ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၅    
 ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၁၂ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၂၅ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၅၁ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၄၆ ကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။    
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်နှင့် တန့်ယန်းမြို့နယ်၊  ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊့ ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိမြို့နယ်ပေါင်း ၃ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် ကျွန်းစုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။