဌာနများမှ လှူဒါန်းသော ပစ္စည်းများ၊ ဌာနဆိုင်ရာများမှ လှူဒါန်းသော ပစ္စည်းများနှင့် ထိုင်းနိုင်ငံမှ လှူဒါန်းသောပစ္စည်းများပါရှိပြီး ရေယာဉ်များ ထွက်ခွာချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်နှင့် တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက်ကြကြောင်းသိရသည်။

အဆို ရေယာဉ်များ စစ်တွေမြို့သို့ရောက်ရှိပါက ၎င်းတို့  သယ်ဆောင်လာ သည့် စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။